ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန်လ ၂၄ ရက် ထိပ်တန်း သတင်းများ - ခင်ဦးမြို့နယ် တဲစုကျေးရွာကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး ၇ ဦးဒဏ်ရာရ
ဖရူဆိုမှာ လေကြောင်းနဲ့လာပစ်လို့ နေအိမ် ပျက်စီးမှုတွေရှိ ဒေသခံတစ်ဦးသေဆုံး
ဒီကနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းက ကရင်နီပြည်နယ်၊ ဖရူဆိုမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြရသလို နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
"ဒီကနေ့ မနက် ၄ နာရီကျော်လောက်က လေယာဉ်လာသွားတယ်။ အဲဒီအစောပိုင်းကလည်း လက်နက်ကြီးသံတွေ ကြားရတယ်။ လေယာဉ်နဲ့ လာပစ်တာ သုံးရက်ဆက်တိုက်ရှိပါပြီ။ ၂၀၂၃ ခုနှစ်ထဲမှာ ဒီလို လေကြောင်းလာပစ်တာ ဒါ ပထမအကြိမ်ပြန်ဖြစ်တာ။ ဖရူဆိုမြေပြင်မှာ တိုက်ပွဲတော့ မရှိဘူး။ မနေ့က လေကြောင်းလာပစ်တာလည်း ဒေသခံတစ်ဦးသေတယ်။ နှစ်ဦး ဒဏ်ရာရတယ် " လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ ဖရူဆိုထဲက ကျေးရွာတွေက နေအိမ် ၁၅ လုံးထက် မနည်း ပျက်စီးသွားသလို ဒေသခံ တွေ ထောင်နဲ့ချီ ပြေးလွှားတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံတွေဘက်က လေကြောင်းနဲ့လာပစ်ခတ်လို့ ဒေသခံ တစ်ဦးသေဆုံးသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကိုလည်း ဘီဘီစီက ဖရူဆိုအပါအဝင် ကရင်နီပြည်နယ်ဘက်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီက ကား အစီး ၂၀ လောက်နဲ့ စစ်အင်အားတွေ ထပ် ဖြည့်နေတာတွေရှိသလို စစ်ယာဥ်တန်းသွားတဲ့ လမ်းကြောင်းတွေမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ် ရှင်းလင်းနေတာတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မယ်စဲ့က စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်ခံရ
မနေ့ ဇွန်လ ၂၃ ရက်တုန်းက ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ မယ်စဲ့မြို့အရှေ့ဘက်ခြမ်းက စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲစဖြစ်ခဲ့တဲ့ ဇွန် ၁ ၃ ရက်ကနေ ဆယ်ရက်အတွင်း စစ်ကောင်စီရဲ့ ငါးခုမြောက် စခန်းကုန်း အသိမ်းခံလိုက်ရတာလည်း ဖြစ်ပါတယ်။
"အခုနေရာက စစ်ကောင်စီအတွက် အရေးပါတဲ့ ဗျူဟာကုန်းဖြစ်တယ်။ မယ်စဲ့မှာက နယ်စပ်စည်းမှာရှိတဲ့ BP (Border Post ) ၁၃ စခန်းတစ်ခုပဲ ကျန်တော့တယ်။ လတ်တလော မယ်စဲ့ကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပြီ" လို့ ကရင်နီစစ်ဖက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ မယ်စဲ့၊ ဖားဆောင်းတလျှောက်ကို စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ နာရီနဲ့ချီ ပျံဝဲနေပြီး ပစ်ခတ်တိုက်ခတ်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
မယ်စဲ့နဲ့ ဖားဆောင်းအစပ် သံလွင်တံတားအရှေ့ဘက်မှာလည်း စစ်ကောင်စီတပ်တွေ လှုပ်ရှားနေကြပြီး ဖားဆောင်းဘက်ကို စစ်ကြောင်းထိုးလာရင် တိုက်ပွဲထပ်ဖြစ်မယ့်အနေအထားရှိနေတယ်လို့ ဖားဆောင်း PDF က ပြောပါတယ်။
တခါ ဘော်လခဲမြို့ပေါ်က စစ်ကောင်စီတပ်တွေစခန်းချနေတဲ့ တိုင်းရင်းဆေး ဆေးရုံဝင်းထဲက စခန်းကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က ဒီမနက်မှာပဲ ဝင်ရောက်တိုက်ခတ်တဲ့ ဖြစ်စဉ်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခု ဘော်လခဲခရိုင်ထဲက နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်လို့ ကရင်နီတော်လှန်ရေးပူးပေါင်းအင်အားစုတွေဘက်က တိတိကျကျ ထုတ်ပြောလာတာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
ခင်ဦးမြို့နယ် တဲစုကျေးရွာကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး ၇ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်ထဲက တဲစုကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီလောက်ကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ တစ် ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ဒီကနေ့ မနက်ပိုင်းက ခင်ဦးမြို့နယ်က တဲစုရွာက တဲစုတံတား နဲ့ ကျေးရွာဘက်ကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီး တစ် ဦး သေဆုံးခဲ့သလို ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
" သေတာက တဲစုရွာက တစ်ယောက်ပါ။ အသက် ၄၀ အရွယ် အမျိုးသမီး ပါ။ နှစ်ဦးသေတာလို့ ကြားပေမဲ့ အတည်မပြုနိုင်ဘူး။ တစ်ဦးပဲ အတည်ပြုနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့လည်း ပြေးနေရလို့ပါ။ ဒဏ်ရာရတာလည်း ၇ ဦးဆိုတာ အနည်းဆုံးပါပဲ။ စစ်တပ်က ဘာသတင်းရတယ်မသိဘူးဗျ၊ ရွာထဲ လက်နက်ကြီးနဲ့ တန်းပစ်တော့ ပြည်သူတွေ အထိများကြတာ" လို့ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာက ပြည်သူတစ်ဦးက ပြောပါတယ်။
အခု နေ့လယ် ၁၁ နာရီ ခွဲ ဝန်းကျင်မှာတော့ စစ်ကြောင်းဟာ မြစ်တော်ကျေးရွာထဲကိုဝင်ရောက်စစ်ကြောင်းထိုးနေပြီး တဲစု၊ မြစ်တော်၊ ကျေးရွာတွေအပြင် နီးစပ်ရာကျေးရွာတွေဖြစ်တဲ့ ဂွေးကုန်း၊ ကံသစ်၊ အင်တိုင်းကြီး စတဲ့ ကျေးရွာတွေ က လူဦးရေ ထောင်နဲ့ချီဟာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့သူ ၄၀၀၀ နီးပါး ရှိလာလို့ AAPP က ထုတ်ပြန်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ အထိ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၃၆၉၂ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ကလည်း ၂၃,၄၄၁ ဦးရှိပြီး အဲဒီ ထဲကမှ ၁၉,၀၉၆ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှာလည်း ၆,၅၀၆ ဦးက ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း လက်နက်ကြီးကျည်ကြောင့် ၃၅၄ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၁၄ ဦး နဲ့ သေဆုံးမှုအများဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ PDF တွေဘက်က တိုက်ခိုက်လို့ သေဆုံးရသူ အရပ်သား ၄၆၄၅ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
ညောင်ပင်ကြီး ကျေးရွာထဲက ရွှေအင်လေး ရပ်ကွက် မီးရှို့ခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးကျေးရွာ ၊ ရွှေအင်းလေးရပ်ကွက်ကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး သုံးနေရာခွဲပြီး မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေကတော့ ဒီကနေ့ မနက်ပိုင်းကတည်းက ညောင်ပင်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေက ရွှေအင်းလေးရပ်ကွက်ထဲကို အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီးနောက် ဝင်ရောက်မီးရှို့နေတာလို့ ပြောကြပါတယ်။
"ယင်းမာပင်ခရိုင် တပ်ရင်း ၁ က ဦးဆောင်ပြီး ညောင်ပင်ကြီးရဲစခန်းကို သိမ်းပိုက်လိုက်ရာက စပြီး သူတို့က ညောင်ပင်ကြီးကို ဆက်တိုက် မဲတော့တာပဲ။ မီးရှို့တာတွေ ရက်ဆက်လုပ်တယ်။ မလုပ်တာ နှစ်ရက်ပဲ ရှိသေးတယ်။ လေယာဉ်နဲ့လည်း လာပစ်တယ်။ ခု မနက်ကျ မီးကို သုံးနေရာခွဲပြီး မီးရှို့နေတယ်။ ပြေးနေရသူတွေလည်း အားလုံးဆို သောင်းချီနေပြီ။ သူတို့ စစ်လိုင်းခန်းဆောက်မယ်ဆိုပြီး ဒေသခံတွေကို ပေါ်တာဆွဲတာတွေလည်းရှိတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်းထဲက PDF သင်တန်းဆင်းပွဲမြင်ကွင်းများ
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပေးမှု မြင်ကွင်းတွေဖြစ်ပါတယ်။
ဟူးကောင်းခရိုင် ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေ အဖြစ် ကေအိုင်အေ ထုတ်ပြန်
ကချင်ပြည်နယ်၊ ဟူးကောင်းခရိုင်ထဲက ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေ ဆိုပြီး ကေအိုင်အေ အမှတ်(၁၄)တပ်ရင်းက ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီနယ်မြေအတွင်းမှာ ရွှေတူးဖော်တာ၊ ငါးဖမ်းတာ၊ တောင်ယာလုပ်တာ ၊ စက်ယန္တာရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာတွေကို အလုပ်အကိုင်မရှိတာကို အကြောင်းပြပြီး နယ်မြေအတွင်းနေထိုင်တာတွေ မပြုလုပ်ဖို့ ထုတ်ပြန်စာထဲမှာပါရှိပါတယ်။
သတ်မှတ်လိုက်တဲ့ ကန့်သတ်နယ်မြေအတွင်း နေထိုင်သူတွေကို ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ နဲ့ အသိပေးတဲ့ နေ့ကစပြီး ကန့်သတ်နယ်မြေအတွင်းရောက်ရှိနေတဲ့ လူပုဂ္ဂိုလ် ဘယ်သူကိုမဆိုအရေးယူသွားမယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
“ဒီနားမှာရှိတဲ့သူတွေက(ရှဒူဇွပ်) တစ်ပိုင်တစ်နိုင်ပဲရှိတယ်။ အင်နဲ့အားနဲ့တူးတဲ့သူတွေကပြောင်းကုန်ပြီ။ အခုက မဖြစ်နိုင်လို့ မတတ်နိုင်လို့ ရွှေတူးစားတဲ့သူတွေတော့ရှိတယ်။ အခု စာထုတ်တယ်ဆိုတော့ နားကြမှာပေါ့။ ဘယ်တတ်နိုင်မလဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရှဒူဇွပ်ဒေသခံတွေကတော့ စာနဲ့ပတ်သက်ပြီး ၂၅ရက်နေ့နောက်ဆုံးဖြစ်တာကြောင့် လွှတ်ကျောင်းထားတဲ့ မိမိတို့ရဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေကို ပြန်လည်သိမ်းဆည်းခေါ်ယူတာတွေ ပြုလုပ်နေပြီး တချို့နေရာတွေကိုတော့ ကေအိုင်အေက မသွားဖို့ ညွှန်ကြားတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒီညွှန်ကြားချက်ထွက်အပြီးမှာတော့ အဲဒီအနီးတဝိုက်က တောင်ယာနဲ့လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်တဲ့ ဒေသခံတချို့ အခက်တွေ့နေတယ်လို့သိရပါတယ်။
အခုလို ကန့်သတ်နယ်မြေ သတ်မှတ်ရတာဟာ ရှဒူးဇွပ်မှာ ဦးမင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက မိုင်းထောင်ခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်သောကြောင့် ကန့်သတ်ရခြင်းဖြစ်တယ်လို့ ပါရှိပါတယ်။