ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေတပ်သင်္ဘောတစ်စီး ပစ်ခတ်ခံရ
ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းမှာ မြန်မာ အလယ်အလတ်မှာရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ်စဥ်ထုတ်ပြန်တဲ့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှာ အဆင့် ၇၁ မှာ ရပ်တည်နေပြီး အလယ်အလတ် ငတ်မွတ်ခေါင်းပါးမှုသာ ရှိတဲ့ အခြေအနေလို့ ဖော်ပြပါတယ်။
၂၀၁၈ ခုနှစ်က အဆင့် ၆၈ နဲ့ ယှဥ်ရင် အခြေအနေပိုဆိုးလာပေမယ့် ၂၀၂၀ တုန်းက အဆင့် ၇၈ နဲ့ယှဥ်ရင် အနည်းငယ်တက်လာတာ တွေ့ရပါတယ်။
ဒီအညွှန်းကိန်းကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ Concern Worldwide နဲ့ Welthungerhilfe တို့က သုတေသနပြုစု ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီအညွှန်းကိန်းဟာ ကမ္ဘာမှာရော နိုင်ငံတစ်ခုချင်းစီမှာပါ ငတ်မွန်ခေါင်းပါးမှုအခြေအနေကို တိုင်းတာဖော်ပြပေးတာ ဖြစ်ပါတယ်။
ငတ်မွတ်ခေါင်းပါးမှု အများဆုံးနိုင်ငံတွေထဲမှာတော့ စစ်ပွဲဒဏ်ခံနေရတဲ့ ယီမင်အပြင် အာဖရိကနိုင်ငံတွေ အများအပြားပါဝင်ပြီး ဗဟိုအာဖရိက၊ ကွန်ဂို၊ ချတ်ဒ် စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။
မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ ငတ်မွတ်ခေါင်းပါးမှုစာရင်းမှာ ၁၀၇ နိုင်ငံမြောက်မှာ ရှိနေပါတယ်။ အိန္ဒိယဟာ တောင်အာရှဒေသမှာ အာဖကန်နစ္စတန်ပြီးရင် ငတ်မွတ်ခေါင်းပါးမှုအများဆုံး ဖြစ်ပါတယ်။ ဒီညွှန်းကိန်းဟာ အစားအစာရှားပါးမှု၊ လူတွေရဲ့အဟာရချို့တဲ့မှု၊ ပုံမှန်ထက် အလေးချိန်လျော့နည်းတဲ့ အသက် ၅ နှစ်အောက် ကလေးအရေအတွက်၊ ကလေးသေဆုံးမှု စတဲ့အချက်တွေနဲ့ တိုင်းတာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ထိုင်း-မြန်မာနယ်စပ် ၊ထိုင်းနိုင်ငံ မဲဆောက်မြို့တဖက်ကမ်း ကရင်ပြည်နယ်၊ မြဝတီမြို့က အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး ကား ၃ စီးမီးလောင်တယ်လို့ မြို့ခံတွေကပြောပါတယ်။
မြဝတီမြို့လယ်ခေါင် ဘုရားကြီးအနီး၊ စျေးကြီးအနီးမှာ ပေါက်ကွဲမှုအရင်ဖြစ်ပြီး နောက် အမှတ် ၁ တံတားအနီးမှာထပ်ပြီးပေါက်ကွဲမှုဖြစ်တာလို့ဆိုပါတယ်။
ပေါက်ကွဲပြီးနောက် သေနတ်ပစ်ဖောက်သံလိုကြားရတယ်လို့ဒေသခံတွေကပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
စျေးကြီးနားကပေါက်ကွဲမှုမီးလောင်မှုကတော့ မီးကူးစက်မှုများလာလို့ မြို့ခံအချို့ အထုတ်အပိုးတွေသိမ်းဆည်းကြတဲ့အထိဖြစ်နေကြပြီးစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
''ကားနဲ့ဗုံးလာပစ်သွားတာလို့ အဲဒီနားကလူတွေကတော့ ပြောကြတယ်။ ပေါက်တဲ့အသံကလည်း အကျယ်ကြီးပဲ။ဗုံးပေါက်တာပဲပြောရမှာပေါ့။ အန္တရာယ်များတော့ အဝေးကနေပဲကြည့်ကြတယ်။ မကပ်ရဲကြဘူး။ ပေါက်ပြီးတာနဲ့ မီးလောင်နေတာ'' လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ ည ၁၀ နာရီကျော်အချိန်မှာ အကြီးစားပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦနဲ့ ကားတွေ ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိမှာတော့ စျေးကြီးတဝိုက်မှာ မီးသတ်တွေရောက်လာပေမဲ့ မီးမထိန်းနိုင်သေးဘူးလို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
တရုတ် HOZON Auto မြန်မာ့လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်မယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း စွမ်းအင်သုံးကားတွေထုတ်လုပ်တဲ့ တရုတ်နိုင်ငံက HOZON Auto က မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကားဈေးကွက်ကိုဝင်ရောက်ဖို့အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Grand Sirius Company Limited ("GSE") နဲ့ ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ထိုးတယ်လို့ တရုတ်ဘက်ကလာတဲ့ သတင်းတွေကဖော်ပြပါတယ်။
သူတို့ ကုမ္ပဏီနှစ်ခုကြားပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ရက်အတွင်း လက်မှတ်ရေးထိုးခဲ့တာလို့ဆိုပါတယ်။
သဘောတူညီချက်အရ HOZON Auto ကသူထုတ်လုပ်တဲ့စွမ်းအင်သုံး NETA U နဲ့ NETA V တို့ရဲ့ ဝန်ဆောင်မှုတွေကို မြန်မာပြည်တွင်းအတွက် မိတ်ဆက်ပေးနိုင်ဖို့ ပူးပေါင်းတာလို့ပြောဆိုထားကြောင်းသတင်းတွေကဖော်ပြပါတယ်။
စစ်ကောင်စီဘက်ကနေ လာမယ့်နှစ်တွေအတွင်း စွမ်းအင်အသုံးပြုမော်တော်ယာဉ် (NEV) ဈေးကွက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး မက်လုံးပေးတဲ့မူဝါဒအချို့ကို ထုတ်ပြန်ခဲ့တယ်လို့ HOZON Auto ကပြောထားကြောင်းလည်း သတင်းတွေအရနားလည်ရပါတယ်။
တခါ လက်ရှိကာလဟာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်နေလို့ လျှပ်စစ်ကား(EVs) တွေကို ပိုမိုသုံးစွဲလာအောင် တွန်းအားပေးမှုဖြစ်လာတာက မြန်မာနိုင်ငံမှာ NEV ဈေးကွက် ဖြစ်လာဖို့ အလားအလာကောင်းတစ်ခုလို့ ဆိုပါတယ်။
HOZON Auto ရဲ့ ပြည်ပဈေးကွက်မြင့်တက်လာခြင်းနဲ့အတူ အစ္စရေး၊ လာအို၊ နီပေါ၊ မြန်မာစတဲ့ နိုင်ငံတွေဆီ အခုနှစ်အတွင်းဝင်ရောက်ခဲ့ပြီး နိုင်ငံခြားဈေးကွက်တွေကနေ စက်တင်ဘာလမှာအစီးရေ ၅၀၀၀ကျော် လက်ခံရရှိထားတယ်လို့ကုမ္ပဏီဘက်ကလာတဲ့သတင်းတွေကဖော်ပြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မြန်မာနိုင်ငံတွင်း လျှပ်စစ်ရထားနဲ့ ကားစီမံကိန်းတွေလုပ်မယ်ဆိုတဲ့မကြာခဏပြောဆိုချက်တွေနောက်မှာ အခုလို တရုတ်ကကားကုမ္ပဏီတွေဘက်က ခြေလှမ်းတွေပြင်နေတာဖြစ်ပါတယ်။
ပြည်တွင်းကားစျေးကွက်ကျွမ်းကျင်သူတချို့ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာ လျှပ်စစ်မီးပြဿနာနဲ့အတူ အခြားအခက်အခဲတွေကြောင့် ဘယ်လောက်လက်တွေ့ကျမလဲဆိုတာစောင့်ကြည့်ရမယ်လို့ သုံးသပ်နေကြပါတယ်။
ဒါန်းတိုင်ရွာထဲ ပစ်ခတ်ခံရလို့ဒေသခံတွေသေဆုံးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ဒါန်းတိုင်ရွာထိပ်ကို ဒီကနေ့ အောက်တိုဘာ၁၅ရက် မနက်အစောပိုင်း၅နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက် နဲ့ ဒေသခံ သက်ကြီးရွယ်အို ၁ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမှာဒဏ်ရာရသူတွေနဲ့ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
''စစ်ကောင်စီက ရပ်ရွာလုံခြုံရေးစခန်းကို လက်နက်ကြီးနဲ့လာပစ်တယ်။ ဒေသကာကွယ်ရေးတွေဘက်ကပြန်ပစ်တော့ လူအင်အားနဲ့လက်နက်အင်အားမမျှတော့ ၃ယောက် အရှင်ဖမ်းခံရတယ်။ ၁ယောက်က ဒဏ်ရာရတယ်။ ၁ယောက်ကတော့သေသွားတယ်။ ရွာကလူတွေကတော့ထွက်ပြေးကြပြီ'' လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်ရတဲ့ ရွာခံတွေထဲ သက်ကြီးရွယ်အိုတွေပါဝင်ပြီး ရုတ်တရက်ပစ်ခတ်ခံရတဲ့ အခြေအနေဖြစ်လို့ ပိတ်မိသူတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဘုတလင် ဒါန်းတိုင်ရွာဖြစ်စဥ်နဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဖွဲ့စည်းပုံပါ အချက်တချို့ကို ပြင်မယ်လို့ စစ်ခေါင်းဆောင်ပြောလာ

ဓာတ်ပုံ ရင်းမြစ်, MRTV
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲက အချက်တစ်ချို့ကို ပြင်ဆင်ဖို့လိုမယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့မှာ ထုတ်ပြောလာပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးမှု ၇ နှစ်ပြည့်နှစ်ပတ်လည် မိန့်ခွန်းမှာ သူက အခုလိုပြောလာတာဖြစ်ပါတယ်။
‘’ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားများရဲ့တောင်းဆိုချက် လိုလားချက်တွေထဲက ဖြစ်နိုင်တာ၊ ဖြစ်သင့် တာတွေကို အကောင်အထည်ဖော်နိုင်ဖို့ တချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်သင့်တာတွေ ပြင်ရပါလိမ့်မယ်’’ လို့ သူက ပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပမယ်လို့ သူ့မိန့်ခွန်းထဲ ထုတ်မပြောသွားပေမဲ့ လွှတ်တော်မှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုဆွေးနွေးနိုင်ဖို့ အချိုးကျရွေးကောက်ပွဲ ကိုယ်စားလှယ် စနစ်(PR)ကို အသုံးပြုဖို့ကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ဆုံတိုင်းမှာ ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုင်းရင်းသားတွေကို ကိုယ်စားပြုမှု အများဆုံးဖြစ်တဲ့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုပြုချက်တွေ၊ ဥပဒေမူကြမ်းတွေဟာ ပြည်သူ့လွှတ်တော်နဲ့ သဘောထားကွဲလွဲမှုရှိတဲ့အခါ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင် လူအများစုဖြစ်တဲ့ပြည်သူ့လွှတ်တော်ကပဲ လွှမ်းမိုးသွားတာကို သူက ထောက်ပြပြီး ပီအာရ်စနစ်အသုံးပြုမယ့်အကြောင်းကို မိန့်ခွန်းထဲ ထည့်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့၊ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေထဲက နောက်ထပ် ၃ ဖွဲ့တို့နဲ့ နေပြည်တော်မှာ အကြိမ်ကြိမ် ဆွေးနွေးထားပြီးဖြစ်ပါတယ်။
အခုနောက်ဆုံးအနေနဲ့ စစ်ကောင်စီဟာ အဲဒီ ၁၀ ဖွဲ့ထဲက တောင်းဆိုချက်၊ လိုလားချက်တူတဲ့ အဖွဲ့တွေကို အစုအဖွဲ့အလိုက်တွေ့ဆုံနေပါတယ်။
တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်က ဒေသခံ ၆ ဦးကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, စီဂျေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က မနေ့ အောက်တိုဘာလ ၁၄ ရက် တစ်နေ့တည်းမှာတင် ဒေသခံ ၆ ဦးကို ဖမ်းဆီးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ချောင်းကောက်၊ ကံပိုင်နဲ့ ဂူတာရပ်ကွက်တို့က အမျိုးသားတွေဖြစ်ကြပြီး
ဖမ်းဆီးခံရတဲ့သူတွေထဲ လုပ်ငန်းရှင်တွေအပါအဝင် နိုင်ငံရေးနဲ့မပတ်သက်သူတွေလည်း မဟုတ်မမှန်တိုင်ကြားခံရပြီး အဖမ်းခံရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီအမျိုးသားတွေကို မနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လယ်ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာလို့လည်း ဆိုပါတယ်။
တောင်ကုတ်မှာ ပြီးခဲ့တဲ့တစ်လနီးပါးအတွင်း ဒေသခံ ၂၀ ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မြောက်ဦးနဲ့ တောင်ကုတ်အပါအဝင် ရခိုင်နဲ့နယ်စပ် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေမှာပါ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ သိရပါတယ်။
PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ နေအိမ်ချိပ်ပိတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်းချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခွန်မြင့်ထွန်းရဲ့ နေအိမ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာရှိပြီး ဘာကြောင့်ချိပ်ပိတ်တယ်ဆိုတာကို အာဏာပိုင်တွေဘက် အကြောင်းကြားတာမရှိဘူးလို့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ဘီဘီစီကိုပြောပါတယ်။
ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးစိုက်ထူဖွင့်လှစ်ထားခဲ့တာကြောင့် ချိပ်ပိတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
''မတရားသောစနစ်ဆိုးများဖျက်သိမ်းရာတွင်ပအိုဝ့်များ အင်အားစုတစ်ရပ်အနေနဲ့ပါဝင်ပါမည်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒက နဂိုကတည်းကရှိထားပြီးသားဖြစ်တယ်။ဒါ့ကြောင့် ပအိုဝ့် အမျိုးသား ဖက်ဒရယ်ကောင်စီကိုဖွဲ့ခဲ့တယ်၊ အဲဒီမှာလည်း စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးပြည်ထောင်စုတည်ဆောက်ရေးဒါကိုအဓိကလုပ်တာပေါ့။ အခုလည်း ဒီလိုချိပ်ပိတ်ခံရတယ်ဆိုတာ စစ်အာဏာရှင်စနစ်ဖြစ်နေသရွေ့ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုအဖြစ်တွေကကြုံကြရမှာပဲ။ဒီလိုမျိုးဖြစ်စဥ်ကတော့တိုင်းပြည်ထဲမှာ ကိုယ့်မိသားစုမှထူးထူးခြားခြားဖြစ်နေတာတော့မဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်လွတ်မှပဲကျွန်တော်တို့ဒီဒုက္ခတွေကလွတ်မှာပေါ့'' လို့ ခွန်မြင့်ထွန်းက ဘီဘီစီကိုပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက်ဖြစ်သလို ၁၉၉၀ ရွေးကောက်ခံအမတ်ဖြစ်တဲ့ ခွန်မြင့်ထွန်းဟာ လက်ရှိမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။
အခုချိပ်ပိတ်ခံရတဲ့နေအိမ်နေရာဟာ မိသားစုပိုင်ဖြစ်ပြီး NLD ပါတီ ရဲ့ ဆိုင်းဘုတ်နဲ့ အလံထောင်ပြီး ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ အဆက်ဆက် ပါတီရုံးအနေနဲ့ အသုံးပြုခဲ့တာလို့ ခွန်မြင့်ထွန်းကပြောပါတယ်။
အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်အတွင်း NLD ပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီထောက်ခံသူတွေနဲ့ ဒေသခံ နေအိမ်ပေါင်း ၁၀၀ လောက် ချိပ်ပိတ်ခံထားရတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း တဲ့အချိန်ကနေ ပြီးခဲ့တဲ့စက်တင်ဘာလအထိနေအိမ်၊ အဆောက်အဦ အရေအတွက် ၇၈၀ လုံးထက်မနည်း ချိပ်ပိတ်ခံထားရတယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေတပ်သင်္ဘောတစ်စီး ပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, yarhu
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ ချင်းတွင်းမြစ်ကြောင်း အောက်ဘက်ကို စုန်ဆင်းလာတဲ့စစ်ကောင်စီရေတပ် သင်္ဘောတစ်စင်းကို ဒေသကာကွယ်ရေးတပ်တွေဘက်က မနေ့ အောက်တိုဘာလ ၁၄ ရက်မှာ ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ရုပ်သံဖိုင်နဲ့ ထုတ်ပြန်လာပါတယ်။
အဲဒီရုပ်သံမှာတော့ ပစ်ခတ်ခံရပြီးတဲ့နောက် မြစ်အလယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတစ်စင်းအနောက်ပိုင်းဟာ လက်နက်ထိမှန်ပြီး မီးခိုးလုံးတွေတက်လာတာ မြင်တွေ့ရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းလာတဲ့ စစ်ကောင်စီရေတပ်သင်္ဘော ၂ စီးကို မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ချိန် ၁ စီးကို ထိမှန်ခဲ့တာပါတယ်။
ဒေသကာကွယ်ရေးတပ်ဘက်ကတော့ စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာ တွေကို နက်လက်ကြီး၊ငယ်တွေနဲ့ပစ်ခတ်လို့ အိမ်ခြေအချို့နဲ့ ဘုရားကျောင်းကန်တွေ ထိခိုက်ပျက်စီးတာ တွေရှိတယ်လို့ စစ်သင်္ဘောကို တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ချင်းတွင်း ဂျန်ဇီး ကာကွယ်ရေးအဖွဲ့က ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရေတပ်သင်္ဘော ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။








