ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းက ခရိုင်းမီးယားကို ပြန်သိမ်းယူဖို့ တိုက်နေတာလား
ပေါလ် အဒမ်စ်
သံတမန် သတင်းထောက်၊ ကိယက်ဗ်
ခရိုင်းမီးယား ကျွန်းဆွယ်ကို ယူကရိန်းရဲ့ အံအားသင့်ဖွယ် တိုက်ခိုက်မှုကို ဒီသီတင်းပတ်ထဲမှာ တွေ့မြင်ခဲ့ကြရပါတယ်။ ဒီတိုက်ခိုက်မှုက ရုရှား စစ်သင်္ဘောတွေနဲ့ ဒုံးတွေကို ထိမှန်ခဲ့ပါတယ်။
ပျက်စီးမှုတန်ဖိုးက ဒေါ်လာ ဘီလျံချီ ရှိနိုင်ပါတယ်။ ဆိုတော့ ၂၀၁၄ ကတည်းက ရုရှားက ကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကို ယူကရိန်းက ပြန်ယူဖို့ အဆင့်သင့်ဖြစ်နေပြီလား။
ခရိုင်းမီးယားက ရုရှားတို့အတွက် ခံတပ်ပါ။ အဲဒါကြောင့် အများကြီးမှန်းမထားဖို့တော့ အရေးကြီးပါတယ်။
"တိုက်ခိုက်မှုက ရည်မှန်းချက် နှစ်ခုရှိတယ်" လို့ ကိယက်ဗ် စစ်ရေးနဲ့ ဥပဒေရေး လေ့လာမှုဌာနက အိုလက်ဇန်းဒါး မူဆီယန်ကိုက ပြောပါတယ်။
"ပင်လယ်နက် အနောက်မြောက်ပိုင်း မှာ စိုးမိုးမှု စတင်နိုင်ဖို့နဲ့ တောင်ပိုင်းက ရုရှားရဲ့ ခံစစ်လိုင်း တော့ခ်မာ့ခ်နဲ့ မယ်လစ်တိုပိုးလ်နားမှာ သူတို့ရဲ့ ထောက်ပို့တွေ အားနည်းသွားစေဖို့တို့ ဖြစ်တယ်။"
တစ်နည်းပြောရရင် ခရိုင်းမီးယားက စစ်ဆင်ရေးကို တောင်ပိုင်းက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ အတူတွဲလုပ်နေတာ ဖြစ်ပါတယ်။
"အဲဒါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်" လို့ မူဆီယန်ကိုက ပြောပါတယ်။
ခရိုင်းမီးယားမှာ လတ်တလော ယူကရိန်း ဘာတွေ အောင်မြင်ခဲ့လဲ ကြည့်ပါမယ်။
ဗုဒ္ဓဟူးနေ့မှာ ယူကေနဲ့ ပြင်သစ်က ပေးထားတဲ့ တာဝေးပစ် ခရုစ်ဒုံးကျည်တွေက ဆီဗက်စတိုပိုးလ်ဆိပ်ကမ်းမှာ ရုရှားတို့ရဲ့ နာမည်ကျော် ပင်လယ်နက် စစ်သင်္ဘောအုပ်စုကို အကြီးအကျယ် ဖျက်ဆီးခဲ့ပါတယ်။
ဆီဗ်မူဇာဗော့ သင်္ဘောကျင်းမှာ မီးကျွမ်းမည်းတူးနေတဲ့ သင်္ဘောနှစ်စင်းကို ဂြိုဟ်တုပုံတွေထဲမှာ တွေ့ရပါတယ်။
ကမ်းတက်သင်္ဘောကြီး မင့်စ်ဟာ သုံးလို့မရအောင် အတော်ကြီးပျက်စီးသွားတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။
ဒါ့အပြင် ရုရှားတို့ရဲ့ ကီလိုကလပ်စ် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘာတွေထဲက ရော့စတော့ဗွန်ဒွန် ရေငုပ်သင်္ဘောလည်း "အကြီးအကျယ် ပျက်စီးသွားပုံ" ရပါတယ်။ အဲဒီရေငုပ်သင်္ဘော မိုင်ရာချီဝေးတဲ့ ယူကရိန်းထဲကို ကလီဘား ခရုစ်ဒုံးကျည်တွေ ပစ်ခတ်နေတဲ့ သင်္ဘောပါ။
ဒါတွေနဲ့အတူ ပင်လယ်နက် စစ်သင်္ဘာအုပ်စုကြီး တစ်ခုလုံးက သင်္ဘောတွေကို လွန်းတင် ပြုပြင်ဖို့ အရေးကြီးတဲ့ သင်္ဘာကျင်းတွေလည်း "လပေါင်းများစွာ" သုံးလို့ရတော့မယ့်ပုံ မရှိတော့ဘူးလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စနေနေ့မှာတော့ ယူကရိန်းက စိတ်၀င်စားစရာ အသေးစိတ်အချက်အလက်သစ်တွေကို ထုတ်ပြလာပါတယ်။
တိုက်ခိုက်မှုမှာ အထူးတပ်ဖွဲ့တွေက အရေးကြီးတဲ့နေရာက ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ မော်တော်ဘုတ်တွေနဲ့ သီးခြားဖော်ပြမထားတဲ့ "ရေအောက်သွားနည်းလမ်းတွေ"ကို သုံးပြီး ကမ်းခြေကို ရောက်စေခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် "အထူး နည်းပညာ လက်နက်တွေ" သုံးပြီး သင်္ဘောတွေကို ရှာဖွေ ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မီးငြိမ်းကာစ ဆီဗက်စတိုပိုးလ်မှာ ပိုပြီး ကြီးမားတဲ့ ညပိုင်း စစ်ဆင်ရေး ဖောက်ခွဲတိုက်ခိုက်မှုကို ယူကရိန်းတို့က လုပ်ခဲ့ပါတယ်။ ယက်ဗ်ပါတိုးရီးယား မြောက်ပိုင်း မိုင် ၄၀ လောက်က ရုရှားတို့ရဲ့ အဆင့်အမြင့်ဆုံး လေကြောင်းရန်ကာကွယ်ရေး စနစ် S-400 တစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို လှည့်စားဖို့ ဒရုန်းတွေနဲ့ ယူကရိန်းလုပ် နက်ပကျွန်း ဒုံးကျည်တွေကို ပူးတွဲ အသုံးပြုတဲ့ အဆင့်မြင့် စစ်ဆင်ရေးဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကနေ ခရိုင်းမီးယားကျွန်းဆွယ်က ရုရှားတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ အရေးကြီး အပိုင်းတစ်ခုကို ဖျက်ဆီးခဲ့တာပါ။
အချက်အလက်အနေနဲ့ ပြောရရင် ကိဗက်ဗ်ကို ရုရှားက တိုက်တုန်းက အဲဒီ နည်းလမ်း အတိုင်းပဲ ကြိုးပမ်းခဲ့ပေမဲ့ အမေရိကန်ပေးထားတဲ့ ပက်ထရီရော့ ဒုံးခွင်းဒုံးတွေကြောင့် ရုရှားတို့ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
ကြာသပတေးနေ့မှာ ခရိုင်းမီးယားကျွန်းဆွယ်က S-400 မြေပြင်က ဝေဟင်ပစ် ဒုံးစနစ်တစ်ခုကို ယူကရိန်းက ဖျက်ဆီးပစ်ခဲ့ပြီး ဒါဟာ တစ်လမပြည့်ခင်အတွင်း ဒီစနစ်ကို ဒုတိမြောက် တိုက်ခိုက်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
သြဂုတ် ၂၃ ရက်မှာ တာဟန်းကွတ် ကျွန်းဆွယ် အနောက်ဖျားက အိုလိန်းနစ်ဗ်မှာ ဒုံးပစ်လောင်ချာစနစ်နဲ့ အနီးအနားက ရေဒါစခန်းကို ယူကရိန်းက ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ခရိုင်းမီးယားမှာ ရုရှားတို့ S-400 ဒုံးပစ် လောင်ချာစနစ် ခြောက်ခုထက် ပိုမရှိဘူးလို့ ယူဆရပါတယ်။ အခု နှစ်ခု ဆုံးရှုံးသွားပါပြီ။
ဒါပေမဲ့ ဒါတွေက ယူကရိန်းတို့ရဲ့ လက်ရှိ စစ်ဆင်ရေးတွေထဲက တချို့ပဲ ရှိပါသေးတယ်။
ကမ်းလွန်ပင်လယ် ဓာတ်ငွေ့တူးဖော်စင်တွေက ရုရှားတို့ရဲ့ ရေဒါစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တာနဲ့ ဆီဗက်စတိုပိုးလ် ကမ်းခြေဝက ဒုံးကျည်တင် သင်္ဘောကို စမ်းသပ်တီထွင်ထားတဲ့ ဒရုန်းသင်္ဘောတွေနဲ့ တိုက်ခိုက်ခဲ့တာတွေလည်း လုပ်ခဲ့တယ်လို့ ယူကရိန်းရဲ့ အဆိုအရ သိရပါတယ်။
လေတပ်စခန်းတွေ၊ စစ်အင်အား အများအပြား ချထားတာတွေ၊ လေ့ကျင့်ရေးစခန်းတွေနဲ့ ပင်လယ်နက် စစ်သင်္ဘောအုပ်စုတွေရှိနေတဲ့ ခရိုင်းမီးယားဟာ ပြီးခဲ့တဲ့နှစ် ယူကရိန်းကို ရုရှားရဲ့ အလုံးစုံ ကျူးကျော်စစ် စပြီးကတည်းက အဓိက ပစ်မှတ်ဖြစ်လာပါတယ်။
"ခရိုင်းမီးယားမှာ လက်နက်ခဲယမ်းတွေ အများကြီး ရှိနေသေးတယ်။ အမြောက်ကျည်တွေနဲ့ တခြားလက်နက်တွေ ရှိတယ်" လို့ မူဆီယန်ကိုက ပြောပါတယ်။
"ပြီးတော့ အဲဒါက သူတို့အတွက် အဓိက ထောက်ပံ့ လမ်းကြောင်းပဲ။"
လပိုင်းတွေအတွင်း ယူကရိန်းဘက်က တိုက်ခိုက်မှုတွေက ပိုပြီး အဆင့်မြင့် ရှုပ်ထွေးလာပါတယ်။ သြဂုတ် ၂၂ မှာ ဒရုန်းနဲ့ တိုက်ခိုက်ပြီး ဆာကီ လေတပ်စခန်းက ရုရှား လေယာဥ် ကိုးစင်းလောက်ကို ဖျက်ဆီးခဲ့တာကနေ ဒီကနေ့ တိုက်ခိုက်နေတဲ့ ဒရုန်းနဲ့ ဒုံးကျည် ပူးတွဲ အသုံးပြု တိုက်ခိုက်မှုတွေ အထိ အဆင့်မြင့်လာတာ ဖြစ်ပါတယ်။
ပိုအဆင့်မြင့်တဲ့လက်နက်တွေ ရောက်လာဖို့ အဆင်သင့် ရှိနေနိုင်တာကြောင့် ယူကရိန်းက ပိုပြီး ရှုပ်ထွေးအဆင့်မြင့်တဲ့ စစ်ဆင်ရေးတွေ လုပ်လာမယ်လို့ မူဆီယန်ကိုက မျှော်လင့်ပါတယ်။
"အမေရိကန်ရဲ့ တာဝေးပစ်ဒုံး ATACMS တွေ ရလာတဲ့အခါ ပဲ့ထိန်းဒုံးတွေ၊ ခရုစ်ဒုံးတွေနဲ့ ဒရုန်းတွေကို တစ်ခါတည်း တိုက်နိုင်တယ်" လို့ သူက ပြောပါတယ်။
"အဲဒါက ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် အကြီးအကျယ် ပြဿနာပဲ" လို့ သူက ပြောပါတယ်။
"သူတို့ ပြာထွက်သွားအောင် လုပ်မှာ။"
အောင်မြင်တဲ့ တိုက်ခိုက်မှုတိုင်းက နောက်တစ်ခါ တိုက်ဖို့ ပိုလွယ်သွားစေတယ်လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့က လမ်းကြောင်းရှင်းနေတာလေ။ အဲဒါက ပိုပြီး ရှင်းလင်းလာတယ်။"
ဝါရှင်တန်ကလာတဲ့ နောက်ဆုံးသတင်းတွေအရ ယူကရိန်းက လတွေချီ တောင်းဆိုနေခဲ့တဲ့နောက် အမေရိကန် အစိုးရက ATACMS တာဝေးပစ် ဒုံးစနစ်ကို ပေးဖို့ အတည်ပြုခါနီးပြီလို့ သိရပါတယ်။
ဒါဆိုရင် အဲဒီ အချက်အလက်တွေအရ ယူကရိန်းက ခရိုင်းမီးယား လွတ်မြောက်ရေး ရည်မှန်းချက်နဲ့ နီးစပ်လာပါပြီလား။
"နီးလာပါပြီ။ ဒါပေမဲ့ လုပ်စရာတွေ အများကြီး ရှိသေးတယ်"လို့ ယူကရိန်း ရေတပ်က အငြိမ်းစား ဗိုလ်ကြီး အန်ဒရီ ရီချန်ကိုက ပြောပါတယ်။
"အဇော့ကမ်းခြေ လွတ်မြောက်ရေးနဲ့ ကုန်းလမ်းကို ဖြတ်တောက်ဖို့ လိုပါတယ်" လို့ ယူကရိန်းတို့ တောင်ပိုင်းမှာ တဖြည်းဖြည်း ခပ်နှေးနှေးတိုက်နေတဲ့ တန်ပြန်ထိုးစစ်နဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။
ပြီးတော့ ကာ့ချ် တံတားလည်း ရှိပါသေးတယ်။
ရုရှားတို့ ခရိုင်းမီးယားကို ပို့တဲ့ ထောက်ပို့လမ်းကြောင်းကို ယူကရိန်းက တိုက်နေတာ တစ်နှစ်လောက် ရှိပါပြီ။ ဒါပေမဲ့ အခုထိ ရုရှားတို့ရဲ့ လက်နက်ကြီးတွေက အဲဒီအရေးကြီးတဲ့ ရထားလမ်းကနေ သွားနေတုန်းပါပဲ။
ကာကွယ်မှုတွေ ပိုကောင်းလာပေမဲ့ အခုထိ အဲဒါကို ယူကရိန်းကလည်း ပစ်မှတ်ထားနေတုန်းပါပဲ။
ခရိုင်းမီးယား တံတားကို ဖြိုချလိုက်ရင် သူတို့အတွက် ထောက်ပံ့ပို့ဆောင်ရေး ပြဿနာပဲ လို့ ရီချန်ကိုက ခပ်ဖော့ဖော့ ပြောပါတယ်။
တကယ်က ခရိုင်းမီးယားကို ဖြတ်တောက်လိုက်နိုင်ရင် ရုရှားတို့အတွက် ဧရာမ ဒုက္ခကြီး ဖြစ်သွားပြီး တောင်ပိုင်းက ယူကရိန်းတို့ ခက်ခဲနေတဲ့ တန်ပြန်ထိုးစစ်အတွက် အားကောင်းသွားမှာ ဖြစ်ပါတယ်။
ဒါတွေက ယူကရိန်းက ခရိုင်းမီးယား ကျွန်းဆွယ်ကို ပြန်ယူနိုင်မယ့် ရှေ့ပြေးတွေလား။
ကိယက်ဗ်က သုံးသပ်သူတွေကတော့ အများကြီး မတွေးထားကြသေးပါဘူး။
"ဒါက ခရိုင်းမီးယားလွတ်မြောက်ရေးအတွက် ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ယူရဦးမှာပါ" လို့ မူဆီယန်ကိုက ပြောပါတယ်။
"အခုလုပ်နေတာက ခရိုင်းမီးယားကို သွားနိုင်အောင် လုပ်နေတာပါ။"
ရုရှားတွေ ခရိုင်းမီးယားနေ ထွက်သွားအောင် လုပ်နိုင်သမျှ နည်းလမ်းအစုံကို သုံးနေတယ်လို့ ယူကရိန်း အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက အိုလက်စီး ဒန်နီလော့ဗ်က စနေနေ့က ပြောပါတယ်။
"ရုရှားတွေ ခရိုင်းမီးယားကနေ သူတို့ဘာသာ ထွက်မသွားရင်တော့ ကျွန်တော်တို့က မီးမြှိုက်ပစ်ရမှာပဲ" လို့ ရေဒီယို အင်တာဗျူးမှာ သူက ပြောပါတယ်။