ဒီဇင်ဘာ ၂၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်-အေအေက နပခနဲ့ အမ်းကို သိမ်းအပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ် ၂ ဦးကို ဖမ်းဆီးထား

အေအေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို တိုက်ခိုက်နေချိန်အတွင်း ဖမ်းဆီးခဲ့တဲ့ ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီးအောင်စစ်နိုင် ၊ ဒုတိုင်းမှူး ဗို လ်မှူးချုပ်သောင်းထွန်း၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊နဲ့ ရုံးအုပ်ချုပ်ရေးမှူး အရာခံဗိုလ်အေးသိန်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, အာရက္ခတပ်တော် အေအေ ဖမ်းဆီးခဲ့တဲ့ နပခက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၂ ဦးနဲ့အရာရှိ၂ဦး
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ရခိုင်ပြည်နယ်၊အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို တိုက်ခိုက်နေချိန်အတွင်း ဒုတိုင်းမှူး ဗို လ်မှူးချုပ်သောင်းထွန်း၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီးအောင်စစ်နိုင် နဲ့ ရုံးအုပ်ချုပ်ရေးမှူး အရာခံဗိုလ်အေးသိန်းတို့ကို ဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်(အေအေ)က ထုတ်ပြန်ပါ တယ်။

လက်ရှိမှာတော့ နပခကိုအပြီးသတ်သိမ်းပြီးပြီဖြစ်သလို အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းနိုင်ပြီဖြစ်တယ်လို့ အေအေက ဒီဇင်ဘာ ၂၀ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

နပခကို တိုက်နေချိန်အတွင်းမှာလည်း စစ်ဌာနချုပ်ထဲကနေ အင်အားရာချီကခုခံခဲ့သလို တစ်ဖက်မှာလည်း အလင်းဝင်လာသူတွေရှိတာကို အေအေကရုပ်သံဖိုင်နဲ့ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက နပခ မကျရေး လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူပေးနေတာကို ရုပ်သံဖိုင်မှာကြားရသလို အေအေထုတ်ပြန်ချက်အရလည်း စစ်ကူ အင်အား ၁၅၀ ဝန်းကျင် လေကြောင်းကလာချပေးခဲ့တယ်လို့ဆိုပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ နပခကို ထပ်မံလက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ လေးလအတွင်း စစ်ဌာနချုပ် ၂ခုကို ဆုံးရှုံး ထားပြီးဖြစ်ပါတယ်။

သြဂုတ်လတုန်းက ကိုးကန့်တပ် MNDAA က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာကြည့်ရင်တော့ အေအေက မြို့ပေါင်း ၁၄ မြို့ကိုသိမ်းထားပြီးဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် နဲ့ ဂွမြို့ ၄ ခုထဲမှာတော့ ဂွမြို့ ၃ ပုံ ၂ ပုံကို အေအေကသိမ်း ထားပြီးဖြစ်ကာ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အမ်းအခြေစိုက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရတယ်ဆိုတာနဲ့ပတ်သက်လို့ တစ်စုံတစ်ရာသတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ရုပ်ရှင်ဥပဒေမှာ ထောင်ဒဏ်တွေထပ်တိုး

၂၀၂၆ခုနှစ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ရှေ့က ရဲတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၆ခုနှစ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ရှေ့က ရဲတပ်ဖွဲ့ဝင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုပ်ရှင်ဥပဒေကို စစ်ကောင်စီကပြင်ဆင်လိုက်ပြီး ထောင်ဒဏ် ငါးနှစ်အထိ ချလို့ရမယ့် ပုဒ်မတွေကိုထပ်တိုးလိုက်ပါတယ်။

ရုပ်ရှင်လုပ်ငန်းလိုင်စင်မရှိဘဲရုပ်ရှင်ပြတာ၊ ဆင်ဆာလက်မှတ်မရှိဘဲ ရုပ်ရှင်ပြတာတွေပြုလုပ်ရင် ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ရင် ငါးနှစ်အထိ ချမှတ်နိုင်တယ်လို့ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးစည်းရုံးလှုံ့ဆော်ရင် ရုပ်ရှင်ရိုက်ခွင့် ၁ နှစ်ကနေ ၃ နှစ်ထိ ပိတ်ခံရမယ်လို့ ထည့်သွင်းထားပါတယ်။

ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေ နဲ့ သရုပ်ဆောင်တွေအပေါ် တင်းကျပ်ထားတဲ့ အချက်တွေပါဝင်တဲ့ ရုပ်ရှင်ဥပဒေကို ဒီဇင်ဘာ၂၀ရက်မှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

ပြင်ဆင်ချက်တွေထဲက ပုဒ်မ ၃၂ မှာ ရုပ်ရှင်အနုပညာရှင်၊အတတ်ပညာရှင်တွေဟာ နိုင်ငံ တော် အကြည်ညို ပျက် အောင် ပြုမူပြောဆိုတာ၊ကြေညာတာ ဒါမှမဟုတ် လှုံ့ဆော်တာလိုမျိုး နိုင်ငံရေးစည်းရုံး လှုံ့ဆော်တာတွေ လုပ်ရင် အရေးယူမယ့်အချက်ထည့်သွင်းထားပါတယ်။

ဒီအချက်တွေကို လုပ်ဆောင်ရင် သတိပေးတာဖြစ်စေ ရုပ်ရှင်ရိုက်ခွင့် အနည်းဆုံး တစ်နှစ်ကနေ သုံးနှစ်အထိ ပိတ်ပင်တာဖြစ်စေ၊အမိန့်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။

နောက်ထပ်ပြင်ဆင်ချက်ကတော့ ပြည်တွင်းမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဆင်ဆာလက်မှတ်မရှိဘဲ ပြည်ပကို တင်ပို့တာ ဒါမှမဟုတ် ပြည်ပမှာပြသတယ်လို့ ပြစ်မှုထင်ရှားရင် သုံးနှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ် ၇၀၀,၀၀၀ ကနေ အများဆုံး ကျပ် ၁၀,၀၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ တင်းကျပ်လိုက်တာပါ။

ရုပ်ရှင်ဆင်ဆာအဖွဲ့က ဖြတ်တောက်ပြုပြင်စေချင်တာကို မပြင်ခဲ့ရင်လည်း ထောင်ဒဏ်၊ငွေဒဏ်တွေချမှတ်ဖို့ ရုပ်ရှင်ဥပဒေပြင်ဆင်ချက်ထဲမှာထည့်သွင်းထားပါတယ်။

မြန်မာဟာ ၂၀၂၃ ခုနှစ်မှာ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်မရှိဆုံးနိုင်ငံ ၁၀နိုင်ငံထဲ ပါဝင်နေတာလည်းဖြစ်ပါတယ်။

၁၃ နှစ်ကြာဖြေလျှော့ထားတဲ့ မီဇိုရမ်၊မဏိပူရ နဲ့ နာဂလန်းကို နိုင်ငံခြားသားဝင်ခွင့် ပြန်လည်ကန့်သတ်

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊မြို့တော်အိုက်ဇော ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊မြို့တော်အိုက်ဇော ပုံဟောင်း

အိန္ဒိယနိုင်ငံ၊အရှေ့မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်၊မဏိပူရ နဲ့ နာဂလန်းတို့ကို ဝင်ခွင့်ကြိုတင်လျှောက်ပြီးမှ နိုင်ငံခြားသားတွေကို ဝင်ခွင့်ပြုဖို့ ဗဟိုအစိုးရကညွှန်ကြားလိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြပါတယ်။

ဒီလိုဝင်ခွင့်တင်းကျပ်ဖို့ဖြစ်လာတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ ချင်းပြည်နယ်၊မကွေးနဲ့စစ်ကိုင်းတို့ က စစ်ရှောင်ဦးရေ ၅၀၀၀၀ ကနေ ၇၀၀၀၀ ဝန်းကျင်အထိနေထိုင်နေကြတာလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒီပြည်နယ် ၃ ခုအပါအဝင် ပြည်နယ် ၁၀ ကိုဝင်ခွင့်ကန့်သတ်လိုက်တာလို့ ဒီဇင်ဘာ ၂၀ ရက် သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဒီလိုခွင့်ပြုချက်လျှောက်ထားတာကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ၂၀၁၁ ခုနှစ်ကတည်းက ဖြေလျှော့ထားပေးခဲ့တာလို့ ဆိုပါတယ်။

"နိုင်ငံခြား ချင်းအသိုင်းအဝိုင်းကနေ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် နဲ့ မကြာခဏလာတွေ့နေတာကြောင့် ဗဟိုအစိုးရ က ကန့်သတ်တဲ့ အချက်တစ်ချက်ဖြစ်မယ်လို့ထင်တယ်"လို့ မီဇိုရမ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

e-protal ကနေ ဝင်ခွင့်ပါမစ်ထုတ်ပေးရေး လုပ်ငန်းစဉ်အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အစိုးရဝန်ထမ်းတွေကို သင်တန်းပေးတာကို ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာမှာ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ကလုပ်ခဲ့ပါတယ်။

မင်းတပ် ခလရ ၂၇၄ ကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်

 CDF Mindat စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, CDF Mindat စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေ

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်စစ်ဆင်ရေးနဲ့ မြန်မာစစ်တပ်ရဲ့ခြေလျင်တပ်ရင်း ခလရ ၂၇၄ ကို ထိုးစစ်ဆင်နေတယ်လို့ CDF Mindat စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ဘီဘီစီကို ပြောပါတယ်။

"အပြီးသတ်သိမ်းနိုင်ဖို့လုပ်နေပါတယ်။ မင်းတပ်ကိုအလုံးစုံသိမ်းဖို့ ဒီတစ်နေရာပဲကျန်တော့တာပါ" လို့ စစ်ဦးစီးချုပ်ကပြောပါတယ်။ ‌

ဒေသတွင်းသတင်းတွေမှာတော့ မင်းတပ်ကိုသိမ်းလိုက်ပြီလို့ဖော်ပြနေကြပြီး လူမှုကွန်ရက်မှာ ဂုဏ်ပြုစကားပြောဆိုနေကြတာရှိပေမဲ့ စစ်ဦးစီးချုပ်က အတည်မပြုပေးသေးပါဘူး။

ဒီဇင်ဘာ ၂၀ ရက်၊မနေ့တုန်းက ချင်းညီနောင်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းညီနောင်စစ်ဆင်ရေးမှာ မင်းတပ် နဲ့ ဖလမ်းက စစ်ကောင်စီတပ်စခန်း နဲ့ တပ်စွဲထားတဲ့နေရာ ၁၃ ခုကို သိမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းညီနောင် စစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်မှာစတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ဒီမြို့တွေလက်မလွှတ်ရရေး မြေပြင်တပ်အင်အားအပြင် လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။

ချင်းညီနောင်ထုတ်ပြန်ချက်အရ ဖလမ်းနဲ့ မင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်လက်နက်ချခဲ့ကာ ဒီထဲမှာ သူတို့မိသားစုဝင်တွေလည်းပါတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးတွေနဲ့ မစိမ်းတဲ့ အမ်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံးတိုင်းမှူး ရာထူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ မှာ လက်လွှတ်လိုက်ရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အကြောင်းဆောင်းပါးကို အောက်ပါလင့်ခ်မှာနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပြီ။

ပြည်တွင်း ပြည်ပ အန္တရာယ်တွေ ဝင်ရောက်စွက်ဖက်တာကြုံနေရတယ်လို့ စစ်ခေါင်းဆောင်ပြော

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားမိန့်ခွန်းပြောနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားမိန့်ခွန်းပြောနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်

နိုင်ငံမှာ ပြည်တွင်း၊ပြည်ပအန္တရာယ်တွေ ဝင်ရောက်စွက်ဖက်တာကြုံနေရတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မနေ့ညက ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

"ဒီလို အဘက်ဘက်က ထိုးနှက်တိုက်ခိုက်နေတာကို ပြည်သူလူထု၊အစိုးရ၊တပ်မတော်တို့ရဲ့ ပေါင်းစည်းအား၊ညီညွတ်တဲ့ စိတ်ဓာတ်တို့နဲ့ ကာကွယ်ဖို့လိုပါတယ်"လို့ လည်း ပြောခဲ့ပါသေးတယ်။

အခက်အခဲတွေကြားထဲက နိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြုဂုဏ်ပြုတယ်လို့လည်း စစ်ခေါင်းဆောင်ကဆိုထားပါတယ်။

"အခုလို အမျိုးသားအားကစားပွဲတော်ကြီးကျင်းပစုစည်းနိုင်တာဟာ နိုင်ငံကိုလုံခြုံအောင်ကာကွယ်ပေးနေတဲ့ သူရဲကောင်းတွေရှိနေတာကြောင့်ဖြစ်ပါတယ်"လို့ စစ်ခေါင်းဆောင်ကပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့မိန့်ခွန်းထဲမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ပြည်သူ့စစ်မှုထမ်းတွေ နဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောထားပါတယ်။

အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားလုပ်နေတဲ့ ဒီဇင်ဘာ ၂၀ မှာ ရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စစ်ကောင်စီကလက်လွှတ်လိုက်ရပြီဖြစ်သလို ဖွင့်ပွဲနေ့တုန်းကလည်း မောင်တောအခြေစိုက် နခခ ၅ ကို အေအေက သိမ်းခဲ့တာဖြစ်ပါတယ်။

မတ္တရာမြို့နယ်ထဲက ထန်းပင်ကုန်းရွာကို MDY PDF သိမ်း

ထန်းပင်ကုန်းရွာထိုးစစ်မှာ MDY PDF ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတချို့

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, ထန်းပင်ကုန်းရွာထိုးစစ်မှာ MDY PDF ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတချို့

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်ထဲက ထန်းပင်ကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (MDY PDF) က ဒီဇင်ဘာ ၁၉ ရက်မှာ သိမ်းနိုင်ခဲ့တယ်လို့ တပ်ဖွဲ့က ဒီနေ့မှာထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်အရ ထန်းပင်ကုန်းရွာကိုထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်းတွေ နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ MDY PDF ကဆိုထားပါတယ်။

ဒီရွာအပြင် တခြားနေရာတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း ပြောထားတာပါ။

စစ်ကောင်စီထိုးစစ်ကြောင့် MDY PDF လက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းက ရွာသစ် နဲ့ ဝန်စုရွာတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက်တုန်းကထုတ်ပြန်ထားပါတယ်။

မတ္တရာနယ်ထဲမှာ MDY PDF သိမ်းထားတဲ့ တပ်စခန်းတွေကို ပြန်ရယူဖို့ စစ်ကောင်စီက ကြိုးပမ်းနေပြီး ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့်လည်း နိုဝင်ဘာ ၂၇ ရက်မှာ လက္ကောင်းကြီးရွာသစ်က ကိုရင် ၁ ပါးနဲ့ အမျိုးသမီး ၂ ဦး သေ ဆုံးခဲ့ရပါတယ်။

ဒီလို စစ်ကောင်စီ နဲ့ MDY PDF တို့ရဲ့ အပြန်အလှန်ထိုးစစ်တွေကြောင့် မတ္တရာနယ်အပြင် နောင်ချိုနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားပါတယ်။

ဂျာမန်ခရစ္စမတ်ဈေးတန်းကားနဲ့တိုက်ခိုက်ခံရမှု အနည်းဆုံး ၂ ဦးသေဆုံး ဒါဇင်နဲ့ချီဒဏ်ရာရ

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဂျာမနီနိုင်ငံ၊မက်ဒီဘော့ဂ်မြို့ ခရစ္စမတ်ဈေးတန်းမှာ ထိခိုက်ခဲ့သူတွေကို ‌ဆေးရုံပို့ဖို့လုပ်နေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဂျာမနီနိုင်ငံ၊မက်ဒီဘော့ဂ်မြို့ ခရစ္စမတ်ဈေးတန်းမှာ ထိခိုက်ခဲ့သူတွေကို ‌ဆေးရုံပို့ဖို့လုပ်နေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေ

ဂျာမနီနိုင်ငံ၊မက်ဒီဘော့ဂ်မြို့ ခရစ္စမတ်ဈေးတန်းက လူအုပ်ထဲကို ကားတစ်စီးအရှိန်နဲ့ဝင်တိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အနည်းဆုံး ၂ ဦးသေဆုံးပြီး လူဒါဇင်နဲ့ချီထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီသတင်း က ဖော်ပြပါတယ်။

BMW အမျိုးအစား အနက်ရောင်ကားတစ်စီးဟာ ဈေးတန်းထဲကို မီတာ ၄၀၀ (၁၃၁၂ပေ) လောက်အကွာအဝေးအထိ အရှိန် နဲ့ ဝင်ဆောင့်ခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံအမြန်ဆုံးပို့ဖို့ လုပ်နေကြပါတယ်။

သေဆုံးသွားသူတွေအတွက် ‌အောက်မေ့ဖွယ်အခမ်းအနားကိုတော့ စနေနေ့ ဒေသစံတော်ချိန် ၁၉ နာရီကျရင် မက်ဒီဘော့ဂ်ဘုရားကျောင်းမှာ ပြုလုပ်သွားမယ်လို့ မြို့တော်ဝန် ဆိုင်မွန်ဘောရစ်ကဆိုလာပါတယ်။

"ဝမ်းနည်းဖို့ အချိန်အကြာကြီး လိုအပ်ပါလိမ့်မယ်။ ဒါတွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းသွားပါမယ်"လို့ ဘော်ရစ်ကပြောပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း စီစဉ်ထားတဲ့ ယဥ်ကျေးမှုအခမ်းအနားတချို့ကိုလည်း ဖျက်သိမ်းသွားဖို့ရှိနေပါတယ်။

ဒီဇင်ဘာ ၂၀ရက်၊ခရစ္စမတ်ဈေးတန်းထဲ ကားနဲ့ဝင်တိုက်ခဲ့သူလို့ ယူဆရတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကိုတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းမိထားပြီးဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ရုပ်သံအရ ရဲတွေက အမျိုးသားတစ်ဦးကို သေနတ်နဲ့ချိန်ပြီး မြေပေါ်မှာ ဝပ်နေဖို့ အမိန့်ပေးကာ ဖမ်းဆီးနေတာဖြစ်ပါတယ်။

တိုက်ခိုက်မှုသံသယနဲ့ ဖမ်းဆီးခံရသူဟာ ဆော်ဒီအာရေဘီးယားနိုင်ငံသား ဆရာဝန်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ဂျာမနီကို ရောက်လာခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိတွေကတော့ ဖြစ်စဉ် ဖြစ်ရတဲ့အကြောင်းရင်းကိုထုတ်ဖော်ပြောဆိုတာမရှိ သေးပေမဲ့ လက်တလောအထိတော့ တိုက်ခိုက်မှုကို တစ်ဦးတည်းကကျူးလွန်တာဖြစ်တယ်လို့ ပြောထားပါတယ်။

အမေရိကန်ကတော့ ဒီဖြစ်စဉ်အပေါ် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ မက်သရူး မေလာက ဆိုပါတယ်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဂျာမနီနိုင်ငံ၊မက်ဒီဘော့ဂ်မြို့ ခရစ္စမတ်ဈေးတန်းကို ဝင်တိုက်ခဲ့တဲ့ BMW ကားအနက်ရောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဂျာမနီနိုင်ငံ၊မက်ဒီဘော့ဂ်မြို့ ခရစ္စမတ်ဈေးတန်းကို ဝင်တိုက်ခဲ့တဲ့ BMW ကားအနက်ရောင်