ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးအစီအစဉ် တရုတ်အဆိုပြု- ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်း ဘီဘီစီသတင်းများ
“ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက် လိုအပ်တဲ့အခြေခံမူများ” ကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခြေခံမူများထဲမှာ တရုတ်နိုင်ငံကိုယ်တိုင်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်ဖို့ ကြိုးပမ်းအားထုတ်ချက်ကို ဖော်ပြထားပါတယ်။
သူတို့တင်ပြတဲ့ အခြေခံမူတွေထဲမှာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့နဲ့ ရန်လိုမှုတွေကို အဆုံးသတ်ဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
တရုတ်နိုင်ငံဟာ ကြားနေနိုင်ငံအဖြစ် ငြိမ်းချမ်းရေးဆောင်ရွက်လိုတယ်ဆိုပေမဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်ဟာ ရုရှားဘက်မှာ ပါနေတယ်လို့ ယူဆကြပါတယ်။
တရုတ်နိုင်ငံက ကြားနေတယ်ဆိုတာကို မယုံကြည်ဘူးလို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တင်ဘာ့ဂ်က ပြောင်ထုတ်ဖော်ပြောဆိုပါတယ်။
“တရုတ်နိုင်ငံဟာ ကြားနေနိုင်ငံအဖြစ်ဆောင်ရွက်ဖို့ အရည်အချင်းမပြည့်မီပါဘူး။ ဘာလို့လဲဆိုတော့ ရုရှားကယူကရိန်းကို ကျူးကျော်မှုအပေါ် ရှုတ်ချတာမျိုး မလုပ်ခဲ့လို့ပါ။ ဒါ့အပြင် ရုရှားကကျူးကျော်ပြီးတဲ့နောက်မှာတောင် တရုတ်နဲ့ရုရှား အကြားမှာ သဘောတူစာချုပ်တချို့ ချုပ်ဆိုခဲ့ကြပါသေးတယ်” လို့ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ ရုရှားနဲ့ရော အမေရိကန်နဲ့ပါ စာချုပ်ချုပ်ဆိုဆက်ဆံနေတာကိုက ကြားနေနိုင်ငံဖြစ်ဖို့ အရည်အချင်းပြည့်မီတာပဲလို့ ဆိုပါတယ်။
ရုရှားတပ်တွေ ယူကရိန်းကနေ ဆုတ်ခွာရေးအတွက် ကြာသပတေးနေ့က ကုလသမဂ္ဂမှာ မဲခွဲခဲ့ရာမှာ တရုတ်က မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
စစ်အောင်နိုင်ရေးအတွက် ဘာမဆိုလုပ်မယ်လို့ ယူကရိန်းသမ္မတပြော
ယူကရိန်းသမ္မတဗလော်ဒီမီယာ ဇလန်းစကီးက စစ်အောင်နိုင်ရေးအတွက် ဘာမဆိုလုပ်မယ်လို့ ရုရှားကျူးကျော်မှု နှစ်ပတ်လည်နေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။
တကမ္ဘာလုံးက ညီညီညွတ်ညွတ်နဲ့ သူတို့ကိုထောက်ခံကြလို့ အားတက်မိတယ်လို့ သူကဆိုပြီး သူ့အခေါ် ရုရှားလူသတ်သမားတွေကို အပြစ်ဒဏ်မပေးနိုင်မချင်း ရပ်တန့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တနှစ်ပြည့်အထိမ်းအမှတ်တွေကို ယူကရိန်းနိုင်ငံတလွှား မြို့ကြီးမြို့ငယ်တွေမှာ ပြုလုပ်ကြပါတယ်။
တနှစ်ပြည့်အထိမ်းအမှတ်တွေကို ယူကရိန်းမီဒီယာတွေမှာ အသားပေးဖော်ပြနေပေမဲ့ ရုရှားမီဒီယာတွေကတော့ လုံးဝမဖော်ပြကြပါဘူး။
ရုရှားနဲ့ဆက်စပ်သူတွေကို အမေရိကန်က ပိတ်ဆို့အရေးယူမှုအသစ်ပြုလုပ်
ရုရှားအစိုးရနဲ့ သူတို့ကို စစ်ရေး အထောက်အကူပေးသူတွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုအသစ်တချို့ချမှတ်လိုက်ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတွေပါဝင်ပါတယ်။ ရုရှား၊ ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်းဒေသက ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်စုစုပေါင်း ၂၀၀ ကျော်ပါဝင်ပါတယ်။
အရေးယူမှုတွေထဲမှာတော့ ရုရှားကို စစ်ရေးနဲ့ ပတ်သက်ပြီး တနည်းနည်းနဲ့ အထောက်အပံ့ပေးတဲ့ ကုမ္ပဏီတွေကို ပို့ကုန်ကန့်သတ်တာတွေ အဓိက ပါဝင်ပါတယ်။
ဒါ့အပြင် ရုရှားကပို့ကုန်တွေ ဖြစ်တဲ့ သတ္တု၊ တွင်းထွက်၊ ဓာတုပစ္စည်းတွေ အပေါ်မှာလည်း အခွန်တိုးမြှင့်စည်းကြပ်လိုက်ပါတယ်။
ကမ္ဘောဒီးယားမှာ လူတဒါဇင်ကျော် ကြက်ငှက်တုပ်ကွေးကူးစက်
ကမ္ဘောဒီးယားနိုင်ငံမှာ H5 N1 ကြက်တုပ်ကွေး ဗိုင်းရပ်စ် လူ တဒါဇင်လောက်မှာ ကူးစက်ထားတာတွေ့ခဲ့ရပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးတယောက် ကြက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီးနောက် စမ်းသပ်စစ်ဆေးရာကနေ အခုလိုတွေ့ခဲ့တာပါ။
သေဆုံးသူမိန်းကလေးရဲ့ ဖခင်မှာလည်း ပိုးကူးစက်နေတာတွေ့ခဲ့ရပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ကမ္ဘောဒီးယားမှာ ကြက်တုပ်ကွေးကြောင့် ပထမဆုံးသေဆုံးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
နို့တိုက်သတ္တဝါတချို့မှာ ကြက်တုပ်ကွေးကူးစက်တာကို အရင်ကလည်း တွေ့ရှိခဲ့ပေမဲ့ ကြက်ငှက်ကနေ တဆင့်သာကူးစက်နိုင်တယ်လို့ သိထားတာဖြစ်ပါတယ်။
လူသေဆုံးနိုင်တဲ့ ဖြစ်နိုင်ခြေဟာ အလွန်နည်းပါးတယ်လို့ WHO ကပြောဆိုထားတာ ဖြစ်ပါတယ်။