အရပ်သားကိုးဦး သတ်ဖြတ်ခံရမှုကို ကေအိုင်အေ စစစ်

ဓာတ်ပုံ ရင်းမြစ်, Nammye Hkun Jaw Li
ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ) ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လဝါးကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့လတုန်းက အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှုကို ကေအိုင်အေဘက်က စုံစမ်းနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုသတင်းဟာ ဖြစ်စဥ်ဖြစ်အပြီး တစ်လနီးပါးအကြာမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးပါပါတယ်။ သူတို့ဟာ ဗန်းမော်မြို့က အသက် ၅၀ အရွယ် ဦးလဇွမ်တူးလွမ်၊ ဦးမြင့်ထွေး၊ ဦးကျော်စိုး၊ အသက် ၃၅ နှစ်ခန့်အရွယ် ဦးလဇွမ်ထွယ်ရှောင်၊ အသက် (၂၇) နှစ်ခန့်အရွယ် ကိုထွန်းယုံနဲ့ ဦးဖိုးလေးတို့အပြင် နမ္မတီးမြို့၊ လမ်းခွရွာက အသက် ၄၀ ကျော်အရွယ် ဦးယောဟန်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ရွာက အသက် ၃၀ ဝန်းကျင် ဒေါ်အင်ဒေါင်နန်လွမ်နဲ့ ဒေါ်ဖောင်မားခေါန်ဘူတို့ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
သူတို့တွေကို မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ သူတို့ကိုယ် သူတို့ နာမည်ပေးထားတဲ့ UG Black K ဆိုတဲ့အဖွဲ့က မေးမြန်းဖို့ ရှိတယ်ဆိုပြီး ဇန်နဝါရီလ ၂၄ ရက်နဲ့ ၂၅ ရက်ညမှာ ဖမ်းဆီးသွားခဲ့ပြီးနောက် သေဆုံးခဲ့ကြတာပါ။
ဇန်နဝါရီလ ၂၉ ရက်မှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲခံရတဲ့ ရှမ်းနီအဖွဲ့ (SNA)အဖွဲ့ဝင် ၉ ဦးကို UG Black K အဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့အပြီးမှာ ဒီအမျိုးသမီး၊ အမျိုးသားတွေ သတ်ဖြတ်ခံရမှု ထွက်ပေါ်ခဲ့တာပါ။
အလောင်းတွေပါ ဖျောက်ဖျက်ခံရတဲ့ ဒီဖြစ်ရပ်ဖြစ်အပြီး တစ်လအကြာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ အဖွဲ့ဝင် ၂၇ ဦးပါ အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်နဲ့ အတူ မိသားစုဝင်တွေက အလောင်းတွေကို ပြန်လည် တူးဖော်ပြီး မီးရှို့သင်္ဂြိုဟ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
ကေအိုင်အေ တပ်မဟာ ၂ နယ်မြေထဲမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကေအိုင်အေဘက်က စုံစမ်းနေတဲ့အခြေအနေကို အမှုမှန်ပေါ်ပေါက်ရေးကော်မရှင် ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို အခုလို ပြောပြပါတယ်။
“သူတို့နဲ့ သက်ဆိုင်သူတွေ အကုန်လုံးကို ဖမ်းထားတယ်။ စုစုပေါင်းက အယောက် ၂၀ ကျော်တယ်။ ကေအိုင်အေ တပ်ဖွဲ့ဝင်ပါတာက နှစ်ယောက်ပါတယ်ပေါ့။ အဲဒီမှာတော့ သူတို့လုပ်တဲ့ဟာကို ခွင့်ပြုမိန့်ပေးတဲ့ တစ်ယောက်ပါတယ်။”
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“တချို့တွေက လွတ်မြောက်နေတဲ့သူ ရှိတယ်။ သူတို့က သတင်းပေးတာပေါ့။ လွတ်မြောက်နေတဲ့သူတွေကို အကုန်းလုံးဖမ်းပြီးတော့၊ မဟုတ်မမှန်သတင်းကို အရင်ဖြန့်ပြီးတော့ သတ်ဖို့အတွက် ကြံစည်ထားသလို ဖြစ်နေတယ်။”
အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်နဲ့ နမ္မတီးမြို့တွေက အဖွဲ့ဝင် ၂၇ ဦးနဲ့ ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့ဟာ ကချင်လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကတော့ ဖမ်းဆီးခံရသူတွေဟာ တောင်ယာထဲမှာ ဖမ်းဆီးခံရတာဖြစ်တယ်၊ ရှမ်းနီလို့ မှားယွင်းစွပ်စွဲခံရပြီး အခုလိုအဖြစ်ကြုံရတာ ဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေ အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဒီဖြစ်ရပ်ကို တစ်လနီးပါးကြာမှ စုံစမ်းမှု ပြုလုပ်တဲ့အပေါ် ဝေဖန်မှုတွေကိုတော့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက သုံးသပ်တုံ့ပြန်ပါတယ်။
“အဲဒီနေရာဒေသနဲ့ ရှေ့တန်းမှာဖြစ်တာနဲ့ တပ်မဟာ ၂ နဲ့ ဝေးတယ်။ …အဲဒီလူတွေ တစ်ခါပြန်ခေါ်၊ ပြန်ဆင်းလာပြီးမှ အဲဒီကြားမှာ သွားသွားလာလာလုပ်တဲ့ အချိန်ကကြာသွားတယ်လို့ ကျွန်တော်ကတော့ ဒီလို သုံးသပ်တယ်” လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
တစ်ဖက်မှာလည်း ရှမ်းနီလို့ စွပ်စွဲခံရပေမဲ့ ကချင်အများစု ပါဝင်တဲ့ ဒီလူ ၉ ဦးသတ်ဖြတ်ခံရမှုက ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာဖြစ်ခဲ့တာ၊ ဒါ့အပြင် ကေအိုင်နေနဲ့ ပီဒီအက်ဖ် အဖွဲ့ဝင်တွေ ပါဝင် ပတ်သက်နေတယ်ဆိုတာတွေကြောင့် ကေအိုင်အေ အနေနဲ့ အမှုစုံစမ်းရာမှာ ပိုပြီးပွင့်လင်းမြင်သာဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘီဘီစီက ကေအိုင်အေဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ မှတ်ချက်တစ်စုံတစ်ရာ မရခဲ့ပါဘူး။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ဘက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်ကောင်စီနဲ့ SNA (ရှမ်းနီအမျိုးသားတပ်) နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့ နေရာဒေသတွေ ရှိပါတယ်။
အရင်ကလည်း ရှမ်းနီ လူငယ်တချို့ သတ်ဖြတ်ခံရမှုကို ကေအိုင်တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တယ်ဆိုတဲ့ တိုင်ကြားမှုမျိုးကို ကေအိုင်အေက စစ်ဆေးခဲ့တဲ့ ဖြစ်စဥ်မျိုး ရှိခဲ့ဖူးပါတယ်။









