မန္တလေး လတ်တလော ကိုဗစ်လူနာတွေမှာ လူငယ်တွေအများစု ပါဝင်နေတယ်လို့ ပရဟိတအသင်းတွေပြော

ဓာတ်ပုံ ရင်းမြစ်, ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်း
မန္တလေးမြို့မှာ နေ့စဉ် ကိုဗစ်ပိုးတွေ့လူနာတွေ ရှိလာသလို ပိုးတွေ့လူနာအများစုဟာ လူငယ်ပိုင်းတွေ ဖြစ်တယ်လို့ ဒေသခံ ပရဟိတ အသင်းတွေဆီက သိရပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ကိုဗစ်ကြောင့် ဆေးရုံတွေကနေ သေဆုံးလူနာတွေ ရှိတယ်လို့လည်း ကုသရေးဆေးရုံနဲ့ နီးစပ်သူတွေ၊ လူနာသယ်ဆောင်ပေးရတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။
" အခုက ငယ်တဲ့အပိုင်း အသက် ၂၀ လောက်တွေ ပါတယ်။ သူတို့က အများစုပဲ။ ဆေးရုံတစ်ဝက်လောက် ရှိတယ်။ အရင်ကဆို ရောက်လာရင် အသက်ကြီးပိုင်းတွေပဲ ရှိတာ။ လေးဆယ်ကျော်တွေပေါ့။ ဆေးရုံက လူနာပြည့်သလောက်ပဲ။ အသက်ကြီး ရောဂါအခံ ပန်းနာရင်ကြပ်တစ်ယောက်ပဲ အောက်ဆီဂျင်ကျတာ" လို့ ကန်တော်နဒီ ကိုဗစ်ကုသရေးဆေးရုံနဲ့ နီးစပ်သူက ပြောပါတယ်။
ကိုဗစ်ပိုးတွေ့လူနာအများစုဟာ နေအိမ်တွေက ဆက်သွယ်လို့ ဆေးရုံကို ပို့ဆောင်ပေးရသူတွေဖြစ်ပြီး အများစုက မန္တလေးဒေသခံတွေ ဖြစ်ပါတယ်။
လက်ရှိ မန္တလေးက မြို့နယ် ခြောက်ခုမှာ ကိုဗစ်ပိုးတွေ့သူတွေ ရှိလာသလို ဖေဖော်ဝါရီလထဲမှာ ကိုဗစ်ပိုးတွေ့ နာတာရှည်လူနာတွေထဲက ဆေးရုံကြီးနဲ့ မြို့တော်ဆေးရုံမှာ သေဆုံးခဲ့သူတွေလည်း ရှိခဲ့တယ်လို့ သင်္ဂြိုဟ်ဖို့ ပို့ဆောင်ပေးခဲ့ရတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။
" အခုက နေ့စဉ်နီးနီး ဖြစ်နေပြီ။ သေလည်း သေတယ်။ ဒီနေ့ မြို့တော်က ကိုဗစ်နဲ့သေတဲ့ ဆရာတော်ပဲ သင်္ဂြိုဟ်ရတာ။ ဒီရက်ထဲသယ်ရတာ လေး၊ ငါးယောက်လောက်ရှိပြီ။ ကိုဗစ်နဲ့သေတဲ့လူပေါ့။ ဆေးရုံကြီးနဲ့ မြို့တော်က"လို့ ကိုဗစ်လူနာနဲ့ သေဆုံးသူတွေကို သယ်ဆောင်ပေးရတဲ့ ပရဟိတ လူမှုကယ်ဆယ်ရေး အသင်း တာဝန်ခံက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်း
မန္တလေးမှာ ကိုဗစ်ပိုးတွေ့ရှိသူတွေကို အောက်ဆီဂျင်ကျရင် ပြည်သူ့ ဆေးရုံကြီးက လက်ခံကုသပေးပြီး ကျန်ပိုးတွေ့လူနာတွေကို ကန်တော်နဒီ ဆေးရုံမှာ တက်ရောက်ကုသဖို့ ပို့ဆောင်ပေးရတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မြို့တော်နဲ့ မင်္ဂလာ ပုဂ္ဂလိကဆေးရုံမှာလည်း ကိုဗစ်ပိုးတွေ့လူနာတွေကို လက်ခံကုသပေးတယ်လို့ ဆိုပါတယ်။
မနေ့ကအထိ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ မန္တလေးတိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၄ ယောက် ရှိပါတယ်။ အများစုက ပြင်ဦးလွင်မြို့နယ်က ဖြစ်ပြီး မန္တလေးမြို့က မြို့နယ်အများစုလည်း ကိုဗစ်ပိုးတွေ့လူနာတွေ ရှိနေပါတယ်။
တစ်နိုင်ငံလုံး ကိုဗစ် ကူးစက်သူအနေနဲ့ကတော့ ဒီသီတင်းပတ် နောက်ဆုံးရက်ပိုင်းတွေမှာ ပိုးကူးစက်သူ နေ့စဥ် ထောင်ကျော် တွေ့ရှိလာနေပြီး နေ့စဥ် ပိုးတွေ့ရှိသူက ရာချီတိုးလာနေပါတယ်။
ရန်ကုန်မြို့မှာလည်း ဖေဖော်ဝါရီလဆန်းက စပြီး ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်မှုတွေရှိလာတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုတွေရှိသလို ကိုဗစ်ကုသရေးစင်တာတွေမှာလည်း လူနာတွေပြည့်နေတဲ့ အခြေအနေရှိတယ်လို့ ရန်ကုန်မြို့က စင်တာတွေကနေ သိရပါတယ်။
အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ပိုးဟာ ယခင်ကိုဗစ်ပိုးတွေထက် လျင်လျင်မြန်မြန် ပိုကူးစက်နိုင်တာကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်တွေကို ပိုပြီး ထိထိရောက်ရောက်လုပ်တာတွေ၊ ကိုဗစ်စင်တာတွေကို ပြန်ဖွင့်တာတွေ၊ အခမဲ့ စစ်ဆေးပေးတာတွေကို လုပ်ပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။








