မင်္ဂလာဒုံက စက်ရုံတစ်ရုံမှာ အိုမီခရွန် ကူးစက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ခုကနေ ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၇၁၈ ဦးတွေ့ရှိခဲ့ပြီးနောက် အဲ့ဒီအထဲက ၁၀ ဦးကို ဓာတ်ခွဲ စမ်းသပ်ခဲ့ရာ ကိုဗစ်ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါတွေ့ရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲ့ဒီလူနာ ၁၀ ဦးအနက် ရောဂါလက္ခဏာရှိသူ ၃ ဦးကို သတ်မှတ် ဆေးရုံမှာ ကုသထားပြီး ကျန် ၇ ဦးကို သီးခြားခွဲထားရှိကြောင်း သူတို့နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲစမ်းသပ်နေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခု အိုမီခရွန်တွေ့ရှိတဲ့ စက်ရုံဟာ Myanmar Asia Optical လို့ခေါ်တဲ့ အောင်မင်္ဂလာ အဝေးပြေးအလွန် မင်္ဂလာဒုံစက်မှုဇုန်ထဲက စက်ရုံဖြစ်တယ်လို့ စက်ရုံလုပ်သားတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘယ်က ဘယ်လို ဒီစက်ရုံမှာ ကူးစက်မှုဖြစ်လာတယ်ဆိုတာ မဖော်ပြထားပါဘူး။
ဒီစက်ရုံဟာ အလုပ်သမားထောင်ချီပြီး လည်ပတ်လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပြီးတော့ စက်ရုံလုပ်သားတွေဟာ စက်ရုံအဆောင်မှာပဲ နေပြီး အပြင်ထွက်ခွင့်ကန့်သတ်ထားတဲ့အတွက် ကူးစက်မှု ဘယ်လိုရောက်လာခဲ့သလဲဆိုတာကိုလည်း စက်ရုံလုပ်သားတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကတော့ စက်ရုံဘက်က ကိုဗစ် ကူးစက်မှုတွေဖြစ်နေလို့ အပြင်ရောက်နေတဲ့ ဝန်ထမ်းတွေ စက်ရုံထဲကို မဝင်ရသလို စက်ရုံထဲက ဝန်ထမ်းတွေလည်း အပြင်မထွက်ရဘူးလို့ စက်ရုံဘက်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးကတော့"အစုလိုက်အပြုံလိုက် ကူးစက်မှုတွေကို မပေါ့ဆဘဲ သတိထားစောင့်ကြပ် ကြည့်ရှုရပါမယ်။ ဒါတွေက မျှော်လင့်ထားတဲ့ ကိစ္စတွေပါပဲ။ မမျှော်လင့်ထားတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အိုမီခရွန်ရဲ့ လက္ခဏာတွေက တုပ်ကွေးဆန်တဲ့လက္ခဏာ၊ အသက်ရှူလက်ကြောင်းဆိုင်ရာ လက္ခဏာတွေပြတာပေါ့နော်။ အထူးသဖြင့် လည်ချောင်းနာမယ် နှာရည်ယိုမယ်။ချောင်းဆိုးမယ်ပေါ့နော်။ ခန္ဓာကိုယ် အားအင်ကုန်ခန်းမယ်။ ခေါင်းကိုက်မယ်ပေါ့။ ဒါလေးတွေက မိသားစုမှာပဲတွေ့တွေ့ ၊ စက်ရုံအလုပ်ရုံမှာပဲတွေ့တွေ့ နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်းဆက်သွယ်အကြောင်းကြားပြီးတော့ network ထဲကိုရောက်လာအောင် သတင်းပေးဖို့လိုပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က လိုအပ်တာတွေဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ " လို့ပြောပါတယ်။
ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကိုလည်း စက်ရုံတွေမှာ ရှိတဲ့လူဦးရေ အစိတ်အပိုင်းရဲ့ ငါးပုံတစ်ပုံ၊ လေးပုံတစ်ပုံလောက်သာ ထိုးထားတာကို တွေ့ရတဲ့အကြောင်း၊ ဆေးထိုးဖို့ ကျန်တဲ့စက်ရုံတွေ ၊ ရုံးတွေ အနေနဲ့လည်း ကာကွယ်ဆေးမထိုးရသေးရင် ထိုးထားဖို့လိုတယ်လို့လည်း ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျိုးကွဲသစ် အိုမီခရွန်ဟာ ကူးစက်မှုနူန်း မြန်ဆန်ပြီး အစောပိုင်းသုတေသန ပြုချက်တွေအရ အရင်ကိုဗစ် မျိုးကွဲ ဒယ်လတာနဲ့ နှိုင်းယှာဥ်ရင်ရောဂါပြင်းထန်မှုလျော့နည်းတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုဗစ် တတိယလှိုင်းမှာ ရန်ကုန်တိုင်းဟာ ကိုဗစ်ရောဂါ ကူးစက် သေဆုံးသူ များခဲ့တဲ့ တိုင်းတစ်ခုဖြစ်တာကြောင့် အခုလို ကူးစက်မှုမြန်တဲ့အိုမီခရွန်ပိုး ကူးစက်ပြန့်ပွားလာလို့ စက်ရုံတွေပိတ်မှာကို မင်္ဂလာဒုံမြို့နယ် စက်ရုံအလုပ်သမားအချို့က စိုးရိမ်နေပါတယ်။
" စိုးရိမ်တာပေါ့။ နှာခေါင်းစည်းတွေရော၊ တခြားကုန်ဈေးနုန်းတွေရော ဈေးတက်နေတော့ရော ဈေးတက်နေတော့ တခြားအလုပ်သမားတွေကလည်း ပိုက်ဆံအဆင်မပြေတာတွေရှိတယ်။"လို့ စက်ရုံအလုပ်သမား တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MAOI
အိုမီခရွန်ကူးစက်ခ့ရတဲ့ ဒီ မှန်ဘီလူးစက်ရုံဟာ ကိုဗစ် ဒုတိယလှိုင်းကာလ မနှစ်ကလည်း စက်ရုံတွင်း အများအပြား ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး၊ စက်ရုံဝန်ထမ်း ၃၀၀ကျော် ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။
ယခုတစ်ကြိမ် ကူးစက်ခံရသူတွေ့ရှိမှုဟာ ဝန် ထမ်းပေါင်း ၇၀၀ ကျော်မှာတွေ့ရှိတာကြောင့် ယခင်ထက် ပိုများလာတယ်လို့လည်း စက်ရုနဲ့နီးစပ်သူလုပ်သားတွေက ပြောပါတယ်။
အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ပိုးဟာ ယခင်ကိုဗစ်ပိုးတွေထက်လျင်လျင်မြန်မြန် ပိုကူးစက်နိုင်တာကြောင့်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်တွေကို ပိုပြီး ထိထိရောက်ရောက်လုပ်တာတွေ၊ ကိုဗစ်စင်တာတွေကို ပြန်ဖွင့်တာတွေ၊ အခမဲ့ စစ်ဆေးပေးတာတွေကို လုပ်ပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။
အိုမီခရွန် ရောဂါပိုး ကူးစက်မှုတွေမများအောင် ဆောင်ရန်၊ ရှောင်ရန်တွေကိုတော့ အထွေထွေရောဂါကု သမားတော်ကြီတစ်ယောက်က " နည်းစနစ်တကျ ပိုပြီး တိတိကျကျ လုပ်ဖို့လိုတယ်။ အိုမီခရွန်က ထင်ထားသလိုပဲ တဖြည်းဖြည်းနဲ့ ကူးစက်မှုတွေ မြင့်လာပါပြီ။ "လို့ပြောပါတယ်။
ကိုဗစ်စည်းကမ်းတွေအတိုင်း နှာခေါင်းစည်းတပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာ၊ လက်ကိုသေချာဆေးတာတွေ အပါဝင် ကိုဗစ်ရောဂါပိုး ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လုပ်သွားဖို့ကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အသွင်ပြောင်း အိုမီခရွန်ပိုး တွေ့ရှိသူ အယောက် ၃၂၀ ရှိနေပြီး အဲဒီထဲက ၈၂ ယောက်ဟာ ပြည်တွင်းကူးစက်မှုတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူဦးရေပေါင်း ၅ သိန်း ၃ သောင်းကျော်ရှိနေပြီး သေဆုံးသူ ၁ သောင်း ၉ ထောင်ကျော်ရှိပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့ ဦးရေကတော့ ၄၁.၁၉ သန်းရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ယူအေအီးနိုင်ငံက ပြန်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ဦးမှာ စတင်တွေ့ရှိခဲ့ပြီး တော့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြည်တွင်းကူးစက်မှုအဖြစ် ၇၂ ဦး မြန်မာ အိန္ဒိယနယ်စပ် တမူးမြို့ကနေ စတင်တွေ့ရှိခဲ့ပါတယ်။
ရန်ကုန်မှာ အိုမီခရွန်တွေ့တာကတော့ မင်္ဂလာဒုံ စက်မှုဇုန် စက်ရုံက ပထမဆုံးဖြစ်ပြီးတော့ အဲ့ဒီစက်ရုံက ဓာတ်ခွဲနမူနာ ၁၀ ခုကို ယူပြီးစစ်ဆေးခဲ့တာမှာ တွေ့ရှိတာဖြစ်ပြီးတော့ ကျန် စက်ရုံတစ်ရုံတည်းက ကိုဗစ် ကူးစက်ခံထားရတဲ့ စက်ရုံလုပ်သား ၇၀၀ ကျော်လည်း ကိုဗစ်ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်ဖြစ်နိုင်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေကပြောပါတယ်။








