ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ ကိုဗစ်နဲ့ အောက်ဆီဂျင်ဇာတ်လမ်းများ
အရေးပေါ်အခြေအနေ ကြေညာခံထားရတဲ့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင်ဟာ အရေးပေါ်လိုအပ်ချက် ဖြစ်လာပြီးတော့ ကိုဗစ်လူနာတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့ ပတ်သက်လို့လူတွေကြားမှာ ပြောစမှတ်တွင်စရာ ရင့်နင့်စရာဇာတ်လမ်းတွေက နေရာအနှံ့က ကြားနေခဲ့ရပါတယ်။
အာဏာသိမ်းခံရမှု၊ လူပေါင်း ကိုးရာကျော်သေဆုံးမှုတွေ နဲ့ စိတ်မကောင်းဖြစ်နေကြတဲ့ တိုင်းပြည်မှာ ကိုဗစ် တတိယလှိုင်းက ကြေကွဲစရာ အောက်ဆီဂျင်ဇာတ်လမ်းတွေ ယူလာတာပါ။
'ကျွန်တော့်အမေ အောက်စီဂျင် တကယ်လိုအပ်နေတာပါဗျာ။ ကူညီပေးကြဗျာ။ ဒီညတစ်ညလေးပါပဲဗျာ။ ' လို့ ဇူလိုင် ၁၂ ရက်ညပိုင်းမှာ လှိုင်သာယာမှာနေထိုင်တဲ့ ကိုမိုးဇက်က လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
ဒါပေမဲ့ အောက်ဆီဂျင် ပေးဖို့ အတွက် သူ့ဖုန်းကို ဆက်သွယ်လာကြချိန်မှာတော့ သူ့မိခင်က သူ့လက်ပေါ်မှာဆုံးပါးခဲ့ရပါပြီ။သူ့ကိုအကူအညီပေးဖို့ ဆက်သွယ်လာကြသူတွေထဲ သူ့လိုပဲ မကြာသေးမီကပဲ မိသားစုဝင်တွေ ဆုံးပါးသွားသူတွေလည်း ပါဝင်ပါတယ်။အခုရက်ပိုင်းတွေအတွင်း လူမှုကွန်ရက်မှာ အတွေ့ရအများဆုံးကတော့ အောက်ဆီဂျင်အရေးပေါ်လိုအပ်လို့ အကူအညီတောင်းခံစာတွေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ အကူအညီတောင်းတဲ့စာမှာ လူနာဆုံးပါးသွားတဲ့အကြောင်း ဖြည့်စွက်အသိပေးစာလေးပါ တက်လာတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရတာပါ။
အောက်ဆီဂျင်မရလို့ ဆုံးပါးရသူတွေ
သတင်းလိုက်နေရင်းဖမ်းဆီးခံရလို့ မကြာသေးခင်ကမှ အင်းစိန်ထောင်က လွတ်လာတဲ့ မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးရဲ့ မိခင်လည်း ဇူလိုင် ၁၃ ရက်မနက်မှာ အောက်ဆီဂျင်ပြတ်ပြီး ကွယ်လွန်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
မကေဇွန်နွေးအတွက်လည်း အောက်ဆီဂျင်လိုအပ်နေလို့ သူ့မိတ်ဆွေတွေက ရှာဖွေပေးခဲ့ရပါတယ်။
ဒါ့အပြင် အောက်ဆီဂျင်အိုးဖြည့်ဖို့ တန်းစီနေတုန်းမှာ အိမ်ကရောဂါသည် ဆုံးသွားတဲ့ ဖြစ်ရပ်ဟာ ရန်ကုန်ရော မန္တလေးမှာပါ ဖြစ်နေတဲ့ တူညီတဲ့ဇာတ်လမ်း ဖြစ်လာနေတယ်လို့ အောက်ဆီဂျင်လှူနေတဲ့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
'အစ်ကို၊ မဖြည့်နဲ့တော့၊ ဆုံးသွားပြီ ဆိုတာ အပြင်မှာတကယ်ဖြစ်နေတာ' လို့ မန္တလေးမှာအောက်ဆီဂျင်လှူနေတဲ့ ကိုထက်က ပြောပါတယ်။
ညမထွက်ရအမိန့်ထုတ်ထားချိန်မှာ မြောက်ပြင်ကနေ အမရပူရအထိ ဆိုင်ကယ်နဲ့ အောက်ဆီဂျင် သုံး ခါ လာဖြည့်တဲ့လူငယ်တစ်ယောက်အကြောင်းကိုလည်း သူက ဆက်ပြောပြပါတယ်။
`ကျွန်တော်မှ ခုလိုမလာရင်ကျွန်တော့အမေကိုကယ်နိုင်မှာမဟုတ်ဘူး ဘယ်ချိန်ဖြစ်ဖြစ်လာရမှာပဲ အစ်ကိုရာ'လို့ အဲ့ဒီလူငယ်ကပြောတဲ့အကြောင်း သူက ပြောပါတယ်။
ဒါပေမဲ့ ညီမ ဖြစ်သူ အောက်ဆီဂျင်ကျလို့ အမြန်သွားရှာတဲ့ အစ်ကို လမ်းမှာ မတော်တဆမှုနဲ့ဆုံးပါးမှုလည်း ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းကဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်ကြောင့် မိဘနှစ်ပါးလုံး ဆုံးပါးသွားသူတောင် ရှိနေတာပါ။မမျှော်လင့်ဘဲ မိသားစုဝင်တွေ နေ့မြင်ညပျောက် အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။
ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုထွန်းဆိုရင် အဖေရော အဖိုးပါ အောက်ဆီဂျင်ပြတ်ပြီး ဆုံးရှုံးခဲ့ပါတယ်။အဖေကို တော့ ဆေးရုံတင်နိုင်ခဲ့ပေမယ့် အဘိုးကတော့ အိမ်မှာ အောက်ဆီဂျင်ပေးနေရင်း ဆုံးတာဖြစ်ပါတယ်။
ဆေးရုံတွေမှာလည်း အောက်ဆီဂျင်လိုအပ်နေ
အဘိုးကို ဆေးရုံမတင်ဘူးလားလို့ ဘီဘီစီက မေးတဲ့အခါ 'အဖေ့ကိုတောင် မနည်းပြောပြီးတင်ခဲ့ရတယ်' လို့ ကိုထွန်းက ပြောပါတယ်။
ကိုမိုးဇက်ဟာဆိုရင်လည်း သူ့မိခင်မဆုံးပါးခင်ညနေခင်းမှာ မင်္ဂလာဒုံ စစ်ဆေးရုံ၊ မြောက်ဥက္ကလာပ ဆေးရုံ ၊အင်းစိန် ဆေးရုံ နဲ့ ရန်ကုန် ဆေးရုံကြီး တွေကို လိုက်ပို့ခဲ့ပါသေးတယ်။
သူ့အမေ အောက်ဆီဂျင်ကျ နေတဲ့အကြောင်းပဲ ဆရာဝန်တွေက ပြောနိုင်ပြီး ဆေးရုံမှာတော့ ကုသပေးဖို့ မခေါ်ထားလိုက်နိုင်ကြပါဘူး။
' ဆေးရုံမှာလည်း အောက်ဆီဂျင်မရှိဘူးလို့ ဆရာဝန်တွေကပြောတယ်။ အဲ့ဒါနဲ့ အိမ်ကိုပြန်ခေါ်လာခဲ့တာ' လို့ သူကပြောပါတယ်။
ဆေးရုံက လက်ခံတဲ့ လူနာတချို့လည်း ကိုယ့်အောက်ဆီဂျင် ကိုယ်ဆောင်သွားရတယ်လို့ သတင်းအရင်းအမြစ်တချို့ကပြောပါတယ်။
ကိုဗစ်ဒုတိယလှိုင်းတုန်းက ရန်ကုန်ဆေးရုံကြီးမှာတာဝန်ကျခဲ့တဲ့ ဆရာဝန်တစ်ယောက်က လူတွေအခုလို အောက်ဆီဂျင် အပူတပြင်းလိုအပ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။ဆေးရုံကြီးမှာ အပေါဆုံးက အောက်ဆီဂျင် လို့ သူကပြောပြီး Wall line တွေနဲ့ ကုတင်တွေကိုချိတ်ထားတဲ့အကြောင်း ပြောပါတယ်။ တစ်ခါတလေ စက်ချို့ယွင်းလို့ အောက်ဆီဂျင်ပြုတ်ကျသွားရင် အင်ဂျင်နီယာကို ဖုန်းဆက်လိုက်ရုံပဲ လို့ သူကပြောပါတယ်။
' အဲ့ဒီတုန်းက လူနာတွေ အောက်ဆီဂျင် ၃ မိနစ်လောက်ကျသွားရင်ကို ပြာနေပြီ။ ခုလို ကမ္ဘာပျက်နေတာ ရတော့ ငိုချင်တယ်' လို့ ဒေါက်တာကပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးကတော့ ဒေသန္တရကျန်းမာရေးဌာနတွေကို ချိတ်ဆက်တိုင်ပင်လို့ လိုအပ်ရင် ဆေးရုံတက်ဖို့စီစဥ်ပေးတဲ့အကြောင်း ပြောပါတယ်။
ဒါကလည်း လက်တွေ့မှာတော့ အဆင်မပြေတဲ့အကြောင်း လူနာရှင်တွေနဲ့ ပရဟိတ သမားတွေကပြောပါတယ်။
'ဆေးရုံတွေကလက်မခံလို့ လက်ခံမယ့်ဆေးရုံ ပတ်ပြီးရှာနေတုန်း ကျွန်တော့်ကားပေါ်မှာတင် လူနာဆုံးတယ်' လို့ ဒေါပုံမြို့နယ်ထဲက ပရဟိတလူနာတင်ယာဥ်မောင်းတစ်ဦးက သူ့အတွေ့အကြုံကိုပြောပါတယ်။
မျက်ရည်ဝဲရတဲ့ အလှူတွေ
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ စက်မှုဇုန် သုံးခုရှိပြီး အောက်ဆီဂျင် ထုတ်တဲ့စက်ရုံတချို့နဲ့ အောက်ဆီဂျင် ရောင်းတဲ့ ဆိုင်ကြီးတချို့ ရှိပါတယ်။
ကိုလှိုင်မျိုးတစ်ယောက် သူ့မိဘတွေ ရုတ်တရက် အောက်ဆီဂျင်ကျရင် ဆောင်ထားဖို့ ဇူလိုင် ပထမပတ်ထဲက သွားဝယ်ခဲ့တာပါ။ သူ့အိမ်မှာတော့ ကိုဗစ်ကူးစက်တာမရှိသေးပါဘူး။ ၁၀ လီတာ အောက်ဆီဂျင်တစ်လုံးကို မူရင်းစျေးထက် တစ်သိန်းကျော် ပိုပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။ ဆိုင်မှာလည်း လာဝယ်သူတွေ ပြည့်နေတာပါ။
ဒါပေမယ့် အဲ့ဒီအောက်ဆီဂျင် ကို သူ့အိမ်အတွက် မသုံးလိုက်ရပါဘူး။ မိတ်ဆွေတစ်ယောက်ရဲ့ အဖေ အသဲအသန်ဖြစ်နေလို့ ပေးလိုက်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ မိဘနှစ်ဦးလုံးလည်း ကိုဗစ်ကြောင့်ပဲ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ကြပါတယ်။
သူ့မိတ်ဆွေကလည်း အဲ့ဒီအောက်ဆီဂျင်ဘူးကို လိုအပ်တဲ့သူတွေအတွက် ပြန်လှူခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ အောက်ဆီဂျင် အသည်းအသန်လိုနေတာကို မကြည့်ရက်လို့ ရှာဖွေလှူဒါန်းပေးတဲ့သူတွေလည်း မကြာခင်သူ့အိမ်မှာ ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ပြန်လိုနေတာမျိုးကိုကြုံနေကြရတာပါ။
ကိုဗစ်မဖြစ်ခင် နှစ်အတန်ကြာကထဲက ဖွဲ့ထားတဲ့ ဒေါပုံမြို့နယ်ထဲက နွယ်အေးလူမှုကူညီရေးအသင်းရဲ့ ဝန်ဆောင်မှုတွေထဲမှာ အောက်ဆီဂျင်အလှူလည်းပါပါတယ်။
အသင်းစဖွဲ့တုန်းက တစ်ရက်ကို အောက်ဆီဂျင်အရေးပေါ်လိုအပ်သူက ဆယ်ယောက်ထက်မပိုဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းလတ်က ဆိုပါတယ်။
ကိုဗစ် တတိယလှိုင်းမှာတော့ တစ်ရက် တစ်ရက်ကို လူရာကျော်က မိုးရွာရွာ၊နေပူပူ လာတန်းစီနေကြပြီး မျက်နှာပေါ်မှာ အပူတွေနဲ့လို့ သူကပြောပါတယ်။
သူတို့အသင်းကို အောက်ဆီဂျင်လိုအပ်နေသူတွေရဲ့ အကူအညီတောင်းခံတဲ့ ဖုန်းတွေလည်း တစ်နေကုန်နီးပါးဝင်နေတယ်လို့ဆိုပါတယ်။
'အောက်ဆီဂျင်ရလား ဖုန်းဆက်မေးရင်းနဲ့ကို လူနာက ဆုံးသွားတာမျိုးတွေ ခဏခဏကြုံလာရတယ်' လို့ ဦးဇော်မင်းလတ်က ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အောက်ဆီဂျင်ရရှိနိုင်တယ်လို့ ကြေညာထားတဲ့ ဖုန်းအတော်များများ စက်ပိတ်ထားတာကိုလည်း ကြုံရပါတယ်။
စစ်ကောင်စီဘက်ရဲ့ အောက်ဆီဂျင်မူ
စစ်အုပ်ချုပ်ရေးမြို့နယ် ဒဂုံ(တောင်) စက်မှုဇုန် (၁)၊ လွိုင်ကော်လမ်းက အောက်ဆီဂျင်စက်ရုံမှာ ဝယ်ယူဖို့ တန်းစီသူ တွေကို စစ်တပ်က သေနတ်လေးချက်ဖောက်ပြီး အိမ်ပြန်ခိုင်းခဲ့တဲ့ ဖြစ်စဉ် ဇူလိုင် ၁၂ ရက် ည ၁၀ နာရီကျော်က ဖြစ်ခဲ့တယ်လို့ သွားတန်းစီသူတွေကပြောပါတယ်။
(စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဥ်မဖြစ်ခဲ့ဘူး လို့ငြင်းပါတယ်။)
အောက်ဆီဂျင်အဓိကလိုအပ်နေတဲ့ ဆေးရုံဆေးခန်းတွေကိုဖြန့်ပေးဖို့ ပုဂ္ဂလိက အောက်ဆီဂျင်ထုတ်စက်ရုံတချို့မှာ တစ်ဦးချင်းလာရောက်ထုတ်ယူမှုတွေကို ကန့်သတ်ထားတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
'တကယ်လိုအပ်လို့ အောက်ဆီဂျင်သွားဖြည့်ချင်ရင် သက်ဆိုင်ရာနယ်မြေက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ထောက်ခံချက်နဲ့ သွားရောက်ဖြည့်တင်းနိုင်တယ်'လို့ သူက ဆက်ပြောပါတယ်။
တပ်မတော်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် အင်းစိန်စက်ရုံ နဲ့ သင်္ဘောကျင်းစက်ရုံ အပါအဝင် တပ်မတော်ဆေးရုံတွေမှာ အောက်ဆီဂျင် ထုတ်လုပ်တဲ့နေရာတွေ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အောက်ဆီဂျင် လိုအပ်ချက်အပေါ် အခွင့်ကောင်းယူပြီး အွန်လိုင်းပေါ်က လိမ်ညာမှုတချို့နဲ့ မလိုအပ်ဘဲနဲ့ အောက်ဆီဂျင် ဆောင်တဲ့သူတွေကို ထိန်းချုပ်ဖို့ ကန့်သတ်တာလို့ သူကပြောပါတယ်။
လိမ်ညာမှုတွေနဲ့ အဆမတန် စျေးတင်ရောင်းချမှုတွေဟာ မြေပြင်မှာ တကယ်ဖြစ်နေပြီး အလိမ်ခံလိုက်ရတဲ့သူတွေက ဒါကိုထုတ်မပြောချင်ကြပါဘူး။
'လိမ်တာတွေ စျေးတင် ရောင်းတာတွေကြောင့် ဆိုပြီး အောက်ဆီဂျင်ပေးနေတာတွေ လိုက်ပိတ်ရင် အကုန်သေကုန်လိမ့်မယ်' လို့ မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်ကို စျေးအဆမတန်ပေးပြီး ဝယ်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကတော့ အောက်ဆီဂျင်ဟာ အသွားနှစ်ဖက်နဲ့ ဓားလို့ တင်စားပါတယ်။
ကျွမ်းကျင်သူတွေလက်မှာ သုံးတတ်ရင်ဆေးဖြစ်ပြီး မသုံးတတ်သူတွေလက်ထဲမှာ ဘေးဖြစ်စေနိုင်လို့ ကျွမ်းကျင်သူတွေနဲ့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး သုံးသင့်တယ်လို့ ထုတ်ပြန်ပါတယ်။
ရောဂါဖြစ်ပွားသူများ၏ ၁၅% သည် ရောဂါပြင်းထန်ပြီး အောက်ဆီဂျင် လိုအပ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်ကို သူတို့က ကိုးကားပါတယ်။
'အိမ်မှာအောက်ဆီဂျင်မလိုအပ်ဘဲ ဆောင်ထားရင် တကယ်လိုတဲ့သူတွေ အခက်တွေ့မယ်' လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
လက်တွေ့မြေပြင်မှာတော့ အိမ်မှာ အောက်ဆီဂျင် ဆောင်ထားသူအများစုဟာ ဆရာဝန်တွေကို ဖုန်းဆက်အကြံဥာဏ်ယူပြီးမှ အသုံးပြုနေကြတာဖြစ်ပါတယ်။
အောက်ဆီဂျင်ပေးလိုက်လို့ သိသိသာသာကို အခြေအနေကောင်းလာသူတွေလည်း ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ရုရှားက ပြန်လာပြီးကထဲက ၁၀ ရက်ကျော် အကြာမှာ စစ်ကောင်စီ ဥက္ကဋ္ဌဟာ ကိုဗစ်ကုသထိန်းချုပ်ရေးအစည်းအဝေးကို ၂ ရက်ဆက် လုပ်ခဲ့ပြီးအောက်ဆီဂျင်ကိစ္စကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဆောင်ရွက်နေသူတွေ ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အောက်ဆီဂျင် လုံလုံလောက်လောက်ရှိနေတယ်လို့လည်း ကိုဗစ်အစည်းအဝေးမှာသူကပြောပါတယ်။
မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက်တွေနဲ့ အတော်ကွဲလွဲနေတဲ့အတွက် စိတ်ဆိုးဒေါသထွက်နေကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ရှားရှားပါးပါးထောက်ခံသူတွေထဲက တချို့တောင် အောက်ဆီဂျင်ကိစ္စနဲ့ ဗိုလ်ချုပ်မှူးကြီး ကို လူမှုကွန်ရက်မှာ အပြင်းအထန်ဝေဖန်ထားတာ တွေ့ရပါတယ်။
' မလိုအပ်ဘဲနဲ့ ဘယ်သူမှ မိုးလင်းမိုးချုပ် အသဲအသန်ရှာမနေဘူး။ သူတို့ ပြောနေတာတွေတစ်ခုမှမဟုတ်ဘူး 'လို့ အဖေရောအဖိုးပါ ဆုံးရှုံးထားတဲ့ ကိုထွန်းက ပြောပါတယ်။
ရွှေသမင် ဘယ်ကထွက်
ရပ်ကွက်ဓမ္မာရုံနဲ့ ပရဟိတ အသင်းတွေမှာ ထောင်ထားတဲ့ အရောင်လွင့်နေတဲ့ အောက်ဆီဂျင်အိုးတွေဟာ လူအများရဲ့ အဓိကလိုအပ်ချက် ဖြစ်လာလိမ့်မယ်လို့ အရင်က မတွေးထင်ခဲ့ကြပါဘူး။
ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်း တုန်းက အောက်ဆီဂျင် မလိုအပ်ခဲ့ဘဲ အခုမှ ဘာကြောင့်အရေးပေါ်လိုအပ်လာတာပါလဲ။
အရင်လှိုင်းတွေတုန်းက ဆေးရုံတွေ၊ ကွာရန်တင်းစင်တာတွေ အလုံအလောက်ရှိပြီး လိုအပ်တဲ့ကုသမှုရရှိလို့ လူနာတွေအတွက် အောက်ဆီဂျင်က ပြဿနာမဟုတ်ခဲ့ပါဘူး။
ဖေဖော်ဝါရီ (၁) ရက်အာဏာသိမ်းမှုက ကိုဗစ် တိုက်ဖျက်ရေး အခြေခံအဆောက်အအုံ အားလုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ နောက်ဆုံးပတ်မှာစတင်တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ စီမံကိန်းလည်း ကမောက်ကမ ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်ဆေးလာမထိုးသူတွေ ၄ သိန်းကျော်ရှိခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဖီဆန် တဲ့အနေနဲ့ ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းက ဆရာဝန်တွေ ဆေးရုံ တွေကို စွန့်ခွာခဲ့ကြပါတယ်။
ရောဂါကူးမှာကြောက်လို့ အိမ်ထဲမှာနေနေကြသူတွေ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။အိမ်နီးချင်းနိုင်ငံတွေ မှာ ကိုဗစ် ပြင်းထန်နေချိန်မှာ မြန်မာပြည်သူတွေက ဘဏ်ထဲက ကိုယ့်ပိုက်ဆံပြန်ရဖို့ နာရီပေါင်းများစွာ တန်းစီနေခဲ့ကြရပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဆေးရုံ၊ကျောင်းနဲ့ ရပ်ကွက်ရုံးတွေတောင် မလည်ပတ်နိုင်လို့ သူတို့ပြောတဲ့ ဒေသန္တရကျန်းမာရေး ဌာနကနေ ချိတ်ဆက်ပြီး ဆေးရုံတင်ဖို့ကိစ္စဟာ အမိန့်စာပေါ်မှာပဲ ဖတ်လို့ကောင်းပြီး အပြင်မှာအသက်မဝင်ပါဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ဆရာဝန် ရာချီ ကို ဖမ်းဝရန်းထုတ်ပြီး အပြင်ဆေးရုံတွေမှာတောင် ကုသခွင့်ပိတ်ပင်ထားတဲ့အကျိုးဆက်လည်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
' ဆေးရုံမှာ ကုတင်တွေရှိတယ်။ဆရာဝန်တွေရှိမနေတာ ' လို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီထံက လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် အိမ်မှာအရေးပေါ်ကုဖို့ အောက်ဆီဂျင်ဆောင်ကြသူတွေအပေါ် အပြစ်မမြင်ဘူး လို့ CDM လုပ်နေတဲ့ ဆရာဝန်တွေကပြောပါတယ်။
'သူတို့က ကျွန်မတို့ကို အပြစ်ရှိသလို ခံစားရအောင်လုပ်နေတာ' လို့ CDM ဆရာဝန်တစ်ဦးကပြောပါတယ်။
အောက်ဆီဂျင် ဆောင်ကြတဲ့သူတွေကဆောင် ဆေးတွေလိုက်ဝယ်ကြတဲ့သူကဝယ်နဲ့ ဆေးဆိုင်တွေမှာ ပစ္စည်းတွေပြတ်လပ်သလောက်ဖြစ်နေပါတယ်။
ကိုယ့်ရဲ့အိမ်ကို လူနာဆောင် လုပ်ဖို့ပြင်ဆင်နေကြတာပါ။ကျန်းမာရေးဝန်ကြီးဌာန က ဒေါက်တာ ခင်ခင်ကြီးကတော့ အိမ်မှာကုတဲ့ အစီအစဥ်ကိုအားမပေးပါဘူး။
'ဒါ တစ်ကမ္ဘာလုံးကူးစက်နေတဲ့ ကပ်ရောဂါ။ ဒါကို အိမ်မှာကုဖို့ အဲ့ဒီလောက်မလွယ်ဘူး' လို့ သူကပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဆေးရုံနဲ့ ကွာရန်တင်းစင်တာမှာ ကိုဗစ်ထိန်းချုပ်ရေးကို သူတို့အပြည့်အဝ မလုပ်နိုင်ဘူးလို့ ဝန်ခံပါတယ်။
အိန္ဒိယနယ်စပ်က တွန်းဇံနဲ့ တမူး မြို့တွေဟာ ကိုဗစ် တတိယလှိုင်းမှာ အိမ်မှာနေဖို့ ပထမဆုံး အမိန့်ထုတ်ခံရတဲ့မြို့တွေဖြစ်ပြီး မေလ ၂၉ ရက်က ထုတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်က အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံရေး မတည်ငြိမ်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ မြန်မာပြည်သူတွေဟာ ဘဏ်ထဲက ကိုယ့်ငွေကိုယ်တောင် လိုသလောက်ပြန်ထုတ်မရဘဲ ATM စက်တွေရှေ့မှာ သွားတန်းစီနေကြရတာပါ။
စစ်ကောင်စီအနေနဲ့လည်း စာသင်ကျောင်းတွေပြန်ဖွင့်ဖို့က ပထမဦးစားပေးဖြစ်ခဲ့ပါတယ်။ အိမ်မှာနေဖို့ ပထမဆုံးအမိန့်ထုတ်ပြီး တစ်လကျော်ကြာမှာတော့ အိမ်မှာနေဖို့ အမိန့်ထုတ်ခံရတဲ့ မြို့နယ်က ၇၄ မြို့နယ်အထိ ဖြစ်လာခဲ့တာပါ။
အာဏာမသိမ်းခင်က ၂ ရာခိုင်နှုန်းတောင်မရှိခဲ့တဲ့ ကိုဗစ်တွေ့ရှိမှုဟာ အခုတော့ ၃၅ ရာခိုင်နှုန်းလောက်အထိ တက်လာပါတယ်။ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းဟာ ဆိုရင်လည်း ဇန်နဝါရီလကုန်က ၆ ယောက်ရှိရာကနေ အခုတော့ ရာဂဏန်းအထိရှိလာတာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ်ထိန်းချုပ်ကုသရေးအတွက် တပ်မတော်က အရင်းအမြစ်တွေကို အသုံးပြုခွင့်ပေးပြီး ဘတ်ဂျတ်ကိုပါ ကန့်သတ်မထားဘူး လို့ပြောပါတယ်။
တစ်နိုင်ငံလုံးက အောက်ဆီဂျင်ထုတ်လုပ်မှု တွေကို သိအောင်လုပ်ထားပြီး လိုအပ်တဲ့နေရာတွေကို အမြန်ဆုံးပို့ပေးဖို့ သူ့ရဲ့ ဗိုလ်ချုပ်ကြီးတွေကို စစ်ရုံးထဲကနေ အမိန့်ပေးပါတယ်။
မြေပြင်မှာတကယ်လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်မှုကို နားလည်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လို့ မူဝါဒရေးရာကျွမ်းကျင်သူတွေကပြောပါတယ်။
'စစ်ကောင်စီကို ပိုက်ဆံပုံပေးလည်းမရဘူး။ သူ့မှာ လူအင်အားမရှိဘူး။ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူပါမှ ရမယ်' လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။