ကိုဗစ်လူနာကို အိမ်မှာ ဘယ်လိုစောင့်ရှောက်မလဲ၊

ရေးသားခဲ့သည်။

ကိုဗစ်ကူးစက်မှုက အသက်အန္တရာယ်အထိ ကျရောက်နိုင်တယ်ဆိုပေမဲ့ ကိုဗစ်ရောဂါပိုးဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ စမ်းသပ် သိရှိနိုင်ပြီဆိုရင်တောင် ကူးစက်ထားသူတိုင်း ဆေးရုံတင် ကုသခံကြဖို့ မလိုအပ်ပါဘူးလို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ကိုဗစ်ကူးပြီဆိုရင် ဘယ်လိုလူနာကို ဘယ်အဆင့်မှာ ဆေးရုံတင် ကုသသင့်တယ် ဆိုတာက ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေကသာ သတ်မှတ် ခွဲခြားပြီး လိုအပ်သလို အဆင့်ဆင့် ပြုစုစောင့်ရှောက် ကုသမှု ဆက်လက်ပေးကြရမှာဖြစ်ပါတယ်။

ဆေးရုံမှာ ကုသခံဖို့ အဆင့်ထိ မပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ကိုယ့်အိမ်မှာပဲ မိသားစုဝင်တွေ လက်တွေ့ကျကျ ဘယ်လို စောင့်ရှောက်နိုင်မလဲလို့ သိချင်ကြသူတွေအတွက် ဆေးပညာရှင်တွေက အခုလို အကြံပြုထားပါတယ်။

ကိုဗစ်လူနာတွေကို အိမ်မှာ စောင့်ရှောက်ဖို့ ဆောင်ရန် ရှောင်ရန်များ

၁။ ကိုဗစ်ပိုး စမ်းသပ်တွေ့ရှိထားသူကို အိမ်မှာ အခန်း သပ်သပ် ခွဲထားနိုင်ရင် သီးသန့်ထားပါ။ အခန်းသပ်သပ်ထားဖို့ အဆင်မပြေရင် နေရာတစ်ခု သတ်မှတ် ပေးနိုင်ပါတယ်။ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းတဲ့ နေရာ ဖြစ်သင့်ပါတယ်။ ပိုးရှိသူကတစ်ဆင့် အိမ်က တခြားသူတွေကို ဆက်မကူးအောင် နှာခေါင်းစည်း တပ်ထားသင့် ပါတယ်။

၂။ ရေချိုးခန်း အိမ်သာ ကို တခြားအိမ်သားတွေနဲ့ အတူသုံးစွဲရတဲ့ အခြေအနေဆိုရင် အိမ်သားတွေ အားလုံးသုံးပြီးအောင်စောင့်ပြီးမှ ကိုဗစ်ပိုးရှိသူ သုံးသင့်ပါတယ်။ ပြီးရင် သန့်စင်အောင် ဆေးကြာဖို့လိုပါတယ်။

၃။ ပိုးရှိသူ စားသောက်တဲ့ ပန်းကန်တွေ ခွက်တွေကို တစ်ခါသုံး ပစ္စည်းတွေ သုံးပြီး သေချာစွာ ထုပ်ပိုး စွန့်ပစ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခါသုံး ပစ္စည်း သုံးဖို့ အဆင်မပြေရင်တော့ လူနာအတွက် ပန်းကန်တွေ ခွက်တွေ သီးသန့်ထားပြီး စားသုံးပြီးတိုင်း ဆပ်ပြာ၊ ဒက်တော ပိုးသတ်ဆေးရည်တို့နဲ့ သေသေချာချာ ဆေးကြောပြီး ပြန်လည်သုံးစွဲနိုင်ပါတယ်။

၄။ ကိုဗစ်ပိုး ကူးစက်ပြီဆိုရင် အဆုတ်ကို ထိခိုက်နိုင်တဲ့ အတွက် အသက်ရှုလေ့ကျင့်ခန်း လုပ်ဖို့ အရေးကြီးတယ်လို့ လူနာတွေကို ကိုယ်တိုင် ကုသပေးဖူးတဲ့ ဆရာဝန်တွေက ပြောပါတယ်။ တရားထိုင် တရားမှတ်တဲ့အခါလုပ်လေ့ရှိတဲ့ အသက်ရှူသွင်းရှူထုတ် လုပ်သလို အသက်ရှူလေ့ကျင်ခန်း လုပ်ရင် အဆုတ်ကျန်းမာရေး အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

၅။ ကိုဗစ်ကူးစက်ပြီဆိုရင် သွေးပစ်တာ သွေးခဲတာ ဖြစ်စေတတ်တဲ့အတွက် သွေးလည်ပတ်မှု ကောင်းအောင် ခန္ဓာကိုယ် လှုပ်ရှားမှု လေ့ကျင့်ခန်းလည်း လုပ်သင့်ပါတယ်။ လမ်းလျှောက် သွားလာ လှုပ်ရှားတာမျိုး မလုပ်နိုင်တဲ့သူတွေနေနဲ့ ထိုင်နေရင်း ခြေထောက်နဲ့ လက်တွေကို အကွေးအဆန့် လုပ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ဖို့ လိုပါတယ်။

၆။ ကိုဗစ်ကူးစက်ထားသူတွေ မှောက်လျက် အိပ်တဲ့အခါ အသက်ရှူလိုက်ရင် အဆုတ်ထဲကို လေပိုရောက်နိုင်တဲ့ အတွက် မှောက်အိပ်ဖို့ ဆေးပညာရှင်တွေက အကြံပြုကြပါတယ်။ အိပ်ရတာ သက်တောင့်သက်သာ အနေအထားမှာ ကိုယ်အဆင်ပြေသလောက် အချိန်အထိ မှောက် အိပ်နိုင်တယ်လို့ဆိုပါတယ်။

၇။ ကိုဗစ် လူနာကို အိမ်မှာ ပြုစု စောင့်ရှောက်ပေးတဲ့အခါ ကိုဗစ် ပထမလှိုင်း ဒုတိယလှိုင်း ဖြစ်ခဲ့ချိန်ကတည်းက ကျင့်သားရခဲ့ပြီးသားဖြစ်တဲ့ စက္ကန့် ၂၀ ကြာအောင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ သေသေချာချာ ပွတ်သပ် ဆေးကြောဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်မှာ ကိုဗစ်ဖြစ်သူနဲ့ နီးနီးကပ်ကပ် မနေဘဲ အနည်းဆုံး ၆ ပေကွာမှာ နေသင့်ပါတယ်။

ဒါတွေကတော့ အိမ်မှာနေပြီး ကိုဗစ်လူနာတွေကို ပြုစုစောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေပါ။

မြန်မာနိုင်ငံမှာ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကူးစက်မှုတွေဖြစ်ခဲ့တုန်းက သက်ဆိုင်ရာ အာဏာပိုင်တွေက ဗိုင်းရပ်စ်ကူးစက်သူတွေ့ပြီဆိုတာနဲ့ သူတို့ကို နေအိမ်တွေကနေ သွားခေါ် ကွာရန်တင်းစင်တာတွေဆီပို့ပြီး သီးခြားခွဲထား၊ စောင့်ကြည့်ပြီး စားစရာကအစ လိုလေသေးမရှိ ပံ့ပိုးစောင့်ရှောက်ပေးခဲ့တဲ့အတွက် လူတွေကြားထဲမှာ ဆိုးဆိုးရွားရွား ဆက်လက် ကူးစက်တာ မရှိဘဲ ထိန်းနိုင်ခဲ့တယ်လို့ ဆေးပညာရှင်တွေနဲ့ ပြည်သူတွေက ပြောကြပါတယ်။

အခုကတော့ အာဏာသိမ်းမှုဖြစ်ပြီးနောက် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကြားမှာ ဆေးရုံဆေးခန်းတွေကို အလွယ်တကူ သွားလို့မရကြတဲ့ အပြင် ကိုဗစ်ရှိမရှိ စစ်ဆေးဖို့ ကုသမှု ခံယူဖို့ရာ အခက်အခဲတွေ ရှိနေတယ်လို့ ကာယကံရှင်တွေကိုယ်တိုင်နဲ့ ပရဟိတ ကူညီရေး ဖွဲ့တွေ အပါအဝင် လူအများ ပြောနေကြတာ ကြားရပါတယ်။

ကိုဗစ် ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါ ဖြစ်လို့ ရောဂါလက္ခဏာ နည်းနည်း ပိုပြင်းထန်လာပြီး အသက်ရှူမဝ ဖြစ်လာမယ်၊ အမောဖောက်လာမယ် ဆိုရင် ဆေးရုံတင် ကုသဖို့ လိုပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ရောဂါအခံရှိသူတွေနဲ့ အသက်ကြီးပိုင်းတွေက ပိုမောတတ်ကြပြီး အောက်ဆီဂျင် လိုပါတယ်။

အောက်ဆီဂျင် ဘယ်အချိန်လိုသလဲ

မောလာပြီဆိုရင် အောက်ဆီဂျင်ရှူတာက အထောက်အကူဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပမာဏလိုသလဲ၊ ဘယ်အချိန်မှာ လိုသလဲ၊ ဆေးပညာကျွမ်းကျင်သူရဲ့ အကြံပြုချက် မပါဘဲ အိမ်မှာကိုယ့်သဘောနဲ့ကိုယ်ပေးတာကရော ဘေးကင်းစိတ်ချရရဲ့ လားဆိုတာ မေးစရာဖြစ်လာပါတယ်။

လူအများ ဆောင်နေကြတဲ့ အောက်ဆီဂျင်ဘူးက သာမန်နဲ့ လက္ခဏာ မပြင်းထန်သူတွေအတွက်လောက်ပဲ လုံလောက်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

တကယ်တော့ ဆေးပညာရှင်ရဲ့ ညွှန်ကြားချက်မပါဘဲ အောက်ဆီဂျင်ရှူတာက အန္တရာယ်လုံးဝ မရှိဘူးလို့ မပြောနိုင်ပါဘူး။ တတ်ကျွမ်းနားလည်သူမဟုတ်ဘဲ သုံးရင် လိုအပ်တဲ့ အောက်ဆီဂျင် ပမာဏ မရတာဖြစ်နိုင်သလို၊ ပေးလိုက်တဲ့ ပမာဏက လိုတာထက်ပိုတာလည်းဖြစ်နိုင်ပါတယ်။

အောက်ဆီဂျင်ကို လက်ချောင်းလေးတွေမှာ တိုင်းလို့ရတဲ့ စက်ကလေးတွေကို အလွယ်တကူဝယ်ယူသုံးစွဲလို့ရပါတယ်။ တိုင်းကြည့်တဲ့အခါ ၉၅ ရာခိုင်နှုန်းအောက် ကျနေပြီဆိုရင် ဆေးရုံသွားသင့်ပြီလို့ ဗြိတိန်က အထူးကြပ်မတ်ကုသရေး ဆေးပညာ သမားတော်ကြီး ဒေါက်တာ အောင်အောင်လွင်က ပြောပါတယ်။

အောက်ဆီဂျင်က ကိုဗစ်ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း ကျသွားတာ မဟုတ်ဘဲ တဖြည်းဖြည်းနဲ့မှ ကျတတ်ပါတယ်။ ရောဂါအခံရှိသူတွေနဲ့ သက်ကြီးပိုင်းတွေမှာ အောက်ဆီဂျင် အတက်အကျ မြန်တတ်တဲ့ အတွက် သူတို့မှာ ကိုဗစ်ဖြစ်ပြီ၊ ကိုဗစ် လက္ခဏာတွေ ပြပြီဆိုတဲ့ အချိန်ကစပြီး နီးစပ်ရာဆရာဝန်တွေနဲ့ ချိတ်ဆက် စောစောစီးစီး ကျန်းမာရေး အကြံဉာဏ်ယူထားသင့်တယ်၊ အခုဆို အွန်လိုင်းကနေ မေးမြန်းလို့ ရတဲ့ အပြင် ဖုန်းဆက် မေးမြန်းလို့ ရတာတွေလည်း ရှိနေပြီလို့ ကိုဗစ်ကုသရေး အတွေ့အကြုံရှိခဲ့တဲ့ အထူးကု ဆရာဝန်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အထူးကြပ်မတ်ကုသဆောင်မှာ အသက်ရှူစက်ပေါ်တင်ရတဲ့ အဆင့်ဆိုရင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းက နည်းပါးလာပြီလို့ သူက ပြောပါတယ်။

ဘာဆေးတွေသောက်သင့်လဲ၊ ဘာတွေစားသင့်လဲ

၁။ ကိုဗစ်နဲ့ပတ်သက်လို့ ကိုယ့်တိုင်ဝယ်သောက်လို့ရတာ သုံးမျိုးပဲ ရှိတယ်လို့ ကိုဗစ်ကုသရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အထူးကု ဆရာဝန်က ပြောပါတယ်။ ဖျားနာကိုက်ခဲရင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးသောက်နိုင်တယ်၊ ချောင်းဆိုးပျောက်ဆေးနဲ့ ဘာမီတွန်လို ဆေးမျိုလည်း သောက်နိုင်ပါတယ်။

၂။ ကိုဗစ်မဖြစ်အောင်ဆိုပြီး ပိုးသတ်ဆေးလို့ မြန်မာတွေ ပြောနေကြတဲ့ ပဋိဇီဝဆေး တွေနဲ့ ကွီနင်းလို ဆေးတွေကို လုံးဝ ကြိုတင်မသောက်သင့်ဘူးလို့ ဗြိတိန်က သမားတော်ကြီး ဒေါက်တာ အောင်အောင်လွင်က ပြောပါတယ်။

၃။ ဗီတာမင်ဆေးပြားတွေကလည်း တန်ဆေး လွန်ဘေး ဖြစ်တဲ့ အတွက် မလိုအပ်ဘဲ မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးသာ သောက်သင့်ပါတယ်။

ဗီတာမင်စီ အတွက် စီဗစ်ကို သောက်စရာမလိုပါဘူး၊ ဗီတာမင်ဓာတ်မျိုးစုံက ကိုယ်နေ့တိုင်းစားတဲ့ အစားအစာထဲမှာ ပါပြီးသားဖြစ်ပါတယ်။ သောက်ချင်ရင် ရောဂါဖြစ်နေတဲ့အချိန်မှာ တနေ့ကို တစ်ကြိမ် ၅၀၀ မီလီဂရမ်ထက် ပိုမသောက်ဖို့နဲ့ နေ့စဉ် သောက်ချင်တယ်ဆိုရင်လည်း တနေ့ကို ၁၀၀ ဂရမ်ပဲ သောက်သင့်တယ်လို့ ကိုဗစ်အထူးကု ဆရာဝန်က ပြောပါတယ်။ အလားတူ ဗီတာမင်ဒီနဲ့ ဇင့် ဆေးပြားတွေကိုလည်း လိုအပ်မှ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်ကြဖို့ ဆေးပညာရှင်တွေက ပြောပါတယ်။

၄။ အားဆေးဆိုတာက အစားမစားနိုင်တဲ့သူတွေအတွက်ဖြစ်လို့ အစားအသောက်ကို အာဟာရဖြစ်အောင် မျှတအောင်စားတာက အားဆေးတွေသောက်တာထက် ပိုအကျိုးရှိပါတယ်။

၅။ အာဟာရဖြစ်အောင် အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့စဉ် မျှတအောင်စားဖို့ လည်း ဆေးပညာရှင်တွေက အကြံပြုပါတယ်။

ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုကို ကုသနိုင်တဲ့ ဆေး အခုအချိန်အထိ မပေါ်သေးတဲ့အတွက် အရေးအကြီးဆုံးက မကူးစက်အောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုး စီမံကိန်းတွေ တော်တော် ခရီးရောက်နေပြီဖြစ်ပေမဲ့ မြန်မာ နိုင်ငံမှာက အနည်းအပါးသာ ထိုးထားပြီးကြပါသေးတယ်။ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ်ပေမဲ့ ဆေးထိုးထားပြီးသူတွေမှာ ကူးစက်ရင် ပြင်းထန်မှု သိပ်မရှိတာ တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးထားပြီးသူတွေလည်း ကူးစက်နိုင်သေးတာမို့ စနစ်တကျလက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ အချင်းချင်း ခပ်ခွာခွာနေတာ၊ မလိုအပ်ဘဲ အပြင်မထွက်တာ စတဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေ အားလုံးကို လိုက်နာသင့်ပါတယ်။

မြန်မာ နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဒဏ်ရင်ဆိုင်နေရပြီး ကူးစက်သူ သေဆုံးသူတွေ တနေ့တခြားများလာနေတာကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သိလိုတာတွေရှိတယ် ဆိုရင် bbcburmese@gmail.com ကို ဖြစ်စေ BBC News Burmese Facebook တို့မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရေးသားမေးမြန်းရင် သက်ဆိုင်ရာ ကျွမ်းကျင်သူဆေးပညာရှင်တွေကို ဘီဘီစီက မေးမြန်းပြီး တင်ဆက်ပေးပါမယ်။