SNLDစည်းရုံးရေးခရီးစဥ်မှာပါလာတဲ့ ကားမြစ်ထဲကျပြီး သုံးဦးသေ၊ တစ်ဦးပျောက်ဆုံး

No caption

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

ရေးသားခဲ့သည်။

ရွှေလီမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ရှမ်းရွာ ၁၉ ရွာကို စည်းရုံးရေးဆင်းဖို့ သွားတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ စည်းရုံးရေးခရီးစဉ်နဲ့ ပါလာတဲ့ ကားတစ်စီး ရွှေလီမြစ်ထဲကို ထိုးကျပြီး ကားပေါ်ပါလာသူ အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး၊ ကလေး တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီး သုံးဦးရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြန်လည် ရရှိထားပြီးတော့ အသက် ၅ နှစ်အရွယ် ကားပေါ်ပါလာတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်းချိန်ထိ မတွေ့ရသေးဘူးလို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့တဲ့ SNLD ပါတီက မူဆယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နန်းထွေးမှုန်က ဘီဘီစီကို ပြောပါတယ်။

အခု ရေထဲကျသွားတဲ့ ကားဟာ လိုက်ပါဝန်းရံသူတွေထဲက ဖြစ်ပြီး အောက်တိုဘာ၁၈ ရက်နေ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာတော့ လိုက်ပါဝန်းရံတဲ့ ကားအစီး ၅၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေါ်နန်းထွေးမှုန်က ပြောပါတယ်။

ရေထဲ ထိုးကျကျချင်း ကားဆရာနဲ့ ကားပေါ်ပါလာသူ နှစ်ဦးကို ကယ်ဆယ်နိုင်ပေမဲ့ ကားနောက်ခန်းမှာ ပိတ်မိနေတဲ့ အမျိုးသမီး သုံးဦးနဲ့ ကလေးကိုတော့ မကယ်ဆယ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

ဇက်ဆိပ်မှာ ကားတွေတန်းစီရပ်ထားနေတုန်း အခု ရေထဲကျသွားတဲ့ ဟွန်ဒါဖစ်ကားဟာ ကားတန်းကို ဘေးကကျော်တက်ပြီးမောင်းလာရင်း မြစ်ထဲကို ထိုးကျသွားခဲ့တာဖြစ်တယ်လို့လည်း မဲဆွယ်ခရီးစဥ်နဲ့လိုက်ပါသွားသူ တစ်ဦးကပြောပါတယ်၊

ရွှေလီမြစ်ထဲကို ကားကျသွားတဲ့ အချိန်က မနက်ပိုင်း ၉နာရီ ကျော်ခန့်ကဖြစ်ပြီး နေ့လယ် နှစ်နာရီကျော်ခန့်မှာတော့ ကားကိုပြန်လည် တွေ့ရှိပြီး ဆယ်ယူရ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်၊

သေဆုံးသူအမျိုးသမီး သုံးဦး ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်တွေနဲ့ မူဆယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးသူ တစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိ တယ်လို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ မူဆယ် မဲဆန္ဒနယ် အမှတ် ၁ ထဲမှာရှိတဲ့ ကျေးရွာ ၁၉ ရွာကို စတင်ပြီးမဲဆွယ်စည်းရုံးရေး သွားခဲ့တာဖြစ်ပြီး ကော်မရှင်က ၅၀ ဦးထက် မစည်းရုံးရဆိုတာကြောင့် ဟောပြောတဲ့အခါ ငါးယောက် တစ်ဖွဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း စည်းရုံးဟော ပြောတာတွေ လုပ်ခဲ့ရတယ်လို့ ဒေါ်နန်းထွေးမှုန်ကပြောပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Zaai Seng Mong

ဓာတ်ပုံ ပုံစာ, နေ့လယ် နှစ်နာရီကျော်ခန့်မှာတော့ ကားကိုပြန်လည် တွေ့ရှိပြီး ဆယ်ယူရရှိခဲ့

ပြီးခဲ့တဲ့ ၂၀၁၅ မှာ မြန်မာတစ်နိုင်ငံလုံးမှာ စတုတ္ထ အများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ကို အဓိက အားပြုပြီး ( SNLD) ပါတီက ကိုယ်စားလှယ် ၁၃၂ ယောက် ဝင်ပြိုင်ဖို့ရှိပြီး အမျိုး သမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၃၇ ဦး ထိ ပါဝင်ယှဉ်ပြိင်ဖို့ ရှိနေပါတယ်။

အောက်တိုဘာ ၁၆ ရက် နေ့ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်ထဲမှာ တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မြို့နယ်က ၁၇ မြို့နယ်အထိ ပါဝင်ခဲ့ပါတယ်၊

လတ်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ ကျောက်မဲ နဲ့ မြို့နယ်ချင်းဆက် နောင်ချို ပါသလို မြောက်ပိုင်းမြို့တော် လားရှိုးလည်း ပါဝင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက မြို့နယ်တွေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ မက်မန်း၊ ဟိုပန် နဲ့ကုန်းကြမ်း မြို့နယ်တွေက ရပ်ကွက်နဲ့ကျေးရွာတချို့မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကွတ်ခိုင် နဲ့ မူဆယ် ပါသလို မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ တန့်ယန်းနဲ့ ကွမ်းလုံ တို့က ရပ်ကွက်နဲ့ကျေးရွာတချို့မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်၊