ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂိမ်းသူရဲကောင်း ကျန်းမာရေးချို့တဲ့လာလို့ ၂၃နှစ်အရွယ်မှာ အနားယူ
တရုတ်နိုင်ငံက အကျော်ကြားဆုံး အွန်လိုင်းဂိမ်းကစားသမား ကျန့် ကျိဟောင် (Jian Zihao) ဟာ ချွတ်ယွင်းလာတဲ့ ကျန်းမာရေးကြောင့် အသက် ၂၃ နှစ်အရွယ်မှာ e-sports ကစားသမားအဖြစ်ကနေ အနားယူသွားပါပြီ။
၂၀၁၂ ကတည်းက သူဟာ ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမား ဖြစ်လာခဲ့ပြီး League of Legends မှာ အူဇီ (Uzi) ဆိုတဲ့နာမည်နဲ့ ကစားနေခဲ့တာပါ။
သူ့ ပရိသတ် follower ၅ သန်းရှိတဲ့ တရုတ်ဆိုရှယ်မီဒီယာ ဝက်ဆိုဒ် ဝေဘို Weibo ကတဆင့် သူနားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။
ဂိမ်းစွဲတဲ့ပြဿနာက တရုတ်မှာ သိပ်ကြီးမားပြီး အစိုးရက ကလေးတွေ ကျန်းမာရေးထိခိုက်ကြောင်း အမြဲလိုလို ပြောနေတာပါ။
ပြီးခဲ့တဲ့နိုဝင်ဘာက အသက် ၁၈နှစ်အောက် တွေ ည ၁၀ နာရီကနေ မနက် ၈ နာရီကြားမှာ ဗီဒီယိုဂိမ်း၊ အွန်လိုင်း ဂိမ်းတွေ မကစားရဘူးလို့ အစိုးရက ကာဖျူးထုတ် တားမြစ်လိုက်ပါတယ်။
ကစားရင် ခပ်ကြမ်းကြမ်းကစားတတ်တာမို့ ခွေးရူး (Mad Dog) လို့လည်း နာမည်ပြောင်ရှိတဲ့ အူဇီက "အနားယူတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူစွာလုပ်ခဲ့တာဆိုတာကို ကျွန်တော် စိတ်မကောင်းစွာနဲ့ အသိပေးပါတယ်" လို့ သူ့ပရိသတ်တွေကို စကားပါးပါတယ်။
"နှစ်ပေါင်းများစွာ ညမိုးချုပ်တိုင်နေတာ၊ အဆီများတဲ့ အစားအစာတွေ စားတာ၊ စိတ်ဖိစီးမှုသိပ်များတာတွေကြောင့် ကျွန်တော် ဆီးချို type-2 ရှိနေပြီဆိုတာ မနှစ်က သိလိုက်ရတယ်" လို့လည်း သူက ဆိုပါတယ်။
သူ့အလုပ်ချိန်ဇယားတွေကို အပြောင်းအလဲလုပ်ခဲ့တယ်၊ အားကစား လေ့ကျင့်ခန်းတွေလုပ်တယ်၊ ဆေးတွေ သောက်ပေမယ့်လည်း သူ့အခြေအနေက တိုးတက်မလာခဲ့ဘူးလို့လည်း သူက ရေးပါတယ်။
"ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကလည်း အရင်ကလို မကောင်းဘူး"
"တကယ်လို့သာဒီအတိုင်းဆက်လုပ်နေရင် ဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာမယ်လို့ ဆရာဝန်က ကျွန်တော့်ကိုပြောပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော့်ကိုအားပေးခဲ့တဲ့၊ အတူလက်တွဲခဲ့တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ သူက ရေးထားပါတယ်။
ဂိမ်းကြောင့် ကျန်းမာရေးချွတ်ယွင်းမှု (Gaming disorder)
ကျန့်ကျိဟောင်ရဲ့ ပရိသတ်တွေက သူနေကောင်းလာဖို့ဆုတောင်းကြသလို၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ သေသေချာချာနားဖို့ အားပေးတိုက်တွန်းကြပါတယ်။
တယောက်ကတော့ "အကျော်ဇေယျ အနားယူသွားပြီ၊ သူထားခဲ့တဲ့ ဒဏ္ဍာရီတွေကတော့ ရှင်သန်နေမယ်" လို့ ရေးပါတယ်။
သူ့ပို့စ်အောက်မှာ ပြန်စာတွေ ၃၀၀, ၀၀၀ လောက်ရပြီး လူ ၆၀၀, ၀၀၀ လောက်က #UziRetires ကိုသုံးကာ သူ့အကြောင်းကိုရှာဖွေခဲ့ကြပါတယ်။
တရုတ်အစိုးရမီဒီယာက သူအနားယူတဲ့သတင်းကို အစီရင်ခံရာမှာတာ့ အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူးသလို၊ တဖက်မှာလည်း အွန်လိုင်းဂိမ်း အလွန်အကျွံ ကစားတာဟာ ကျန်းမာရေးအတွက် အန္တရာယ်တွေများတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
ကမ္ဘာမှာ ဂိမ်းဈေးကွက်နဲ့ ပတ်သက်လို့ တရုတ်က ဒုတိယအကြီးဆုံးပါ၊ ဒါပေမဲ့ အစိုးရကတော့ ဗီဒီယိုဂိမ်းတွေဟာ လူငယ်တွေကို ဆိုးကျိုးသက်ရောက်စေတယ်လို့ ထပ်ခါထပ်ခါ ပြောနေပါတယ်။
Gaming disorder ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စိတ်ကျန်းမာရေး ထိခိုက်တဲ့ အခြေအနေတခုလို့ သတ်မှတ်ထားပြီး အမေရိကန် စိတ်ကျန်းမာရေး အသင်းကတော့ စိတ်ကျန်းမာရေး ပြဿနာထဲမှာ ထည့်မထားသေးပါဘူး။
သူတို့ကတော့ နောက်ထပ်လေ့လာမှုတွေလိုအပ်နေတဲ့ ကျန်းမာရေးအခြေအနေတခုလို့သာ ဆိုပါတယ်။