ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲ ငရုတ်ကောင်းကျည်နဲ့ပစ်၊ လူရာချီဖမ်းထား

ပြည်မကြီးအစိုးရကို ဆန့်ကျင်ကြတဲ့ ဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ ဆန္ဒပြတာတွေ အသစ်ပြန်ဖြစ်လာခဲ့ပြီး ရဲတွေက လူ ၃၀၀ လောက်ကို ဖမ်းဆီးခဲ့ကာ လူအုပ်တွေထဲ ငရုတ်ကောင်းမှုန့်ကျည်တွေသုံးကာ ပစ်ခတ်တာတွေလည်း ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံတော်သီချင်းနဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းနဲ့ ဟောင်ကောင်မှာ ပြဋ္ဌာန်းကျင့်သုံးဖို့ ဘေဂျင်းကနေ တင်သွင်းလာတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေကို ဆန္ဒပြသူတွေက လူစုဝေးပြီးကန့်ကွက်ခဲ့ကြတာပါ။
ရဲတွေကတော့ သူတို့ဖမ်းဆီးတဲ့အများစုက အခွင့်မရဘဲ လူစုလူဝေးလုပ်တဲ့သူတွေလို့ ပြောပါတယ်။
နိုင်ငံတော် သီချင်းဥပဒေကြမ်းက နိုင်ငံတော်သီချင်းကို လှောင်ပြောင်မယ်ဆိုရင် ရာဇဝတ်မှုနဲ့ အရေးယူခံရမယ်၊ လုံခြုံရေး ဥပဒေရောက်လာရင် ဟောင်ကောင်ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်ရတယ် စတာတွေအတွက် ဆန္ဒပြသူတွေက ဆန့်ကျင်ကြတာပါ။
ဆန္ဒပြပွဲတွေ ဘယ်လိုစဖြစ်လာလဲ
ဆန္ဒပြသူတွေဟာ ပထမပိုင်းမှာ စင်ထရယ် ခရိုင်အတွင်းက ဥပဒေပြုကောင်စီ အဆောက်အအုံမှာ စုဆုံကြမယ်လို့ လှုံ့ဆော်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ အဓိကရုဏ်းဖြိုခွဲရေး ရဲတွေဝိုင်းနေတာ၊ ရေတွေဖြည့်ထားတဲ့ အတားအဆီးတုံးတွေ ချထားတာတွေကြောင့် ဆန္ဒပြပွဲကြီးလုပ်ဖို့ အခွင့်မသာခဲ့ကြပါဘူး။
လမ်းတွေပေါ်ကို ဆန္ဒပြသူတွေထွက်လာခဲ့ကြတယ်၊ စင်ထရယ်နဲ့ ကော့စဝေးဘေး တို့က လမ်းဆုံတွေမှာ လမ်းတွေကို သူတို့ပိတ်ဆို့ ဆန္ဒပြကြပါတယ်။
ရဲတွေကတော့ အဲဒီဘက်တွေမှာ သူတို့ လူ ၁၈၀ လောက်ကို ဖမ်းဆီးတယ်လို့ ရဲတပ်ဖွဲ့ဖေ့ဘွတ်မှာ ရေးပါတယ်။
မောင်းကွတ် ခရိုင်ဘက်မှာလည်း လူ ၆၀၊ တခါ ဝမ်ချိုင်းဘက်မှာ နောက်ထပ် လူ ၅၀ လောက်ကို လည်း ဖမ်းဆီးတယ်လို့ ဆိုပါတယ်။
တော်တော်များများသော ခရိုင်တွေဘက်မှာ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
စင်ထရယ်ခရိုင်မှာ ဆန္ဒပြနေသူတယောက်က South China Morning Post သတင်းစာကို ပြောရာမှာ "ငါတို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ငါတို့ကာကွယ်ချင်တယ်၊ မကာကွယ်ရင် ဟောင်ကောင်ဟာ အရင်က ဟောင်ကောင် မဟုတ်တော့ဘဲ တရုတ်ရဲ့ မြို့တမြို့လိုပဲ ဖြစ်သွားတော့မှာ" လို့ ပြောပါတယ်။
နောက်ထပ် ဆန္ဒပြသူတယောက်ကလည်း "ရင်ထဲမှာ ကြောက်ရွံ့နေပေမယ့်လည်း ဒါတွေကို ထုတ်ဖော်တောင်းဆိုရမယ်" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နိုင်ငံတော်သီချင်း ဥပဒေမူကြမ်းက ဘာလဲ
တကယ်လို့သာ ဥပဒေအဖြစ်အတည်ပြုသွားရင် တရုတ်နိုင်ငံတော်သီချင်းကို တလွဲသုံးတာ ဒါမှမဟုတ် လှောင်ပြောင်စော်ကားတာလုပ်ရင် လုပ်တဲ့သူဟာ ဟောင်ကောင် ဒေါ်လာ ၅ သောင်း (အမေရိကန်ဒေါ်လာ ၆၄၄၉ နဲ့ညီမျှ) ကို ဒဏ်တပ်တာ ခံရမယ့်အပြင်၊ ထောင် ၃ နှစ်ကျနိုင်ပါတယ်။
ဒီဥပဒေမူကြမ်းကို ဥပဒေပြုကောင်စီမှာ ဆွေးနွေးနေတာ ဗုဒ္ဓဟူးနေ့မှာ ၂ ကြိမ်မြောက်လာပြီဖြစ်ပြီး ၃ ကြိမ်မြောက်ဆွေးနွေးလာမှာ၊ နောက်လအတွင်းမှာ ဥပဒေကို အတည်ပြုတာတွေ ဖြစ်လာနိုင်ပါတယ်။
ဟောင်ကောင်မှာ ကိုယ်ပိုင် အမျိုးသားသီချင်းမရှိသေးပါဘူး။ နိုင်ငံတကာဘောလုံးပွဲတွေ ကန်ရင် ဟောင်ကောင်က ကိုယ်ပိုင်ဘောလုံးအသင်းရှိပေမယ့် ပွဲထွက်ရင် တရုတ်နိုင်ငံတော်သီချင်းကိုပဲ ဆိုရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကန်တော့ အဲဒီ သီချင်းဆိုရတဲ့အခါ ထောင်နဲ့ချီတဲ့ပွဲကြည့်ပရိသတ်တွေက သီချင်းကို လှောင်ပြောင်ရှုတ်ချခဲ့ကြပါတယ်။
လုံခြုံရေးဆိုင်ရာ ဥပဒေဆိုတာက ဘာပါလဲ
ဘေဂျင်းအစိုးရက ဒီဥပဒေကို ဟောင်ကောင်မှာ ကျင့်သုံးဖို့ အဆိုပြုနေပါတယ်။
ဥပဒေက နိုင်ငံတော်ပုန်ကန်မှု၊ ခွဲထွက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံရဲ့ နိုင်ငံရေး စနစ်ကို ဖျက်ဆီးမှုစတာတွေကို မလုပ်ဖို့ တားမြစ်ထားပါတယ်၊ ဟောင်ကောင်မှာဖြစ်ဖူးခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့ ဒီဥပဒေလိုအပ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
မနှစ်တုန်းကတော့ ရာဇဝတ်သားလို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးကို လွှဲအပ်ကာ တရားစီရင်ရမယ်ဆိုတဲ့ ဥပဒေမူကြမ်းကို ပြဋ္ဌာန်းဖို့ ဟောင်ကောင်မှာကြိုးစားခဲ့တဲ့အခါ ပြည်မကြီးကို ဆန့်ကျင်မှုတွေ ထွက်ပေါ်လာပြီး ဆန္ဒပြပွဲတွေ လချီဖြစ်ခဲ့ကာ နောက်ဆုံးမှာ အဲဒီဥပဒေမူကြမ်းကို ဖျက်သိမ်းလိုက်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု ဒီလုံခြုံရေးဆိုင်ရာ ဥပဒေဟာ ၁၉၉၇ ခုနှစ် တရုတ်ဆီကို ဟောင်ကောင်ပြန်လွှဲအပ်စဉ်က ဥပဒေအရ အာမခံခဲ့တဲ့ ဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ လွတ်လပ်မှုအခွင့်အရေးတွေကို ဖျက်သိမ်းဖို့ တိုက်ရိုက်ကြိုးပမ်းချက်ပဲလို့ ဝေဖန်သူတွေက ပြောပါတယ်
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီ လန်းက ဒါဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ အခွင့်အရေးကို ထိန်းချုပ်ဖို့လုပ်တာမဟုတ်ဘူးလို့ ငြင်းပါတယ်၊ ဒီဥပဒေကို ဥပဒေပြုကောင်စီမှာ ဒီသီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်နိုင်ပြီး ဇွန်လဆန်းလောက်ကျရင် စပြီး အသက်ဝင်အောင်လုပ်လာနိုင်ပါတယ်။
တရုတ်ရဲ့ ဒီအစီအစဉ်ကို ကမ္ဘာတလွှားက ထိပ်တန်းနိုင်ငံရေးသမား ၂၀၀ က စုဝေး လက်မှတ်ထိုးကာ ကန့်ကွက်ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေအတွက် "အသုဘခေါင်းလောင်း" ပဲလို့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။
ယူကေ၊ ဩစတြေလျနဲ့ ကနေဒါတို့ကလည်း သူတို့ "အထူးစိုးရိမ်မကင်း" ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။









