ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်တွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားခရိုင် ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ တွေ့ရတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ IRC ပြောပါတယ်။
ဒါဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ ပထမဆုံး ပိုးတွေ့တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ နှစ်ဦးမှာ ပိုးတွေတဲ့အကြောင်း အဲဒီခရိုင် ဆေးကောလိပ် အကြီးအကဲကလည်း မေလ ၁၄ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
နမူနာ ၁၆ ခုကို ကြာသပတေးနေ့က စစ်ခဲ့ပြီး ၁၂ ဦးပိုးတွေ့ခဲ့ရာမှာ နှစ်ဦးက ရိုဟင်ဂျာ ဒုက္ခသည် နှစ်ဦး ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၃ ယောက် ရှိပြီး ၂၄ ယောက်က ပြန်ကောင်းလာပါပြီ။ သေဆုံးသူကတော့ တစ်ဦးရှိပါတယ်။
ကုတုပလောင်က စခန်းတွေမှာ ဒုက္ခသည် ရှစ်သိန်းခွဲကျော် ရှိပြီး စခန်းတွေနားမှာ ဒေသခံ လေးသိန်းခွဲနီးပါး နေထိုင်နေတယ်လို့ IRC က ပြောပါတယ်။
အဲဒီစခန်းမှာ ကျန်းမာရေး လုပ်ငန်းတွေ အရင်ကတည်းက ဝန်နဲ့အားမမျှ လုပ်နေရပြီး ဒီစခန်းမှာ နေထိုင်သူတွေ အတွက်လည်း ခပ်ခွာခွာနေဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကိစ္စတွေ သီးသီးသန့်သန့် သုံးရဖို့က ခက်ခဲတယ်လို့ IRC က ပြောပါတယ်။
ဒီစခန်းမှာ တစ်စတုရန်း ကီလိုမီတာ အတွင်း လူ လေးသောင်းနဲ့ ခုနစ်သောင်းလောက် ရှိတယ်၊ အဲဒါက ကူးစက်မှုနှုန်း မြင့်ခဲ့တဲ့ Diamond Princess သင်္ဘောထက် အနည်းဆုံး တစ်ဆခွဲကျော် လူနေထူထပ်ပါတယ်၊ အဲဒီသင်္ဘောမှာ ကူးစက်နှုန်းဟာ ဝူဟန်မှာ အမြင့်ဆုံး ကူးစက်ချိန်ကထက် လေးဆလောက် ပိုမြန်တယ်လို့လည်း IRC က ပြောပါတယ်။
ကော့ဆက်ဘဇားက ဒုက္ခသည်တွေထဲက လူ သုံးသောင်းကျော်က ကူးစက်ခံရင် သေဆုံးနှုန်းမြင့်တဲ့ အသက် ၆၀ အထက် လူကြီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စခန်းထဲမှာ အင်တာနက်နဲ့ မိုဘိုင်ဖုန်းသုံးဖို့က အတားအဆီး အကန့်အသတ်ရှိလို့ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတင်းတွေလည်း မရကြဘူးလို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် မှာ ကူးစက်သူ နှစ်သောင်းနီးပါးနဲ့ သေဆုံးသူ ၂၈၃ ယောက်ရှိပါပြီ။
အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တတ်နိုင်သမျှ ဒုက္ခသည်စခန်းရဲ့ ကျန်းမာရေး ကိစ္စတွေကို လုပ်ပေးပေမယ့် စခန်းအတွက် မလုံလောက်ဖြစ်နေတယ်၊ လူ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမှာမှ အသက်ရှူစက် ၂၀၀၀ လောက်ပဲ ရှိပြီး ဒီစခန်းထဲမှာ လောလောဆယ် အရေးပေါ်ကြပ်မတ်ကုခန်း လုံးဝ မရှိဘူးလို့ Save the Children အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ရှန်မင် ဂျာဟန်က ပြောပါတယ်။








