ရိုဟင်ဂျာ-ပိုက်ဆံထောက်ပံ့မယ့်သတင်းကြောင့် ရခိုင်မှာ ဆန်ဈေးတွေ တက်လာပြီ လို့ဆို

WFP က လစဉ် ပုံမှန်ဝေတဲ့ ရိက္ခာတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက အားထားနေရတာပါ။

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein

ဓာတ်ပုံ ပုံစာ, WFP က လစဉ် ပုံမှန်ဝေတဲ့ ရိက္ခာတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက အားထားနေရတာပါ။
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို WFP က စားနပ်ရိက္ခာ တွေမပေးတော့ဘဲ ပိုက်ဆံပဲ ထောက်ပံ့လိုက်တဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲနဲ့ကြုံ နေရတယ်လို့ သိရပါတယ်။

ဆန်ဈေးနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်လာလို့ ထောက်ပံ့တဲ့ပိုက်ဆံနဲ့ ရိက္ခာကို လုံလုံလောက်လောက် ဝယ်လို့မရသလို စခန်းအပြင်ထွက်ပြီး ဝယ်ယူရာမှာလည်း အခက်အခဲတွေ အကန့်အသတ်တွေကြုံနေရတယ်လို့ အဲဒီစခန်းက ဒုက္ခသည်တွေက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်စပြီး ရိက္ခာအစား ပိုက်ဆံပဲပေးတော့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က အလှူရှင်တွေကိုယ်စား နိုင်ငံခြားသား တစ်ဦးနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်တိုင် လာရောက်အသိပေးပြောကြားခဲ့တယ်လို့ စစ်တွေမြို့၊ ဒါးပိုင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးသိန်းမောင်က ဘီဘီစီကိုပြောပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ အမျိုးသမီးရော အမျိုးသားရော ကော်မတီရော စုစုပေါင်း လူပေါင်း ၄၀ ဝန်းကျင်လောက် ခေါ်ပြီး IDP ကော်မတီရုံးကိုခေါ်တယ်။ အားလုံးကိုမေးတော့ ၁ လပိုင်းကစပြီးတော့ ပိုက်ဆံပဲပေးတော့မယ်ဆိုတော့ အခက်အခဲတွေကြုံရတယ်။ ပိုက်ဆံနဲ့ဆိုရင်မသင့်တော်ဘူး။ စားနပ်ရိက္ခာမှာ နောက်ဆုံးကျွန်တော်တို့ကိုပေးတဲ့ ဆန်အတိုင်းပဲထားပါ။ ပိုက်ဆံကို ကျွန်မတို့ မလိုချင်ဘူးလို့ အမျိုးသမီးတွေကပြောတယ်။ ယောကျ်ားတွေကလည်း ပိုက်ဆံတွေယူလို့ ဆန်ကို ဘယ်ကဝယ်မလဲ။ မိုးလင်းက မိုးချုပ် ဒီဧရိယာထဲမှာ။ ဒီကနေပြီးတော့ ဘယ်မှသွားလို့မှမရတာ လို့ တင်ပြကြပါတယ်"လို့ ဦးသိန်းမောင်ကပြောပါတယ်။

မြန်မာပြည်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလအဖွဲ့အစည်းတာဝန်ရှိသူတချို့ တွေ့ဆုံခွင့်ရလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလအဖွဲ့အစည်းတာဝန်ရှိသူတချို့ တွေ့ဆုံခွင့်ရလေ့ရှိပါတယ်။

အားလုံးပေါင်း ဆန်ဆီပဲဆား အားလုံးပေါင်းတစ်ဦးလျှင် တစ်လကို ကျပ် တစ်သောင်းခွဲ ထောက်ပံ့မယ်လို့ WFP က ပြောတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီငွေကြေးပမာဏနဲ့ တစ်လလုံး လူတစ်ယောက်စား သုံးဖို့လည်း လုံးဝလုံလောက်မှုမရှိဘူးလို့ ဦးသိန်းမောင်က ဆိုပါတယ်။

ဆန်တစ်အိတ်ဟာ ယခင်က ကျပ် တစ်သောင်းခွဲခန့်သာရှိရာမှ ဒီလကစလို့ ပိုက်ဆံပေးတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် အခုဆို ကျပ် နှစ်သောင်းကျော် ရောက်ရှိသွားပြီလို့ သူက ဆက်ပြောပါတယ်။

"ကျွန်တော်တို့မှာ အခက်အခဲနည်းပေါင်းစုံကြုံရတာကိုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က အလှူရှင် ကိုယ်တိုင်က ပိုက်ဆံပေးမယ်လို့ ပြောထားတဲ့အတွက် နောက်ဆုံးမှာ သူတို့က ပိုက်ဆံပဲပေးမယ်လို့ပဲ ပြော သွားပါတယ်။ အမျိုးသမီးတွေဆို ကျွန်မတို့ကိုပိုက်ဆံလာမပေးပါနဲ့။ ကျွန်မတို့အဆိပ် သောက်ပြီး တစ်ခါ တည်း အိပ်လိုက်တော့မယ်လို့တောင်ပြောတယ်။ ကျွန်မတို့ကို ဒုက္ခမပေးပါနဲ့လို့တောင် ပြောကြတာပါ" လ ဦးသိန်းမောင်က ဒုက္ခသည်စခန်းတွေထဲကအခြေအနေကို ပြောပြပါတယ်။

WFP ဘက်က အဖွဲ့အစည်းဝင်တစ်ယောက်က ကျောက်တော်၊ မင်းပြားတို့ဘက်ကနေ ဆန်တွေမှာ ယူနိုင်တယ်လို့ ပြောကြားချက်အပေါ် ဒုက္ခသည်တွေအနေနဲ့ကတော့ စခန်းထဲကနေ ဘယ်မှထွက်မ ရတဲ့အတွက် ဒီလို မြို့ပေါ်တက်ဝယ်ယူလို့မရနိုင်ကြောင်းလည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဘယ်မှသွားလို့မရတဲ့အခါမှာ ဆန်ပဲပေးပါ။ ပိုက်ဆံမပေးပါနဲ့။ ဆန်ဆီတောင် မပြောပါဘူး။ ဆန်ပဲအဓိကတောင်းတာပါ" လို့ ဦးသိန်းမောင်ကပြောပါတယ်။

ပေးမယ့် ပိုက်ဆံနဲ့သာ ဆန်ဝယ်စားရမယ်ဆိုရင် လုံး၀ လောက်ငမှုမရှိနိုင်တဲ့အတွက် ဒုက္ခသည်တွေ စိုးရိမ်နေပါတယ်။
ဓာတ်ပုံ ပုံစာ, ပေးမယ့် ပိုက်ဆံနဲ့သာ ဆန်ဝယ်စားရမယ်ဆိုရင် လုံး၀ လောက်ငမှုမရှိနိုင်တဲ့အတွက် ဒုက္ခသည်တွေ စိုးရိမ်နေပါတယ်။

ဒီလိုထောက်ပံ့ကြေးကို ဇန်နဝါရီ ၇ ရက်လောက်မှာ စပေးမယ်လို့သိရပြီးအခုလို ရိက္ခာအစား ပိုက်ဆံပဲ ပေးတော့မယ်ဆိုတဲ့အကြောင်းကို ဗလီနဲ့ အနီး တစ်ဝိုက်မှာ စာတွေလိုက်ကပ်ထားတာတွေ့ရတယ်လို့ သက္ကယ်ပြင်ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"ဒါကို လက်မခံရင် ပြန်ယူသွားမယ်လို့ပြောတယ်။ ကျွန်တော်တို့ WFP ကိုပြောချင်တာက ကျွန်တော်တို့ လည်း လူသားတွေပဲ။ ကျွန်တော်တို့ကို စာနာပါ။ ကျွန်တော်တို့မှာ WFP ကလွဲလို့ အားကိုးစရာမရှိဘူး။ ဒီကနေမှ ဆန်မရဘူးဆိုရင် အကုန်ဆုံးရှုံးသွားမှာပါ။ သမ္မတကြီး ဦးဝင်းမြင့်ရယ်၊ အမေစုရယ်၊ WFP ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ကိုပါ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ ဒုက္ခသည်တွေကို ဆန်ပဲပေးပါ။ ပိုက်ဆံမပေးပါနဲ့လို့" လို့ သူကပြောပါတယ်။

ရိုဟင်ဂျာ အသိုင်းအဝိုင်းမှာ ဒီသတ်မှတ်ထားတဲ့ပိုက်ဆံနဲ့သာ ဆန်ဝယ်စားရမယ်ဆိုရင် လုံး၀ လောက်ငမှုမရှိနိုင်တဲ့အတွက် အရမ်းစိုးရိမ်မိတယ်လို့ ပြောပါတယ်။

"အပြင်မှာအခြေအနေကမကောင်းဘူး။ အစိုးရနဲ့ အေအေနဲ့လည်းတိုက်ပွဲဖြစ်နေတယ်။ အဲဒါကြောင့် ဆန်စပါးတွေက တော်တော်များများဝယ်လို့မရဘူး။ အခု WFP က ဆန်အစားပိုက်ဆံလည်းပေးမယ်ဆိုရော ဆန်ဈေးက သုံးသောင်းလောက် ဖြစ်သွားပြီ။ ပိုက်ဆံရှိတဲ့သူတွေက လိုက်ဝယ်နေကြတာ။ ဆန်တစ်အိတ်ကို လေးသောင်းငါးသောင်းလောက်ဖြစ်နေပြီ။ မိုးရာသီဆို ဆန်တစ်အိတ်ကို ခုနစ်သောင်းရှစ်သောင်းလောက် ဖြစ်သွားမှာ" လို့ သူက ဆက်ပြောပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ဒုက္ခသည် ခုနစ်သိန်းကျော်ရှိပြီး ၂၀၁၂ နောက်ပိုင်းပဋိပက္ခဖြစ်ပွားအပြီးတည်းကနေ အခုထိ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေလည်း ရှိနေတာဖြစ်ပါတယ်။