ကိုရိုနာဗိုင်းရပ်စ် - တရုတ်မှာ ကူးစက်သူတွေပြန်တွေ့၊ သရဲနဲ့ လူမထွက်အောင်ထိန်းတဲ့ ဂျာဗား

ရေးသားခဲ့သည်။

ကူးစက်သူပြန်များလာလို့ တရုတ်မှာ အဝင်အထွက် ကျပ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရုရှားနဲ့ ကပ်နေတဲ့ နယ်စပ်မှာ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အဝင်အထွက်တွေ တင်းကျပ်နေပါတယ်။

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးခံရသူလူနာသစ် တရာကျော် ရှိလာပြီး အဲဒီထဲမှာ ရုရှားအရှေ့ဖျားကနေ အိမ်ပြန်လာကြတဲ့ တရုတ်နိုင်ငံသားတွေက တဝက်ကျော်ရှိတယ်လို့လည်း တရုတ်အစိုးရက ပြောပါတယ်။

အခုတော့ နယ်စပ်က ဟေလုန်ဂျန်း ပြည်နယ်မှာ နယ်ခြားစောင့်တွေ တိုးချထားပြီး အသစ် ဝင်လာသူတွေကို လေးပတ် သီးခြား ခွဲထားမှာဖြ စ်ပါတယ်။

လူနာသစ်တွေ အများကြီး တွေ့နေတဲ့ နယ်စပ်က ဆွေ့ဖန်ဟား မြို့လေးကိုလည်း တရုတ်အစိုးရက ဆေးအဖွဲ့ တဖွဲ့ လွှတ်ထားပါတယ်။

ဂျာဗားမှာ လူတွေ လမ်းပေါ်မထွက်အောင် သရဲတွေက တား

အင်ဒိုနီးရှား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လူတွေ သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ရာမှာ ထူးဆန်းတဲ့ နည်းတွေကို ကျင့်သုံးနေပါတယ်။

ဂျားဗားကျွန်းမှာ ရှိတဲ့ ကပူးမှာတော့ သရဲလို ဝတ်ထားတဲ့ သရုပ်ဆောင်တွေကို လမ်းတွေပေါ် လွှတ်ပြီး လူတွေကို အိမ်ထဲက မထွက်ရဲအောင် ဒေသန္တရ အာဏာပိုင်တွေက ခြောက်လှန့်ခိုင်းနေပါတယ်။

ပိုကောင် လို့ ခေါ်ကြတဲ့ သရဲရုပ်တွေကို အဝတ်ဖြူစတွေနဲ့ ပတ်ပြီး မျက်နှာကို ပေါင်ဒါပုတ်တာနဲ့ မျက်လုံးပြူးကြီးတွေ ထည့်ကာ ဆေးခြယ်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီလို လာပြီး ခြောက်လှန့်တာတွေကို ဖျော်ဖြေရေးလို သဘောထားပြီး ထွက်ကြည့်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုအရုပ်တွေ လွှတ်တာက ထိရောက်တယ်လို့ သူတို့က ဆိုပါတယ်။

ပိုကောင်တွေ စထွက်လာကတည်းက ကလေးတွေနဲ့ မိဘတွေက အပြင်မထွက်ကြတော့သလို ည ဘုရားဝတ်ပြုပြီးရင် လမ်းပေါ် ထွက်တာလည်း မရှိတော့ဘူးလို့ ကာနို ဆူပဒ်မို ဆိုတဲ့ အရပ်သားတယောက်က ပြောပါတယ်။

ဒီသရဲတွေကို ကွယ်လွန်သူတွေရဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေလို့ အင်ဒိုနီးရှား ရိုးရာဓလေ့မှာ ယူဆကြပါတယ်။

ကိုရိုနာကူးသူ အများဆုံးတွေ့ခဲ့ရတဲ့ မော်စကို

ရုရှားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒီကနေ့ အများဆုံး တွေ့ခဲ့ရပါတယ်။ လူနာသစ် ၂၅ဝဝ ရှိပြီး တဝက်ကျော်က မော်စကိုမှာ တွေ့တယ်လို့ အရေးပေါ် ထိန်းချုပ်ရေး ဌာနက ပြောပါတယ်။

လူတွေရဲ့ သွားလာမှုကို ထိန်းချုပ်ဖို့ ဒစ်ဂျစ်တယ် စနစ်ကိုလည်း မြို့ အာဏာပိုင်တွေက စတင်နေပါပြီ။ ဒီကပ်ဘေးကြောင့် ဆေးရုံတွေမှာ လူနာတွေ ပြုံလာနိုင်တယ်လို့လည်း သတိပေးနေကြပါတယ်။

အီစတာ သီတင်းပတ်ကုန်ရက်တွေက ဒါဇင်နဲ့ချီတဲ့ လူနာတင်ကားတွေကို ဆေးရုံတခုအပြင်ဘက်မှာ လူနာပို့ဖို့ တန်းစီနေတာ တွေ့ခဲ့ရပါတယ်။

မော်စကိုမြို့ခံတွေကိုလည်း အိမ်နားက စျေးဆိုင်နဲ့ ဆေးဆိုင်သွားတာ၊ ခွေးကျောင်းထွက်တာနဲ့ အမှိုက်ပစ်တာလောက်ပဲ အိမ်က ထွက်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ မြို့ထဲ ထွက်ချင်ရင်တော့ ခွင့်ပြုချက် လိုတယ်လို့ သိရပါတယ်။

စပိန်မှာ စက်ရုံတွေပြန်ဖွင့်

စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးအတွင်း နိုင်ငံရဲ့ စီးပွားရေးဆုတ်ဆိုင်းသွားမှုက ပြန်ရုန်းထနိုင်ဖို့ အတွက် ဆောက်လုပ်ရေးနဲ့ စက်ရုံတွေကို ပြန်လည် ဖွင့်လှစ် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းခွင် စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားတယ်လို့လည်း သိရပါတယ်။

စပိန် ပြည်စောင့်တပ် အကြီးအကဲ ဟိုဆေး မန်ဝဲ မာရင်းကလည်း ပြည်သူတွေကို စည်းကမ်းလိုက်နာကြဖို့ တောင်းဆိုခဲ့ပါတယ်။

အရင် လေးပတ်မှာ စွန့်လွှတ် သည်းခံခဲ့မှုတွေကြောင့် တိုးတက်မှုတွေ ရလာပါပြီ။ ဒါကို ဆက်ထိန်းပြီး နဂိုအနေအထားကို ပြန်သွားဖို့က အလုပ်၊ လမ်းနဲ့ အိမ်တွေမှာ သီးခြားခွဲနေတဲ့ ကာကွယ်ရေးတွေ ဆက်လုပ်သွားဖို့ လိုပါတယ်ဆိုပြီး မစ္စတာ မာရင်းက ပြောပါတယ်။

နှာခေါင်းစည်း ဆယ်သန်းကိုလည်း အများပြည်သူ သွားတဲ့ ယာဉ်ရထားတွေပေါ်မှာ ဝေငှ ခဲ့ပါတယ်။

ဒီကနေ့ ကိန်းဂဏန်းတွေအရ သေဆုံးသူ တရက်တည်းမှာ ၅၁၇ ယောက်ရှိပြီး ပြန်ကျ လာနေပါတယ်။

စပိန်မှာ ကပ်ဘေးကြောင့် စုစုပေါင်း သေဆုံးသူ ၁၇၅ဝဝ နီးပါး ရှိလာပြီး ကမ္ဘာပေါ်မှာ တတိယ အများဆုံး ဖြစ်နေပါတယ်။