ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မဲရုံတွေ အပြင်ထုတ်ရေး ပြည့်သူ့လွှတ်တော် အတည်ပြု
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ဖို့ တင်ပြထားတဲ့ ရွေးကောက်ပွဲ နည်းဥပဒေထဲက အချက်တွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အတည်ပြုလိုက်တဲ့ အချက်တွေထဲမှာ တိုင်းရင်းသားပါတီတွေ ကန့်ကွက်ထားတဲ့အချက် ပါသလို တပ်မဲရုံတွေကို အပြင်ထုတ်မယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။
အဲဒီလို အတည်ပြုလိုက်တဲ့ ရွေးကောက်ပွဲ နည်းဥပဒေထဲက အချက်တစ်ခုကတော့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ လက်ရှိ ရောက်နေတဲ့ နေရာမှာ ရက်ပေါင်း ၉၀ နေထိုင်ခဲ့ရင် မဲပေးလို့ရတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။
အရင်ကတော့ ရက်ပေါင်း ၁၈၀ နေထိုင်မှသာ အဲဒီနေရာမှာ မဲပေးလို့ ရတာပါ။
အခုလို ရက် ၉၀ ပြင်ဆင်ချက်ကို ရှမ်းတိုင်းရင်းသားပါတီနဲ့ ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမဲ့ မဲခွဲ ဆုံးဖြတ်တဲ့အခါမှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။
အခုလို တိုင်းရင်းသားပါတီတွေက ကန့်ကွက်နေတဲ့ကြားက အတည်ပြုလိုက်တဲ့အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က "ဒေသခံတွေရဲ့ အမှန်တကယ် ကိုယ်စားပြုမှုကို မရတော့ဘဲနဲ့ တခြားဒေသက လာတဲ့သူက ဒီဒေသက လူတွေကို လာပြီး မဲပေးခွင့် ပိုရသွားစေတဲ့ အတွက်ကြောင့်မို့ အမှန်တကယ် ကိုယ်စားပြုမှုက မှန်ကန်ပါ့မလားဆိုတဲ့ အနေအထားကို ဖြစ်သွားတာပေါ့"
"ဒီလို အသေးအမွှားကိစ္စလေးတွေကိုတောင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးမထားဘဲနဲ့ အနိုင်ယူသွားမယ်ဆိုရင် ကြီးကြီးမားမား ပင်လုံစာချုပ်လို သဘောတူညီချက်လိုမျိုး ဒီလိုမျိုး အဆင့်ကြီးတွေ စေ့စပ် ညှိနှိုင်းနိုင်လိမ့်မယ် ဆိုတာက လမ်းတောင် မမြင်တော့ဘူးဆိုတဲ့ အနေအထားမျိုး"
"အမှန်တော့ ဒီကိစ္စတွေက ပြည်မဘက်က ပါတီတွေမှာ သိပ်သက်ရောက်မှု မရှိဘူး။ ဒေသခံ တိုင်းရင်းသားပါတီတွေအတွက်တော့ အများကြီး သက်ရောက်မှု ရှိတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် တပ်ရင်းတပ်ဖွဲ့တွေမှာ ရှိတဲ့ မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့ ပြင်ပ ထုတ်မယ်ဆိုတဲ့ ပြင်ဆင်ချက်ကိုလည်း ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်လို့လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဆန်းလင်းက ကန့်ကွက်ခဲ့ပါတယ်။
"ပထမအချက်အနေနဲ့ လက်နက်ကိုင် သောင်းကျန်းသူများ ရှိတဲ့ နယ်မြေတွေမှာ တည်ရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို သောင်းကျန်းသူတွေက နည်းမျိုးစုံနဲ့ ပစ်ခတ် တိုက်ခိုက်လာနိုင်ပါတယ်"
"ဒါ့အပြင် ရွေးကောက်ပွဲ လုပ်နေတဲ့အချိန်မှာ လက်နက်ကြီးတွေနဲ့ အဝေးက ပစ်ခတ် နှောင့်ယှက် တိုက်ခိုက်လာနိုင်ပါတယ်"
"ကြိုတင်စီမံတဲ့ မိုင်းခွဲခြင်းတွေ၊ ပြန်ပေးဆွဲခြင်းတွေ၊ ခြိမ်းခြောက်ခြင်းတွေကိုလည်း ပြုလုပ်လာနိုင်ပါတယ်"
"ဒါကြောင့် လုံခြုံရေးအရ တပ်တွင်းတပ်ပြင် သင့်တော်တဲ့နေရာတွေကို တပ်မှူးနဲ့ ညှိနှိုင်းပြီးတော့မှ သတ်မှတ်ရန် လိုအပ်မယ်လို့ ဆွေးနွေးလိုပါတယ်" လို့ သူက ပြောပါတယ်။
တပ်ရင်းတပ်ဖွဲ့တွေရဲ့ မဲရုံတွေကို အပြင်ထုတ်မယ့်အစား လုံခြုံရေးအရ တပ်တွင်း၊တပ်ပြင် သင့်လျော်တဲ့နေရာကို တပ်မှူးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တင်ပြခဲ့ပေမဲ့ မဲပေးတဲ့ အခါမှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုမယ်ဆိုရင် ဒီပြင်ဆင်ချက်တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
တပ်ရင်းတပ်ဖွဲ့တွေရဲ့ မဲရုံတွေကို တပ်ပြင်ပ ထုတ်မယ့်အပေါ် ပါတီအများစုက ထောက်ခံကြပေမဲ့ နေရာ တစ်နေရာမှာ ရက်ပေါင်း ၉၀ နေထိုင်သူတွေ ရောက်တဲ့နေရာမှာ မဲပေးလို့ရမယ်ဆိုတဲ့ ပြင်ဆင်ချက်ဟာ တိုင်းရင်းသား ဒေသတွေအတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။