ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝူဟန်ဗိုင်းရပ်စ်ကြောင့် မုံရွာတစ်ဖက်ကမ်းက တရုတ်စီမံကိန်းတွေ ခေတ္တရပ်နားဖို့ တောင်းဆိုမှုတွေရှိ
တရုတ်နိုင်ငံသားတွေ ဝင်ထွက်လုပ်ကိုင်နေတဲ့ မုံရွာတစ်ဖက်ကမ်းက ဝမ်ပေါင်နဲ့ ယန်စီ ကုမ္မဏီတွေရဲ့ ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွေကို အလုပ်သမားတွေရဲ့ တောင်းဆိုမှုအရ ခေတ္တရပ်နားထားဖို့ တိုင်းအစိုးရကို တင်ပြထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စီမံကိန်းကိုရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို မြန်မာအလုပ်သမားတွေက ဝူဟန်ဗိုင်းရပ်စ်နဲ့ သံသယရှိခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုမခံတဲ့အတွက် သူနဲ့အလုပ်တွဲမလုပ်နိုင်ဘူးဆိုပြီး တော့ လုပ်ငန်းခွင်ကနေ ပြန်သွားကြတာတွေ ဖြစ်ပြီးတဲ့နောက်မှာ တိုင်းအစိုးရကို ခေတ္တ ရပ်နားထားဖို့ တင်ပြခဲ့တာလို့ သူကပြောပါတယ်။
တရုတ်နိုင်ငံက အခုရက်ပိုင်း ရောက်လာခဲ့တဲ့ အဲ့ဒီတရုတ်နိုင်ငံသားဟာ ဝမ်ပေါင်ကုမ္မဏီက မြန်မာလုပ်သားတွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေက ကန့်ကွတ်မှုတွေခံရပြီး မန္တလေးလေဆိပ်ကနေ တရုတ်နိုင်ငံကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ် ။
ဝမ်ပေါင်နဲ့ ယန်စီကုမ္မဏီတွေ ကတော့ လုပ်ငန်းခွင်ထဲကို အခုရက်ပိုင်းမှာ တရုတ်နိုင်ငံက ဝင်ရောက်လာသူတွေကို သီးသန့်ခွဲထားတွေရှိတယ်လို့လည်း ဒေါ်အောင်မေရီကပြောပါတယ်။
စစ်ကိုင်းတိုင်းအစိုးရက ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ဆေးမှု တွေလုပ်ခဲ့ပေမယ့် စီမံကိန်း ခေတ္တ ရပ်နားထားဖို့နဲ့ ပတ်သက်လို့တော့ တစုံတရာပြောဆိုတာမျိုးမရှိသေးဘူးလို့လည်း ဒေါ်အောင်မေရီကပြောပါတယ်။
မုံရွာတစ်ဖက်ကမ်းမှာ ဝမ်ပေါင်နဲ့ မြန်မာယန်စီ ဆိုပြီး တရုတ်ကုမ္မဏီ နှစ်ခုဟာ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပြီးတော့ တရုတ်နိုင်ငံသားတွေလည်း ဝင်ရောက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂ရ ရက်နေ့မှာ တရုတ်နိုင်ငံသားတွေ ကား ၅ စီးနဲ့ မြန်မာယန်စီကုမ္မဏီထဲ ဝင်လာတယ်ဆိုပြီး အလုပ်သမားတွေက အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြပါတယ်။
အဲဒီနောက် ဇန်နဝါရီ လ၂၉ ရက်နေ့က တိုင်းအစိုးရ နဲ့ တာဝန်ရှိသူတွေ မြန်မာယန်စီကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒီလူတွေဟာ ဝူဟန် ဗိုင်းရပ်စ်ရောဂါ မပြန့်ပွားအောင် သီးခြားစာင့်ရှောက်ထားတာလို့ ကုမ္မဏီ ဘက်က သိရပါတယ်။ အဲဒီအထဲ ဝူဟန်က လာတဲ့သူ ၃ ယောက်တွေ့ ရကြောင်း၊ သူတို့ဟာ ကော်ရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်ကတည်းက ရောက်နေသူတွေဖြစ်တယ်လို့ ဒေါ်အောင်မေရီကပြောပါတယ်။
"ဒါက လုပ်ငန်းခွင်ထဲက အလုပ်သမားတွေလည်း ပါသလို မိသားစုဝင်တွေလည်း ပါတယ်။ ဝမ်ပေါင် ဘက်မှာ လူများပြီး ရောဂါ သံသယရှိလို သီးသန့်လာထားတာလို့ သိရတယ်" လို့ ဝင်ရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကပြောပါတယ်။
မြန်မာယန်စီထဲက သီးသန့်နေထိုင်ကြတဲ့ သူတွေကို ဝင်ရောက်စစ်ဆေးမှု အပြီးမှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူကို မတွေ့ရဘူးလို့လည်း တိုင်းအစိုးရ ကျန်းမာရေးဘက်ကပြောပါတယ်။
စစ်ဆေးမှုတွေအရ သီးခြားခွဲထားတဲ့ တရုတ်နိုင်ငံသား ၂၅ ဦးရှိပြီးတော့ ယခုလအတွင်းမှ ရောက်လာသူ ၁၂ ဦး ပါ ဝင်ကာ တရုတ်နှစ်ကူးကာလ လာလည်တဲ့ အလုပ်သမားမိသားစုဝင်တွေလည်း ပါတယ်လို့ ဒေါ်အောင်မေရီကပြောပါတယ်။
ဒီလိုတရုတ်နိုင်ငံသားတွေကို ခွဲထားတာ မြန်မာလုပ်သားတွေက ကန့်ကွတ်တာမရှိပေမယ့် လက်ပံတောင်းကြေးနီစီမံကိန်းကို တရုတ်က ပြန်လာတဲ့ တရုတ်နိုင်ငံသား ဒုတိယမန်နေဂျာကို ဝမ်ပေါင်ကုမ္မဏီက ကျန်းမာရေး မစစ်ဆေးဘဲ လက်ခံလိုက်လို့ ဆိုပြီး မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့ဘဲ ဖေဖဝါရီလ ၁ ရက်နေ့က သပိတ်မှောက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့ စီမံကိန်းတွေဆီကို တရုတ်ဘက်က ပြန်ဝင်လာတဲ့တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်စစ်ဆေးမှုမှာ အားနည်းတယ်လို့လည်း အလုပ်သမားတွေဘက်ကပြောပါတယ်။
"ကျမသိတာက ဝမ်ပေါင်ကုမ္မဏီက လက်ခွဲ စီနိုဝမ်း ဆိုက်က တရုတ်နိုင်ငံသား ဒုမန်နေဂျာ ပြန်လာတယ်။ တရုတ်ကနေ။ ဒီလောက် ရောဂါတွေ အရမ်းဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံသားတွေ အဝင်မခံသင့်တော့ဘူးလို့ နယ်/လုံဝန်ကြီးကို ကျမ ဖုန်းဆက်တယ်။ နယ်/လုံဝန်ကြီးက လက်မခံလို့တော့ မရဘူး။ ကျနော်တို့ စောင့်ကြည့်လို့ပဲ ရမယ်လို့ ပြောတယ်။ အဲဒါနဲ့ အဲဒီတရုတ်နိုင်ငံသားကို မုံရွာဆေးရုံကြီးကို တစ်ခါတည်းခေါ်သွားတယ်။ သူက ဆေးစစ်ဖို့ မလိုက်ဘူးလုပ်တယ်။ ဆေးရုံရောက်တော့လည်း စကားပြန်မရှိတော့ အဆင်မပြေဘူး။ အဲဒါနဲ့ အဲဒီ တရုတ်နိုင်ငံသား မန္တလေးဘက် ဆင်းမယ်ဆိုပြီး ပြန်သွားပြီးတော့ ညဘက်ပိုင်းမှာ သူ့လုပ်ငန်းခွင် ထဲ ပြန်ဝင်သွားတယ်။ ကျမမဲဆန္ဒနယ်က လူတွေက စိုးရိမ်ကြတာ။ အဲဒါနဲ့ ကျမ ဝန်ကြီးချုပ်ဆီကို ဝန်ထမ်းတွေကို အလုပ်ခဏ နားပေးဖို့ ညှိနှိုင်းပေးဖို့ စာတင်ထားခဲ့တယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြော ပါတယ်။
ဖေဖဝါရီလ ၂ ရက်နေ့မှာ တော့ အဲဒီ တရုတ်နိုင်ငံသား ပြန်သွားလို့ မြန်မာအလုပ်သမားတွေ အလုပ်ပြန်ဆင်းကြပေမယ့် စီမံကိန်း ခေတ္တ ရပ်နားထားဖို့နဲ့ ပတ်သက်လို့ တော့ အစိုးရဘက်က တစုံတရာ ပြောဆိုတာမျိုး မရှိသေးဘူးလို့ ဒေါ်အောင်မေရီကပြောပါတယ်။