ရွေးကောက်ပွဲနည်းဥပဒေပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီတွေ ဘာလို့ ကန့်ကွက်တာလဲ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ပြင်ဆင်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေမှာ တပ်တွင်းမဲရုံတွေကို အပြင်ထုတ်မယ့်အချက်နဲ့ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေ ကိုယ်ရောက်တဲ့နေရာကနေ မဲပေးချင်ရင် အနည်းဆုံး ရက်ပေါင်း ၉၀ ( သုံးလ ) နဲ့အထက် နေထိုင်သူဖြစ်ပါက မဲပေးခွင့်ရှိမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေအနေနဲ့ ရောက်ရာနေရာက မဲပေးခွင့်ကို အရင်က ရက်ပေါင်း၁၈၀ (၆လ)နေထိုင်ပြီးမှလို့ သတ်မှတ်ထားရာကနေ အခုရက်ပေါင်း၉၀ ( သုံးလ )လို့ ပြင်ဆင်လိုက်တာဖြစ်ပြီး တိုင်းရင်းသားပါတီတွေက ဒီအချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာပါ။
တိုင်းရင်းသားပါတီတွေက ဘာတွေစိုးရိမ်နေတာလဲ
နိုင်ငံရဲ့ဘယ်နေရာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိရမယ်ဆိုတဲ့အချက်ကို သဘောတူပေမယ့် အခုလို နေရာတစ်ခုမှာ သုံးလ ရောက်နေပြီးရုံနဲ့ မဲပေးခွင့်ရမယ် ဆိုတဲ့အချက်ကိုတော့ သဘောမတူဘူးလို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ခမ်းက ဘီဘီစီကိုပြောပါတယ်။
အဓိကအချက်က ပြည်နယ်တွေမှာ ရွှေ့ပြောင်းလုပ်သားတွေအများကြီးရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာဆိုရင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့မဲတွေကြောင့် ရွေးကောက်ပွဲရလဒ်ပြောင်းခဲ့တာတွေရှိတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
"ဖားကန့်လိုနေရာမျိုး၊ တနိုင်းလိုနေရာမျိုးမှာ ဒေသခံက နည်းနည်းလေး။ အဲဒီနေရာတွေမှာ ပြည်မက အန်အယ်လ်ဒီတို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ပဲနိုင်တယ်။ တိုင်းရင်းသားပါတီတွေက ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဒါ့အပြင် စစ်တပ်ရဲ့မဲတွေကလည်း အများကြီးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဒီနှစ်မျိုးနှစ်စားဟာ ကျွန်တော်တို့အတွက် အလွန်စိုးရိမ်စရာပါ။ အခု ကော်မရှင်ပြင်ဆင်ချက်က ဒေသခံပါတီတွေကို အများကြီးသက်ရောက်ပါတယ်။ အဲဒီသက်ရောက်မှု နောက်မှာ မကျေနပ်မှုတွေရှိလာမှာပါ" လို့ ဦးအောင်ခမ်းက ပြောပါတယ်။
ဒီလိုကန့်ကွက်တဲ့ကြားကနေ ကော်မရှင်က ဆက်လုပ်မယ်ဆိုရင်နောင်ဖြစ်လာမယ့်ပြဿနာတွေက ကော်မရှင်ရဲ့တာဝန်သာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ယာယီပြောင်းရွှေ့လာသူတွေအနေနဲ့ ဒေသကို ပြောင်းရွှေ့လာပြီး သုံးလနေထိုင်ရုံနဲ့ ဌာနတိုင်းရင်း သားတွေနည်းတူ မဲပေးခွင့်ရမယ်ဆိုရင် တရားမျှတမှုအရေးရော ကိုယ်စားပြုမှုအရေးရော စိတ်ပူ ပန်စရာ ကောင်းတယ်လို့ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
နောက်တစ်ချက်က တိုင်းရင်းသားပါတီအများစုဟာ ပြည်မမှာ ဝင်ပြိုင်လေ့မရှိဘဲ ပြည်မပါတီကြီးတွေကသာ တိုင်းရင်းသားဒေသတွေမှာဝင်ပြိုင်တဲ့အတွက် အခုလို ပြင်ဆင်ချက်ဟာ တရားမျှတမှုမရှိနိုင်ဘူးလို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။
"ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ပြည်မက လူတွေလာအလုပ်လုပ်ကြတာများတယ်။ တိုင်းရင်း သားဒေသကလူတွေကျ တော့ပြည်မ သွားအလုပ် လုပ်လည်း သူတို့ ကိုယ်စားပြုပြီး ပေးရမယ့် တိုင်းရင်း သားပါတီက အဲဒီမှာ ပြိုင်တာရှားတယ်။ ခြောက်လ ပဲဖြစ်ဖြစ် သုံးလပဲဖြစ်ဖြစ်ခံရတာပါပဲ။ ရှိနှင့်ပြီးသားမို့သာ ပါတီတွေက ဒီခြောက်လကိစ္စ ကို ဘာမှမပြောတော့တာ။ ခု သူတို့(ရွေးကောက်ပွဲကော်မရှင်) က ရွှေ့ပြောင်းလုပ်သားတွေကို ဖြေလျှော့ပေးလိုက်တယ်ပြောတယ်။ ကျွန်တော်တို့ကတော့ ဖြေလျှော့ ပေးတယ်လို့မမြင်ဘူး။ ထိုးနှက်မှုတစ်ခုလို့မြင်တယ်" လို့ ယခင်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်ဖြစ်တဲ့ သူက ဆိုပါတယ်။
ပြင်ဆင်ချင်တဲ့ နည်းဥပဒေတစ်ရပ်ကို အနီးစပ်ဆုံးကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ဖြန့်ဝေရတာဖြစ်ပါတယ်။ အဲဒီနောက် ရက်ပေါင်းကိုး ဆယ် အတွင်းမှာ ဒါကို ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်ချက် ဥပဒေကို ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်တွေက တင်သွင်းပိုင်ခွင့်ရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်ရောက် တိုင်းရင်းသားပါတီ ကိုယ်စား လှယ်တွေ ပြင်ဆင်ချက်အဆို တင်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးအောင်နိုင်ဦးက ဆိုပါတယ်။
ဘာတွေဆက်လုပ်ကြမလဲ
ဒီအချက်ကို ကန့်ကွက်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာလည်း ဒီအချက်ကို တိုင်းရင်းသားပါတီတွေက ကန့်ကွက်ဆွေးနွေးခဲ့တာတွေရှိထားပါတယ်။
ပါတီအနေနဲ့ အဲဒီနည်းဥပဒေပြင်ဆင်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ လွှတ်တော်တွင်း တင်သွင်းမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Stephen J. Boitano
ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဒီအချက်တစ်ခုတည်းနဲ့တော့ ရလဒ်တွေပြောင်းလဲသွားလို့ တိုင်ကြားမှုတွေ၊ ပြဿနာတွေ ပေါ်ပေါက်ခဲ့တာတော့မရှိပေမယ့် မဲရလဒ်ကို အပြောင်းအလဲဖြစ်သွားစေနိုင်တဲ့ အချက်ဖြစ်လို့ စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။
"မဲလေးတစ်မဲတည်းနဲ့ မဲရလဒ်အရှုံးအနိုင်အပြောင်းအလဲဖြစ်သွားစေတာ ကျွန်တော်တို့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကွမ်ဟိန်းမဲဆန္ဒနယ်မှာ ကျွန်တော်တို့ တစ်မဲတည်းနဲ့ ကပ်ပြီးရှုံးခဲ့တာပါ။ ဒီတော့ အင်အားသာလွန်တဲ့မဲဆန္ဒနယ်ကလူတွေက တခြားအင်အားနည်းတဲ့ မဲဆန္ဒနယ်ကို သုံးလအတွင်း ပြောင်းရွှေ့ပြီးအလုပ်လုပ်စေတာ စသဖြင့် မသမာမှုကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းလည်း ဖြစ်လာနိုင်တယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် မဲဆန္ဒနယ်ပြင်ပရောက် ဆိုတဲ့နေရာမှာ နိုင်ငံခြားရောက်နေသူတွေနဲ့ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူဆိုပြီး နှစ်မျိုးနှစ်စားရှိနေပြီး အခု ပြင်ဆင်ချက်ဟာ ပြည်ပရောက်နေထိုင်သူတွေနဲ့ မသက်ဆိုင်တာကြောင့် မူဝါဒနှစ်ခုဖြစ်နေတယ်လို့ ဦးစိုင်းသီဟကျော်က ဆိုပါတယ်။
"နိုင်ငံခြားရောက်နေတဲ့သူတွေက သက်ဆိုင်ရာသံရုံးကတစ်ဆင့် သူ့မူရင်းနေထိုင်တဲ့ဒေသက ကိုယ်စား လှယ်လောင်းကိုပဲ မဲပေးခွင့်ရှိတယ်။ ဒါဆို နိုင်ငံသားချင်းအတူတူ ဘာဖြစ်လို့ အခွင့်အရေးက မတူတာလဲ မေးစရာဖြစ်လာပြီ။ မူလဒေသမှာ အိမ်ထောင်စုစာရင်းမှာမပါဘဲနဲ့ မဲပေးခွင့်ပေးဖို့ကိုမသင့်တာပါ။ ဒါပေမဲ့ နိုင်ငံသားတွေ အခွင့်အရေးမဆုံးရှုံးရအောင် ခြောက်လဆိုရင်တော့လည်းသင့်တော်တယ်ဆိုပြီးအရင်က မကန့်ကွက်ခဲ့တာပါ။ ဒီသုံးလဆိုတာကတော့ ခဏတဖြုတ်လာတဲ့သူတွေလောက်ပဲ။ အမှန်တကယ်အခြေချ နေထိုင်တဲ့သူလို့တော့မထင်ဘူး။ ကိုယ်စားပြုမှုကလည်း တရားမျှတ သွားလိမ့်မယ်လို့ မထင်ဘူး" လို့ ဦးစိုင်းသီဟကျော်က ရှင်းပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဘီဘီစီက နိုဝင်ဘာ ၁၇ ရက်မှာအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ဒီတစ်ခေါက်ကော်မရှင်က ပြင်လိုက်တဲ့ အချက်တွေထဲမှာ တပ်တွင်းမဲရုံတွေအပြင်ထုတ်မယ့်ကိစ္စကိုတော့ နိုင်ငံရေးသမားအများစုက ကြိုဆိုခဲ့ကြပြီး မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေ ရောက်ရာနေရာကနေ မဲပေးဖို့ကို ပြင်ဆင်ပေးလိုက်တဲ့အချက်အပေါ်မှာတော့ အခုလို အငြင်းပွားမှုတွေ ကျယ်လောင်နေ တာ ဖြစ်ပါတယ်။








