ဟင်္သာတက ကရင်အာဇာနည်နေ့ကျင်းပသူတချို့ကို အရေးယူမယ်

ဓာတ်ပုံ ရင်းမြစ်, THEINTEI
ခွင့်ပြုချက်မရဘဲ ဧရာဝတီတိုင်း ဟင်္သာတမြို့က ကရင် အာဇာနည်နေ့ကျင်းပခဲ့လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်အပါအဝင်နဲ့ ဒေသခံ ပွဲစီစဉ်သူငါးဦးကို သက်ဆိုင်ရာအာဏာပိုင်က အရေးယူမယ်လို့ ပဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။
ဒါ့အပြင် သြဂုတ်လ ၁၂ ရက်နေ့က ကရင် အာဇာနည်နေ့ပွဲကျင်းပနေစဉ် ဒေသခံအာဏာပိုင်တွေက လာရောက် နှောင့်ယှက်ခဲ့တယ်လို့ သူကပြောပါတယ်။ ခွင့်ပြုချက်မရပဲ လုပ်တဲ့အတွက် ပုဒ်မ ၂၆ နဲ့ အရေးယူမယ်လို့ အာဏာပိုင်ကပြောဆိုပါတယ်။
အဓိကတော့ ခွင့်ပြုချက်မရဘဲ လုပ်တာပေါ့ဗျာ။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့ပုဒ်မမျိုးလိုပေါ့လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
ဒါပေမယ့် ကာယကံရှင်ကိုတော့ ဆက်သွယ်လာတာ၊ လာရောက်ဖမ်းဆီးတာတော့ မရှိသေးဘူးလို့ ဖဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။
သြဂုတ်လ ၁၂ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဟင်္သာတမှာ လုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က ဖိအားပေးတာတွေနဲ့ ကြုံခဲ့ရတယ်လို့ ပွဲကျင်းပသူတွေက ပြောပါတယ်။
ဟင်္သာတခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက မနေ့ကလုပ်ခဲ့တဲ့ ကရင် အာဇာနည်နေ့ အခမ်းအနားကို ရောက်လာပြီး ကန့်သတ်မှုတွေလုပ်ခဲ့တယ်လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ကရင် အာဇာနည်ဆိုတဲ့ စကားလုံးပါ ဆိုင်းဘုတ်ဖြုတ်ခိုင်းတယ်ဗျာ။ ဖြုတ်ခိုင်းတော့ ကျွန်တော်တို့က မဖြုတ်နိုင်ဘူးလို့၊ ဒါခင်ဗျားတို့က ကျွန်တော်တို့ကို စော်ကားတာနဲ့ အတူတူပဲလို့ ပြန်ပြောလိုက်တယ်။ စောစောပိုင်းကတော့ အာဇာနည်နေ့ကျင်းပတဲ့နေ့ကျရင် အင်အားသုံးပြီးတော့ တားဆီးမယ်၊ ဖြိုခွင်းမယ်ပေါ့။ မနေ့ကတော့သူတို့မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အခမ်းအနားကျင်းပတဲ့အချိန်မှာ ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာပြီးတော့ ကျွန်တော့်ကို ဆိုင်းဘုတ်ဖြုတ်ဖို့ပြောပါတယ် လို့ ပဒိုမန်းငြိမ်းမောင်ကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Saw kapi
၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ဟာ တော်လှန်ရေးလုပ်ရင်း ကျဆုံးသွားခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေဖြစ်တဲ့ KNU ဥက္ကဌဟောင်း စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့ အပေါင်းအပါ အားလုံးကို ရည်စူးပြီးကျင်းပတဲ့ နေ့တနေ့ဖြစ်ပါတယ်။
အလားတူ ရန်ကုန်မြို့ အင်းစိန်မြို့နယ် စိန့်ပီတာ စိန့်ပေါဘုရားကျောင်းက ကျင်းပခဲ့တဲ့ ကရင် အာဇာနည်နေ့ကိုလည်း အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ်။
အဓိက တားမြစ်ရတဲ့ အကြောင်းကတော့ ၁၉၅၄ ခုနှစ် အက်ဥပဒေအရ အာဇာနည်နေ့ ဆိုတဲ့ သတ်မှတ်ချက်က မြန်မာနိုင်ငံမှာ သတ်မှတ်ထားပြီးသားရှိတဲ့အတွက် အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်ဆိုပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။
သြဂုတ်လ ၁၂ရက်နေ့က ကရင်အာဇာနည်နေ့ကို ရန်ကုန်အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်တည်ရှိရာ ကရင်ပြည်နယ်အပါအဝင် မွန်ပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာလဲ ကျင်းပခဲ့ပါသေးတယ်။








