အာဇာနည်ဆိုတဲ့အသုံးကြောင့် ဖိအားပေးခံရတဲ့ ကရင့်အာဇာနည်နေ့ ရန်ကုန်မှာကျင်းပ

ဓာတ်ပုံ ရင်းမြစ်, THEINTEI
ဒီကနေ့ ( သြဂုတ် ၁၂ ရက်နေ့ ) မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က စိန့်ပီတာ စိန်ပေါ ဘုရားကျောင်းမှာ အာဏာပိုင်တွေရဲ့ ဖိအားတွေကြားက ကျင်းပခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ဆောင်ရွက်သူတွေထဲက တဦးဖြစ်တဲ့ ကိုစောထွန်းထွန်းကဘီဘီစီကို ပြောပါ တယ်။
ကရင့် အာဇာနည်နေ့ဆိုတာက ၁၉၅၀ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့မှာ တော်လှန်ရေး လုပ်ဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ နဲ့ အပေါင်းပါအားလုံးကို ရည်စူးပြီး သတ်မှတ်ကျင်းပတဲ့ နေ့တနေ့ဖြစ်ပါတယ်။
' ' ဒီပွဲကျင်းပဖို့ ကျွန်တော်တို့က ၂ပတ်လောက်ကြိုပြီး အကြောင်းကြားခဲ့တယ်။ ဒါပေမယ့် မြို့နယ်ထွေအုပ်ကလည်းတားတယ်။ သာသနာရေးဦးစီးဌာနကလည်းပြောတယ်၊ လဝကရော ရဲကရော လာတားတယ်။ ၁၉၅၄ ခုနှစ်အက်ဥပဒေအရ အာဇာနည်ဆိုတဲ့သတ်မှတ်ချက်က မြန်မာနိုင်ငံမှာ သတ်မှတ်ထားပြီးသားရှိလို့ အာဇာနည်ဆိုတဲ့ အသုံးအနှုန်းက ထင်ယောင်ထင်မှားဖြစ်စေနိုင်လို့ ဒီဥပဒေနဲ့ညှိနိုင်တယ်။ ပွဲကျင်းပရင် လက်ခံတဲ့သူရော၊ လုပ်တဲ့စီစဉ်တဲ့သူရော ပုဒ်မ ၅၀၅ ( ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ညှိနိုင်တယ် ဆိုပြီး ခြိမ်းခြောက်တာ။ ဒါပေမယ့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က တိုင်းမင်းကြီးကို လှမ်းပြောပေးလို့ လုပ်လို့ ခွင့်ပြုချက်မပေးပေမယ့် တားလည်းမတားတော့ ပွဲတော့ဖြစ်သွားတယ်။ '' လို့ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ အခက်ကြုံခဲ့ရတဲ့အခြေအနေကို ပြန်လည်ပြောပြပါတယ်။
ဒီပွဲကို ခွင့်ပြုရင် ကျွန်တော်တို့လည်း ပုဒ်မ ၅၀၅ (ခ) နဲ့ငြိမယ်ပေါ့နော်။ ဆိုတော့ ပွဲကျင်းပမယ့်သူတွေက သက်ဆိုင်ရာနဲ့ညှိတယ်။ သူတို့က ဘာမှပြန်မပြောဘူး။ ခွင့်ပြုတယ်မပြုဘူး။ ကရင်ဝန်ကြီးလည်းလာတက်လို့ သာခွင့်ပြုလိုက်တာ။ ဒီအတိုင်းဆို ကျွန်တော်တို့လည်း ခွင့်မပြုဘူး။ ဥပဒေနဲ့ညှိမယ်ဆိုတော့လေ ခွင့်မပြုရဲဘူးလို့ အင်းစိန်မြို့နယ်က စိန့်ပီတာစိန်ပေါ ဘုရားရှိခိုးကျောင်းရဲ့ အကျိုးတော်ဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းအောင်က ဘီဘီစီကိုပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THEINTEI
ရန်ကုန်တိုင်းအတွင်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် လူ ၅၀၀ ကျော် တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားကို တားဆီးကန့်ကွက်တာတွေကြောင့် နဂိုစီစဉ်ထားတဲ့အစီအစဉ်အချို့ဖြစ်တဲ့ ဟောပြောတာမျိုးတွေကို ချန်လှပ်ပြီး ကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။
ကရင့်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်အပြင် ဒီကနေ့ တပြိုင်တည်းမှာပဲ ကရင်အမျိုးသားအစည်းအရုံး (KNU ) ဌာနချုပ်တည်ရှိရာကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ အခြားပြည်နယ်တွေမှာလည်း ကျင်းပခဲ့ပါတယ်။
' ' မြန်မာနိုင်ငံမှာနေရင် အာဇာနည်ဆိုတာက ၁၉ ဇူလိုင်ရောက်တဲ့အခါ ကျဆုံးသွားတဲ့အာဇာနည် ၉ ဦးကို တိုင်းရင်းသားတွေလည်း အမြဲဂုဏ်ပြု အလေးပြုနေတာပဲလေ။ အဲဒီနည်းတူပဲ တိုင်းရင်းသားတွေမှာလည်း တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ကိုယ့်လူမျိုးတွေ ရဲ့အနာဂတ်ပန်းတိုင်အတွက် အသက်စွန့်ပြီးတော့ လုပ်ဆောင်ခဲ့တဲ့ သူတွေသည်လည်း ကျွန်တော်တို့အတွက်တော့အာဇာနည်ပဲ။ ကျွန်တော်တို့အတွက်အရမ်းအရေးကြီးတယ်။ သတိရနေရမယ်။ အထူးသဖြင့် သူတို့တွေ ရည်မှန်းခဲ့တဲ့ ရည်ရွယ်ချက်တွေကိုသတိရရမယ်။အလေးထားရမယ်။ ဒါမှ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက ရမှာဖြစ်ပါတယ်။ ကရင့်အာဇာနည်နေ့ဆိုတာ ကရင်လူမျိုးတွေအတွက်တော့ အလေးထားရတဲ့နေ့ပါ။ အခုက အာဇာနည်ဆိုတဲ့ အသုံးက မြန်မာပြည်တပြည်တည်းက ပိုင်တယ်ဆိုတဲ့ပုံစံမျိုးက တိုင်းရင်းသားတွေကိုစည်းလုံးဖို့ ပိုပြီးတော့ ကွဲပြားနိုင်တယ်။ ငြိမ်းချမ်းရေးကိုလုံးဝထိခိုက်နိုင်တယ်'' လို့ ကိုစောထွန်းထွန်းကပြောပါတယ်။
အလားတူ ကရင့်အာဇာနည်နေ့ကို KNU ဌာနချုပ်မှာ စစ်ရေးပြအခမ်းအနားနဲ့ ဂုဏ်ပြုကျင်းပမှာကို ပြီးခဲ့တဲ့ရက်ပိုင်းတွေက မြန်မာ့တပ်မတော်ဘက်က ကန့်ကွက်ခဲ့တာမျိုးတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဘက် ညှိနှိုင်းနိုင်ခဲ့တဲ့အတွက်ဒီကနေ့ ( သြဂုတ် ၁၂ ရက်) မှာတော့ KNU ဌာနချုပ်မှာ စစ်ရေးပြအခမ်းအနားနဲ့အတူ ဂုဏ်ပြုကျင်းပခဲ့တယ်လို့လည်း သိရ ပါတယ်။








