အော့ဇ်ဝစ် အကျဉ်းစခန်းကို ပုပ်ရဟန်းမင်း သွားရောက်

ဓာတ်ပုံ ရင်းမြစ်, EPA
ပိုလန် နိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ ဂျူးအများစု အပါအဝင် လူ တစ်သန်းကျော် အသတ်ခံခဲ့ရတဲ့ အော့ဇ်ဝစ် အကျဉ်းစခန်းကို သွားရောက်ပြီး နာဇီတွေရဲ့ သားကောင် ဖြစ်ခဲ့ရသူတွေကို ရည်စူး ဆုတောင်း ပေးခဲ့ပါတယ်။
ပုပ်ရဟန်းမင်း တကိုယ်တည်း အကျဉ်းစခန်း တဝိုက် လှည့်လည် လျှောက်သွားခဲ့ကာ ငြိမ်သက် ဆုတောင်းခဲ့ပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့သူတွေ နဲ့လည်း နွေးနွေးထွေးထွေး တွေ့ဆုံ နှုတ်ဆက် ခဲ့ပါတယ်။
ခရစ်ယာန် ဝါဒကို ပိုလန် လက်ခံတဲ့ နှစ်ပေါင်း ၁၀၅၀ ပြည့်တဲ့ နှစ်လည် အထိမ်းအမှတ် အဖြစ် ပုပ်ရဟန်းမင်း ပိုလန်ကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပြီး ဒီကနေ့ သောကြာနေ့မှာ ၃ ရက်မြောက် ရှိပြီ ဖြစ်ပါတယ်။
ဖရန်စစ်ဟာ အော့ဇ်ဝစ် အကျဉ်းစခန်းကို အလည်ရောက်တဲ့ ၃ ယောက်မြောက် ပုပ်ရဟန်းမင်းလည်း ဖြစ်ပါတယ်။
အကျဉ်းစခန်းကို သွားရောက်ဖူးတဲ့ သူ့ရှေ့က ဂျာမန်နဲ့ ပိုလန် နွယ်ဖွား ပုပ်ရဟန်းမင်းတွေနဲ့ မတူတဲ့ အချက်ကတော့ အခု ပုပ်ရဟန်းမင်း ဖရန်စစ်က အော့ဇ်ဝစ်ရဲ့ ကြောက်မက်ဖွယ် အနိဋ္ဌာရုံတွေ အကြောင်း ပြောမသွားဘူးလို့ ဝါဆောမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




