တကမ္ဘာလုံး စစ်ဘေးသင့် နေပြီလို့ ပုပ်ရဟန်းမင်း ပြော

ဥရောပ မှာ လတ်တလော ဖြစ်ပေါ် နေတဲ့ ဂျီဟာ့ဒ်ဝါဒီ တွေရဲ့ တိုက်ခိုက်မှု တွေဟာ ကမ္ဘာကြီး တစ်ခုလုံး စစ်ဘေးသင့် နေရတယ် ဆိုတာကို ပြသနေတယ် လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ပြောပါတယ်။
ဒါပေမယ့် စစ်ဆိုရာမှာ ဘာသာရေး စစ် လို့ မဆိုလိုဘူး လို့လည်း ပုပ် ဖရန်စစ် က အလေးထား ပြောကြား ပါတယ်။
ဘာသာတရား အားလုံးက ငြိမ်းချမ်းမှုကို သင်ကြား လမ်းညွှန် တဲ့ အတွက်၊ အကြမ်းဖက် လုပ်ရပ် ကျူးလွန် သူတွေ တိုင်းဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာရေး တွေ အပေါ် စစ်မှန်စွာ မယုံကြည် ကြသူတွေ ဖြစ်တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပုပ်ရဟန်း မင်းကြီးက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်သစ် နိုင်ငံမှာ ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး အသတ်ခံ ခဲ့ရတာ နဲ့ ပတ်သက်ပြီး ပိုလန် နိုင်ငံမှာ လတ်တလော ရောက်ရှိ နေတဲ့ ပုပ် ဖရန်စစ်က အခုလို ပြောကြား လာတာ ဖြစ်ပါတယ်။

တခါ၊ ပြင်သစ် နိုင်ငံထဲမှာတော့ အကြမ်းဖက် တိုက်ခိုက် မှု သတင်းတွေကို ဖော်ပြတဲ့ အခါကျူးလွန်သူတွေ ရဲ့ ဓာတ်ပုံတွေ ထည့်သွင်း ဖော်ပြမှာ မဟုတ်တော့ဘူး ဆိုပြီး ပြင်သစ် သတင်း မီဒီယာ တချို့က ပြောလာပါတယ်။
ကျူးလွန်သူ တွေ ကို ဓာတ်ပုံ နဲ့ တကွ ဖော်ပြခြင်းဟာ သူတို့ တွေ ကို နာမည်ကြီး တင်ကျန် စေဖို့ ပြုလုပ် ပေးရာ ရောက် စေနိုင်တယ် ဆိုပြီး ပြင်သစ် နေ့စဉ် သတင်းစာ Le Monde က ဆိုပါတယ်။
ပြင်သစ်ရဲ့ နိုင်ငံတကာ အသံလွှင့် ဌာန တွေ ဖြစ်တဲ့ RFI နဲ့ France 24 အပါအဝင် အကြီးဆုံး ပြင်သစ် ရုပ်သံ ဌာန ဖြစ်တဲ့ BFM TV၊ La Croix သတင်းစာ တို့ကလည်း လူသတ် သမားတွေ ရဲ့ ရုပ်ပုံကို မဖော်ပြဖို့ ဆုံးဖြတ် ထားပါတယ်။




