အီဂျစ် လေယာဉ် ပျောက်ဆုံးနေ

ဓာတ်ပုံ ရင်းမြစ်, AP
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကနေ ကိုင်ရိုကို ညအချိန် ပျံသန်းလာတဲ့ အီဂျစ် လေကြောင်းပိုင် လေယာဉ် တစင်း ပျောက်ဆုံး နေပါတယ်။
မြေထဲ ပင်လယ် အရှေ့ပိုင်း မှာ Airbus A320 အမျိုးအစား လေယာဉ် တစင်း ပျံသန်း နေတုန်း ရေဒါ မြင်ကွင်းကနေ ပျောက်ကွယ် သွားကြောင်း အီဂျစ် မြို့ပြ လေကြောင်း ဝန်ကြီး ဌာနက ပြောကြား ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ ယောက်နဲ့ အတူ အမှုထမ်း ၁ဝ ယောက် ပါသွားပါတယ်။
ကိုင်ရိုကို လေယာဉ်မဆင်းခင် နာရီဝက် အလိုမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
လေယာဉ် ပေါ်ကနေ အရေးပေါ် အချက်ပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ကိုတော့ အီဂျစ် စစ်ဘက်က ပယ်ချ ခဲ့ပါတယ်။
ခရီးသည် တွေထဲမှာ အီဂျစ် နိုင်ငံသား ၃ဝ နဲ့ ပြင်သစ် လူမျိုး ၁၅ ယောက် ပါလာတယ်လို့လည်း အီဂျစ် လေကြောင်းက ပြောကြား ပါတယ်။
လေယာဉ်နဲ့ နောက်ဆုံး ဆက်သွယ်လို့ ရခဲ့တဲ့ နေရာကို အီဂျစ်နဲ့ ဂရိ ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်နေကြပြီး ဂရိပိုင် ကျွန်းတခုနားမှာ အသေးစိတ် ရှာဖွေတာတွေလည်း လုပ်နေပါတယ်။




