ရုရှား လေယာဉ်ပေါ် ဗုံးပါသွားတယ်လို့ ယူကေ ယူဆ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆိုင်းနိုင်း ကျွန်းဆွယ်မှာ စနေနေ့က ပျက်ကျခဲ့တဲ့ ရုရှား လေယာဉ်ပေါ်မှာ ဗုံးထောင် ထားခဲ့တယ်လို့ ယူကေ စုံစမ်း စစ်ဆေးသူတွေက ယုံကြည် ယူဆကြကြောင်း ဘီဘီစီက သိရှိရပါတယ်။
အီဂျစ် အပေးဖြေစခန်းမြို့ ရှားမ်အယ်ရှိတ်နဲ့ ယူကေ အကြား လေယာဉ် ခရီးစဉ်တွေကို လွန်ခဲ့တဲ့ ၂ ရက် ကတည်းက ဗြိတိသျှ အစိုးရက ရပ်တန့် ခဲ့ပါတယ်။
ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ရှိတဲ့ စစ်သွေးကြွတွေရဲ့ ဆက်သွယ် ပြောဆိုမှုတွေကို ယူကေ အစိုးရက ကြားဖြတ် ရယူခဲ့ပြီး ထောက်လှမ်းရေး သတင်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အီဂျစ်နဲ့ ရုရှား အစိုးရတွေကတော့ လေယာဉ် ပျက်ကျတဲ့ အကြောင်းရင်းကို ပြောဖို့ စောလွန်းနေသေးတယ် လို့သာ ပြောခဲ့ပါတယ်။
ရှားမ်အယ်ရှိတ် ကနေ စိန့်ပီတာစ်ဘာ့ဂ်ကို ပျံသန်းတဲ့ ရုရှား ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့ရာမှာ လေယာဉ်ပေါ် ပါသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့ပါတယ်။
အပန်းဖြေ ခရီးထွက်နေတဲ့ ယူကေ နိုင်ငံသား ၁ သောင်း ၉ ထောင်ဟာလည်း ရှားမ်အယ်ရှိတ်မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ သောကြာနေ့မှာ ဗြိတိန်သား အများစု ပြန်လာဖို့ စီစဉ်ထားပေမယ့် လေယာဉ် ခရီးစဉ်တွေကို အီဂျစ် အစိုးရက လျှော့ချခဲ့တာကြောင့် လေယာဉ် ၁၀ စီးအနက် ၂ စီးသာ ထွက်ခွာနိုင်မယ်လို့ ဆိုပါတယ်။
အီဂျစ် လေကြောင်း ဝန်ကြီးကတော့ လေဆိပ် ဝန်ဆောင်မှုနဲ့ မမျှတဲ့ အတွက် လုံခြုံရေး အရ လျှော့ချရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။








