ဗုံးကြောင့် ဆိုတဲ့အယူအဆကို သတိနဲ့လက်ခံဖို့ ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
ဆိုင်းနိုင်း ကျွန်းဆွယ်မှာ လူ ၂၂၄ ယောက် သေဆုံး ခဲ့ရတဲ့ ရုရှားလေယာဉ် ပျက်ကျမှုဟာ ဗုံးကြောင့် ဖြစ်နိုင်တယ် ဆိုတဲ့ ယူဆချက်တွေကို သတိနဲ့ လက်ခံဖို့ ရုရှားနဲ့ အီဂျစ် နိုင်ငံတို့က တိုက်တွန်း လိုက်ပါတယ်။
အဲဒီ အယူအဆတွေဟာ ထင်မြင်ချက်တွေသာ ဖြစ်တယ်လို့ ရုရှားက ပြောလိုက်ပြီး၊ အီဂျစ်ကလည်း အဲဒီလို ယူဆချက်အတွက် သက်သေ အထောက်အထား မရှိဘူးလို့ ပြောပါတယ်။
လေယာဉ်ဟာ ဗုံးကြောင့် ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်နဲ့ ယူကေ အရာရှိတွေက ပြောခဲ့တာပါ။ ရှားမ်အယ်ရှိတ် မြို့ဆီ အသွားအပြန် လေယာဉ် ခရီးစဉ်တွေကိုလည်း ယူကေက ရပ်ဆိုင်း ထားခဲ့ပါတယ်။
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ ဆက်စပ်တဲ့ စစ်သွေးကြွတွေက လေယာဉ်ကို သူတို့ ပစ်ချ ခဲ့တာလို့ ပြောခဲ့ပါတယ်။
စနေနေ့က အီဂျစ် အပန်းဖြေစခန်းမြို့ ဖြစ်တဲ့ ရှားမ်အယ်ရှိတ် ကနေ ရုရှား နိုင်ငံ စိန့်ပီတာစ်ဘာ့ဂ် မြို့ကို ဦးတည် ထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ပျံတက်ပြီး ၂၃ မိနစ်မှာပဲ ဆိုင်းနိုင်း ကျွန်းဆွယ်ပေါ်မှာ ပျက်ကျ ခဲ့တာပါ။
လေယာဉ်ပေါ် ပါသွားသူ အများစုက ရုရှားတွေ ဖြစ်ပါတယ်။




