တိုက်ရိုက်ထုတ်လွှင့်မှု, မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ PDF ဆက်တိုက် တိုက်ပွဲဖြစ်နေ

နှစ်ဝက်ကျိုးလာချိန်မှာ ဧရာဝတီမြစ်အရှေ့ကမ်းမှာရှိတဲ့ ချောက်မြို့နယ်ထဲမှာပါ စစ်ရေးအလှုပ်အခတ်ရှိလာတဲ့ သတင်းအပါအဝင် ဇူလိုင် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဇွန် ၂၈ ရက်ကစလို့ ဇူလိုင် ၂ ရက်အထိ ရန်ကုန်၊ ရေဦး၊ ပုသိမ်၊ တောင်ငူ စတဲ့နေရာတွေက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ ဖယ်ခံရ
  • ထိုင်းအရှေ့မြောက်ပိုင်းမှာ အိမ်စီးကား တစ်စီး ဝင်တိုက်လို့ ပျံလွန်တော်မူတဲ့ သံဃာ ၈ ပါးအထိ မြင့်တက်လာ
  • ကမ္ဘာကျော်ပေါ့စတား တေလာဆွစ်ဖ်နဲ့ အမေရိကန်ဘောလုံးကစားသမား ထရဲဗစ် ကဲလ်ဆီတို့ နယူးယောက်မှာ မင်္ဂလာဆောင်မယ်လို့ သတင်းထွက်
  • ဗင်နီဇွဲလားအမြွှာငလျင်မှာ Misss Grand Orlando 2025 အလှမယ် သေဆုံး
  • ချင်းတောင်ပိုင်းတိုက်ပွဲ - တစ်လကျော်ကြာတဲ့အထိ စစ်ရေးအသာစီးရနေဆဲလို့ ချင်း CPA ပြော
  • ချောက်က ဇောင်းတောကန်၊ လေးပင်ကုန်းနဲ့ မြေနီလိန်ရွာတွေဘက်မှာ ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်မှာ ပူးတွဲအိမ်ရှင်ဖြစ်တဲ့ အမေရိကန်အသင်းဟာ ဘော့စနီးယားကို ၂ ဂိုးပြတ်နဲ့နိုင်သွားပါတယ်။ ဒါပေမဲ့ အသင်းပွဲစဉ်တွေကို အမေရိကန်သမ္မတ ထရမ့် ကိုယ်တိုင် တက်ရောက်ကြည့်ရှုတာမရှိသေးပါဘူး။ သူကိုယ်တိုင် မတက်ရောက်ခဲ့တာ ဘာကြောင့်လဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်မှာ စားသုံးဆီခွဲတမ်း ၆၀ ရာခိုင်နှုန်းအထိလျှော့ချဖို့ရှိတယ်လို့ လုပ်ငန်းရှင်တချို့ပြော

    စားအုန်းဆီ ခွဲတမ်းနဲ့ ဝယ်ယူနေရတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စားအုန်းဆီ ခွဲတမ်းနဲ့ ဝယ်ယူနေရတဲ့ မြင်ကွင်း

    ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စားသုံးဆီခွဲတမ်းကို ဇူလိုင်လကုန်ကစပြီး ၆၀ ရာခိုင်နှုန်းခန့် လျှော့ချဖို့ရှိတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တချို့က ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ ရန်ကုန်တိုင်းအတွက် တစ်လကို စားသုံးဆီတန်ချိန် ၁၄,၈၅၀ ခွဲတမ်းချထားပေးနေပေမဲ့ အဲဒီပမာဏကို တန်ချိန် ၆,၀၁၅ ခန့်ကို လျှော့ချရမယ်လို့ သိထားကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

    “အရန်ဆီ လက်ကျန်တော့ ရှိပါတယ်။ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ကြိုတင်စီမံတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။

    ဒီခွဲတမ်းလျှော့ချမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံ ဘီဘီစီက သီးခြားအတည်ပြုချက် ရယူနိုင်တာ မရှိသေးပါဘူး။

    လက်ရှိ ကျင့်သုံးနေတဲ့ခွဲတမ်းဖြန့်ဝေမှု စနစ်အရ အိမ်ထောင်စုတစ်စုကို တစ်လမှာ စားသုံးဆီ တစ်ပိဿာ ရောင်းချပေးနေပြီး၊ ခွဲတမ်းလျှော့ချမှု အကောင်အထည်ဖော်လာမယ်ဆိုရင် ရနိုင်တဲ့ပမာဏလည်း လျော့နည်းလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

    ဒီလိုခွဲတမ်းလျှော့ချမယ့်သတင်းထွက်ပေါ်လာတာဟာ နိုင်ငံခြားငွေ သုံးစွဲမှုနဲ့ ကုန်သွယ်မှုလိုငွေ လျှော့ချမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့ပြီး တစ်ပတ်ခန့်အကြာမှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စားသုံးဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေ မကြာခဏဖြစ်ပေါ်ခဲ့ပြီး တချို့လက်လီအရောင်းဆိုင်တွေမှာ စားသုံးဆီရောင်းချမှုကို ယာယီရပ်နားခဲ့ရတဲ့အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

    လက်ရှိမှာ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းဈေး သတ်မှတ်ပေးထားသလို ပြင်ပဈေးကွက် ပေါက်ဈေးလည်း သီးခြားရှိနေပါတယ်။ လက်ရှိမှာ ဇွန် ၂၆ ရက်ကနေ ဇူလိုင် ၂ ရက်အထိ တစ်ပတ်တာအတွက် စားသုံးဆီတစ်ပိဿာရဲ့ရည်ညွှန်းဈေးကို ကျပ် ၇,၂၅၅ သတ်မှတ်ထားပါတယ်။

  2. မြန်မာပြည်တွင်းမှာသုံးတဲ့စတားလင့်ခ်စက်တချို့ အပိတ်ခံရ

    တော်လှန်ရေးနယ်မြေက စတားလင့်ခ်ဆိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တော်လှန်ရေးနယ်မြေက စတားလင့်ခ်ဆိုင်/ပုံဟောင်း

    ဂြိုဟ်တုအင်တာနက်နည်းပညာသုံး စတားလင့်ခ်(Star Link) စက်ကို တရားဝင် ခွင့်မပြုထားတဲ့နိုင်ငံတွေကနေ အသုံးပြုနေတာကြောင့် စက်တချို့ အပိတ်ခံနေရကြောင်း တော်လှန်ရေး အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

    စတားလင့်ခ်က ပေးပို့တဲ့အီးမေးလ်မှာ ဝန်ဆောင်မှု တရားဝင် ခွင့်မပြုထားတဲ့နိုင်ငံကနေ အသုံးပြုနေတယ်ဆိုတာကို တွေ့ရှိရကြောင်း၊ အကောင့်မှတ်ပုံတင်ထားတဲ့နိုင်ငံ ဒါမှမဟုတ် တရားဝင်ခွင့်ပြုတဲ့နိုင်ငံမှာ ပြောင်းသုံးဖို့ ထည့်သွင်းအကြောင်းကြားပါတယ်။

    “အခုက အိုင်ဒီ(ပိုင်ဆိုင်သူ ဘယ်သူဖြစ်ကြောင်း)အောင်ပြီးသား စက်တွေလည်း ဖြစ်တယ်။ စက်သုံးတဲ့တည်နေရာပြတဲ့နေရာမှာ မြန်မာဆိုပြီးဖြစ်နေတာကြောင့်ပါ” လို့ ဒီအခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။

    စတားလင့်ခ်ကို အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံမှာသာ တရားဝင်သုံးခွင့်ရှိပြီး အာရှမှာတော့ ဂျပန်နိုင်ငံသာ တရားဝင်သုံးနိုင်ပါတယ်။

    ဂြိုဟ်တုအသုံးပြုအင်တာနက် စတားလင့်ခ်ကို ကမ္ဘာကျော်သူဋ္ဌေး အီလွန်မက်ရဲ့ Space X ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) မှာအသုံးပြုနေတဲ့စတားလင့် စက်အလုံးရေ ၂,၅၀၀ ကို ဝန်ဆောင်မှု ပိတ်ခဲ့ကြောင်း စကားလင့်ခ်ဘက်က ‌ကြေညာခဲ့ပါတယ်။

    အခုနှစ်မေလမှာ စက်ပိုင်ရှင်ရဲ့မျက်နှာဖော်ပြရမယ်ဆိုတဲ့ စတားလင့်ခ်ရဲ့မူဝါဒအသစ်ကို ပြောင်းလဲခဲ့ပြီး အဲဒီလိုတောင်းခံစာရရှိပြီး ၂၅ ရက်အတွင်း မှတ်ပုံတင်ကြရပါတယ်။

    တော်လှန်ရေးနယ်မြေက အင်တာနက်အသုံးပြုတွေ စက်မှတ်ပုံတင်ဖို့ အခက်ကြုံခဲ့ရသလို အခုလို စက်တချို့ ဝန်ဆောင်မှု ရပ်တာကြောင့် စိုးရိမ်မှုတွေ များလာတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်တွေအရ သိရပါတယ်။

    မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကို စစ်တပ်က အင်တာနက်ဖြတ်တောက်ခဲ့တာကြောင့် ဂြိုဟ်တုသုံးအင်တာနက် စတားလင့်ခ်ကို တော်လှန်ရေး အင်အားစုတွေက အားပြု သုံးစွဲနေရတာဖြစ်ပါတယ်။

  3. သာကေတနဲ့ တောင်ဥက္ကလာက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ ဖယ်ရှားခံရ, အရပ်ဝတ်တွေ လုံခြုံရေးယူနေ

    တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံ မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံ မြင်ကွင်း

    ဗိုလ်ချုပ်အောင်ဆန်းရုပ်တွေကို ဖယ်ရှားလိုက်တဲ့ ရန်ကုန်မြို့ သာကေတနဲ့ တောင်ဥက္ကလာ ပန်းခြံတွေကို ပိတ်ထားပြီး အရပ်ဝတ်နဲ့ လုံခြုံရေးချထားတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

    “သာကေတပန်းခြံအပေါက်ဝအပင်ရှေ့မှာ ဟွန်ဒါဖစ် အိမ်စီးကားရပ်ထားပြီး အရပ်ဝတ်နဲ့ ၄ ယောက် ရှိနေတယ်။ သာကေတ ပန်းခြံက ရဲစခန်းနဲ့ ထွေအုပ်ရုံးကြားဆိုတော့ ကားဖြတ်တာနဲ့ကို လိုက်စောင့် ကြည့်နေတာပါ။ တောင်ဥက္ကလာကတော့ လူနေရပ်ကွက်ဘက်နီးတယ်။ မျက်စိရှေ့မှာပဲ ကားရပ်ပြီး လူတစ်ယောက်က ဓာတ်ပုံဆင်းရိုက်တော့ ပန်းခြံနားက ကားကနေ အရပ်ဝတ်နဲ့ လူချက်ချင်း ထွက်လာတယ်” လို့ မျက်မြင်ရန်ကုန်ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖယ်ရှားခံခဲ့ရတဲ့ သာကေတပန်းခြံက ဗိုလ်ချုပ်ရုပ်တု၊ အရင်က ဗိုလ်ချုပ်ရုပ်တုရှေ့က မြေကွက်လပ်မှာ မနက်တိုင်း အားကစားလေ့ကျင့်တာတွေရှိခဲ့ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, PRT

    ဓာတ်ပုံ ပုံစာ, ဖယ်ရှားခံခဲ့ရတဲ့ သာကေတပန်းခြံက ဗိုလ်ချုပ်ရုပ်တု၊ အရင်က ဗိုလ်ချုပ်ရုပ်တုရှေ့က မြေကွက်လပ်မှာ မနက်တိုင်း အားကစားလေ့ကျင့်တာတွေရှိခဲ့ပါတယ်

    သာကေတမြို့နယ် မြကန်သာပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဟာ တို့ဗမာအစည်းအရုံးဝင်ဖြစ်တုန်းက အဝတ်အစားလိုမျိုး မြန်မာတိုက်ပုံနဲ့ ပုဆိုးဝတ်ကာ ခေါင်းပေါင်း ပေါင်းထားပြီး ထိုင်နေတဲ့ပုံစံ ထုလုပ်ထားတာပါ။

    တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံထဲမှာတော့ ရုပ်တု နှစ်ခုရှိပြီး ပန်းခြံ ဝင်ဝင်ချင်းအရှေ့က မတ်တပ်ရပ် ဗိုလ်ချုပ်ရုပ်တုကတော့ ရှိနေပါသေးတယ်။

    ဒါပေမဲ့ ပန်းခြံထဲက နောက်ရုပ်တုနေရာကိုတော့ အစိမ်းရောင်အစနဲ့ ကာထားပြီး အထဲမှာ မြေတူးစက်(ဘူဒိုဇာ)တစ်စီး ရပ်ထားတယ်လို့ မျက်မြင်က ဆက်ပြောပြပါတယ်။

    ရန်ကုန်မြို့ထဲကပဲ မြောက်ဒဂုံ ဘေလီတံတားထိပ်နဲ့ တောင်ဒဂုံပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေတော့ ဒီမနက်အထိ ရှိနေပါသေးတယ်။

    ရန်ကုန်အပြင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုကိုလည်း ဒီနေ့ မနက် ၄ နာရီဝန်းကျင်ခန့်မှာ စစ်တပ် တပ်ဖွဲ့ဝင်တွေက လာရောက်ဖယ်ရှားခဲ့တယ်လို့ မြေပြင်ကင်းထောက် ချယ်နယ်တွေမှာ ဖော်ပြပါတယ်။ ဒါကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

    ဒါပေမဲ့ ဒီရုပ်ထုတွေကို ဘာကြောင့်ဖယ်ရှားတယ်ဆိုတာမျိုး နေပြည်တော်ဘက်က သတင်းမထုတ်သေးပါဘူး။

    ဇွန် ၂၈ ရက်ကစလို့ ဇူလိုင် ၂ ရက်အထိ ရန်ကုန်၊ ရေဦး၊ ပုသိမ်၊ တောင်ငူ စတဲ့နေရာတွေက ဗိုလ်ချုပ်ရုပ်တု ၈ ရုပ် ဖယ်ရှားခံထားရပါတယ်။

    ဒါအပြင် ခြံအမှတ် ၅၄ ရှေ့က ဗိုလ်ချုပ်ဓာတ်ပုံနဲ့ ဗိုလ်ချုပ်မိန့်ခွန်းစကားကိုလည်း ဖယ်ရှားခဲ့ပါတယ်။

  4. ထိုင်းမှာ ကားဝင်တိုက်လို့ သံဃာ ၈ ပါး ပျံလွန်တော်မူ

    ခြေလျင်ကြွတဲ့သံဃာတွေ

    ဓာတ်ပုံ ရင်းမြစ်, วัดรอยพระพุทธบาทภูมโนรมย์ อำเภอเมืองมุกดาหาร จังหวัดมุกดาหาร

    ဓာတ်ပုံ ပုံစာ, ခြေလျင်ကြွတဲ့သံဃာတွေ

    ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက မူဒါဟန်ခရိုင်မှာ ကားလမ်းဘေး ခြေလျင်ကြွနေတဲ့ သံဃာတော်တွေ ရှေ့တည့်တည့်ကို အိမ်စီးကား တစ်စီး ဝင်တိုက်လို့ ပျံလွန်တော်မူတဲ့ သံဃာ ၈ ပါးအထိ မြင့်တက်လာတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။

    ကားတိုက်မှုဟာ သံဃာတွေ နေ့ဆွမ်းဘုန်းပေးခါနီး ထိုင်းစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    လမ်းဘေးမှာ တန်းစီကြွနေတဲ့သံဃာတော်တွေကို ပစ်ကပ်ကားက ဝင်တိုက်ခဲ့တာကြောင့် သံဃာ ၅ ပါး နေရာမှာတင် ပျံလွန်တော်မူပြီး နောက် ၃ ပါးက ဆေးရုံအရောက်မှာ ပျံလွန်တော်မူခဲ့တာလို့လည်း သိရပါတယ်။

    ခြေလျင်ကြွချိန်မှာ သံဃာ အပါး ၃၀ ကျော်အထိ အထိပါဝင်တာကြောင့် ယာဉ်တိုက်မှုမှာ သံဃာ ၁၅ ပါးထက်မနည်းလည်း ဒဏ်ရာအသီးသီးရခဲ့တယ်လို့ သိရပါတယ်။

    ကားတိုက်မှုဖြစ်ချိန်ကို ရိုက်ကူးထားပြီး အွန်လိုင်းပေါ်မှာ ပျံ့လာတဲ့ရုပ်သံတွေမှာတော့ အနက်ရောင် အိမ်စီး ပစ်ကပ်ကားတစ်စီးဟာ တန်းစီကြွလာတဲ့သံဃာတော်တွေ ရှေ့တည့်တည့်ကို ဝင်တိုက်သွားတာ တွေ့ရပါတယ်။

    သံဃာတော်တွေကို ဝင်တိုက်ခဲ့တဲ့ပစ်ကပ်ကားကို မောင်းခဲ့တဲ့ကလေးငယ်ဟာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ကားကို ခိုးယူ မောင်းနှင်ခဲ့တာလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ထိုင်းသတင််းဌာနက သတင်းဖော်ပြပါတယ်။

    မူဒါဟန်ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်ကို စုံစမ်းနေပြီလို့ သိရပါတယ်။

  5. တေလာဆွစ်ဖ်နဲ့ ထရဲဗစ် ကဲလ်ဆီတို့ ဘယ်မှာ လက်ထပ်ကြမှာလဲ

    ဇွန် ၁၃ ရက်တုန်းက တေလာဆွစ်ဖ်နဲ့ရဲဗစ် ကဲလ်ဆီ ကို အတူတွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇွန် ၁၃ ရက်တုန်းက တေလာဆွစ်ဖ်နဲ့ရဲဗစ် ကဲလ်ဆီ ကို အတူတွေ့ရစဉ်

    ကမ္ဘာကျော်ပေါ့စတား တေလာဆွစ်ဖ်နဲ့ အမေရိကန်ဘောလုံးကစားသမား ထရဲဗစ် ကဲလ်ဆီတို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ Madison Square Gardens မှာ လက်ထပ်ပွဲကို ခမ်းခမ်းနားနားကျင်းပသွားဖို့ရှိနေတယ်လို့ အမေရိကန်ကနေလာတဲ့သတင်းတွေကနေ သိရပါတယ်။

    Madison Square Gardens မိုးလုံလေလုံ ရုံကြီးကို သွားတဲ့လမ်းတွေကို ဇူလိုင်လ ၂ ရက်ကနေ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်အတွင်း ပိတ်ဖို့ ခွင့်ပြုချက်လျှောက်ထားတာရှိတယ်လို့ မြို့တာဝန်ရှိသူတွေကလည်း ဘီဘီစီကို အတည်ပြုထားပါတယ်။

    အဲဒီရုံကြီးမှာ အကြီးစားပွဲတစ်ခုကျင်းပဖို့ရှိတာကြောင့် ဒီနေ့ ကြာသပတေးနေ့ ကစလို့ သီတင်းပတ်ကုန်ပိုင်းအထိ မက်ဟန်တန်က လူစည်ကားတဲ့နေရာတွေကို ယာဉ်အသွားအလာ ကန့်သတ်ဖို့ ခွင့်ပြုချက်ချပေးထားကြောင်း နယူးယောက်တိုင်းမ်သတင်းက စပြီး သတင်းဖော်ပြခဲ့တာပါ။

    အမေရိကန်သတင်းတွေမှာတော့ ထရဲဗစ်ကစားတဲ့အသင်းက ကစားဖော်အချို့ဟာ အနီးနားက ဟိုတယ်တွေမှာ တည်းဖို့ စာရင်းပေးထားကြပြီးဖြစ်တယ်လို့လည်း ဖော်ပြနေပါတယ်။

    တေလာဆွစ်ဖ်ရဲ့မင်္ဂလာဆောင်ကို ဇူလိုင် ၃ ရက်နေ့မှာ ကျင်းပနိုင်တယ်လို့ ခန့်မှန်းထားကြပြီး လူဦးရေ ၁,၀၀၀ လောက်တက်ရောက်မယ့် မင်္ဂလာပွဲကြီးဖြစ်လိမ့်မယ်လို့ ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာန စီဘီအက်စ်ကလည်း ဖော်ပြပါတယ်။

    Madison Square Gardens ဟာပုံမှန်ဆိုရင် မင်္ဂလာပွဲတွေ ကျင်းပလေ့ရှိတဲ့နေရာတော့ မဟုတ်ပါဘူး။ လူဦးရေ ၂၂,၀၀၀ အထိဆန့်တာကြောင့် ဂီတဖျော်ဖြေပွဲတွေလုပ်လေ့ရှိပြီး တေလာဆွစ်ဖ်ကိုယ်တိုင်လည်း အဲဒီနေရာမှာ ၈ ကြိမ် ဖျော်ဖြေခဲ့ဖူးပါတယ်။

    တေလာဆွစ်ဖ်နဲ့ ထရဲဗစ် ကဲလ်ဆီတို့ စေ့စပ်ကြောင်းလမ်းထားပြီးဖြစ်ကြောင်း မနှစ် သြဂုတ်လမှာ အင်စတာဂရမ်က တဆင့်ထုတ်ပြောခဲ့ကြပါတယ်။

    သူတို့လက်ထပ်ခဲ့ရင် အမေရိကန်မှာသြဇာအရှိဆုံး ဇနီးမောင်နှံဖြစ်လာမှာဖြစ်ပြီး နှစ်ဦးပေါင်း အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ အထိ ကြွယ်ဝချမ်းသာတဲ့လက်ဆက်မှုလည်းဖြစ်လာမှာပါ။

  6. စစ်အာဏာသိမ်း ၅ နှစ်အတွင်း မြန်မာမှာ လူ ၁ သိန်းကျော် သေဆုံး - ACLED

    ၂၀၂၅ ဒီဇင်ဘာ၊ မြောက်ဦးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရုပ်အလောင်းတွေကို ကြည့်ရှုကာ ငိုကြွေးနေကြတဲ့ကျန်ရစ်တဲ့ မိသားစုဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဒီဇင်ဘာ၊ မြောက်ဦးလေကြောင်းတိုက်ခိုက်မှုကြောင့် လူဦး ဆယ်ချီ အစုလိုက်အပြုံလိုက်သေဆုံးခဲ့

    မြန်မာမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် လူဦးရေ ၁ သိန်းကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ပဋိပက္ခဆိုင်ရာ အချက်အလက်စောင့်ကြည့်ရေး (ACLED) က ထုတ်ပြန်ပါတယ်။

    ACLED ရဲ့မနေ့က နောက်ဆုံးထုတ်ပြန်ချက်အရ လူဦးရေ ၁၀၀, ၁၁၄ ဦး သေဆုံးခဲ့တာပါ။

    မြန်မာ့ပြည်တွင်းစစ်မှာ လက်နက်ကိုင်အဖွဲ့အစည်း ၁,၂၀၀ ကျော်ရှိနေပြီး “ကမ္ဘာပေါ်မှာ အဖွဲ့အစည်းအများဆုံးရှိတဲ့ ပဋိပက္ခ” လို့လည်း ACLED က ပြောပါတယ်။

    မြန်မာ့ပြည်တွင်းပဋိပက္ခဟာ ဒေသတွင်းအထိပါ ရိုက်ခတ်မှုရှိတာကြောင့် စိုးရိမ်တဲ့အကြောင်း အာဆီယံနဲ့ ကုလသမဂ္ဂတို့အပါအဝင် နိုင်ငံတကာက ပြောနေချိန်မှာပဲ အခု အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အာဏာသိမ်းတာ ၅ နှစ်ကျော်လာတဲ့အထိ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးနဲ့ တနင်္သာရီတို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး နေ့စဉ်လိုလို လူသေဆုံးမှုတွေရှိနေဆဲပါ။

    ချင်းတောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲတွေမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးတာရှိနေတယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

    မနေ့တုန်းကလည်း ပဲခူးတိုင်းက ပေါင်းတည်မြို့နယ်၊ တောင်ခမောက်နဲ့ လက်ပံခုန်ရွာကြားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

    ဒါအပြင် မကွေးတိုင်း၊ မြစ်ခြေမြို့ပေါ်ကို စစ်တပ်က စီးနင်းတိုက်ခိုက်မှုမှာ လူအယောက် ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရသလို ရွေးကောက်ပွဲကာလအတွင်း စစ်တပ်က နိုင်ငံတဝန်း စစ်ရေးမြှင့်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေလည်း များခဲ့ပါတယ်။

    မြန်မာမှာအာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃.၅ သန်းအထိ မြင့်တက်လာနေပြီး အကူအညီတွေလိုအပ်နေဆဲလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ ဇွန်လကုန်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  7. ဗင်နီဇွဲလားငလျင်မှာ Miss Grand အလှမယ်သေဆုံး

    ငလျင်မှာ Miss Grand အလှမယ်

    ဓာတ်ပုံ ရင်းမြစ်, Miss Grand International

    ဗင်နီဇွဲလားမှာ ငလျင်ကြီး ၂ ခု စက္ကန့်ပိုင်းခြား လှုပ်ခတ်မှုအတွင်း Miss Grand Orlando 2025 အလှမယ် စကားလက် ရိုဒရီဂတ်စ် သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း Miss Grand International အဖွဲ့က သတင်းထုတ်ပါတယ်။

    ငလျင်ကြီး လှုပ်ခတ်အပြီးမှာ အလှမယ်နဲ့ သူ့ လက်တွဲဖော်အမျိုးသားတို့ရဲ့အလောင်းတွေကို သူတို့တိုက်ခန်း အပျက်အစီးပုံအောက်ကနေ ပြန်တွေ့ခဲ့ပြီလို့လည်း ဗင်နီဇွဲလားကနေလာတဲ့သတင်းတွေက ဖော်ပြပါတယ်။

    Miss Grand International အဖွဲ့ကတော့ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့အလှမယ်အတွက် ဝမ်းနည်းကြောင်းပြောသလို ကျန်ရစ်သူ မိသားစု၊ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူတွေအားလုံးအတွက်လည်း စာနာ ဆုတောင်းကြောင်း မနေ့ ဇူလိုင် ၁ ရက်မှာ စာထုတ်ပါတယ်။

    အလှမယ်ရဲ့ ကျန်ရစ်သူမိသားစုကတော့ ပျောက်ဆုံးနေတဲ့ အလှမယ်နဲ့ သူ့ လက်တွဲဖော် အမျိုးသားတို့ရဲ့ရုပ်အလောင်းကို ဇွန်လ ၂၉ ရက်မှာ ပြန်လည်ရှာတွေ့ပြီလို့ ပျောက်ဆုံးသူရှာဖွေကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေတဲ့အွန်လိုင်း မေတ္တာရပ်ခံစာမျက်နှာမှာ ရေးပါတယ်။

    ရှာဖွေရေးကို ခက်ခက်ခဲခဲလုပ်ဆောင်ရတာကြောင့် မိသားစုက ကုန်ကျစရိတ်အတွက် အွန်လိုင်းကနေ ရန်ပုံငွေ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ ဗင်နီဇွဲလားမှာ လှုပ်ခတ်ခဲ့တဲ့အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂,၂၉၅ ဦးရှိတယ်လို့ အာဏာပိုင်တွေက တရားဝင်သတင်းထုတ်ထားပေမဲ့ သေဆုံးသူအရေအတွက်ဟာ ဒီထက်မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။

    ငလျင်မှာ ပျောက်ဆုံးနေတယ်လို့ သတင်းပေးပို့ထားသူအရေအတွက် သောင်းနဲ့ချီရှိနေပြီး ကုလသမဂ္ဂကတော့ ဗင်နီဇွဲလားအတွက် အလောင်းထည့်အိတ် ၁၀,၀၀၀ ဝယ်ပေးဖို့လုပ်နေတယ်လို့ ပြောပါတယ်။

    ဗင်နီဇွဲလားမှာ ဇွန်လ ၂၄ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင် အတိုင်းအဆပြ သရုပ်ဖော် ဓာတ်ပုံ
  8. ထိုင်းရောက် မြန်မာကလေးငယ်များ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရပါက တိုင်ကြားပါ

    မြန်မာနဲ့နယ်စပ် ထိုင်းဘက်ခြမ်းမှာ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းကလေးငယ်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်အခြေစိုက် ရွှေ့ပြောင်းကျောင်းတွေမှာ မြန်မာအချင်းချင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ဖြစ်စဉ်တွေ အခုနှစ်တွေထဲမှာ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

    အထူးသဖြင့် ကျူးလွန်ခံရသူတွေထဲအသက်မပြည့်သေးတဲ့ကလေးငယ်တွေပါဝင်နေသလို ဆရာဖြစ်သူတွေပါ ကျူးလွန်နေတဲ့အကြောင်း မဲဆောက်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဒီဖြစ်စဥ်တွေကြောင့် ထိုင်းမှာ ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေရဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ (Child Safeguarding Policy) အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

    ဥပဒေသုတေသီတချို့ကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေကြုံလာရတဲ့အခါ "မကြောက်ဘဲ" ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။

    အပြည်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  9. မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲ တစ်လကျော်ကြာပေမဲ့ စစ်ရေးအသာစီးရနေဆဲလို့ ချင်း CPA ပြော

    စစ်သုံ့ပန်းတွေကိုဖမ်းမိကြောင်း ထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, CPA

    ဓာတ်ပုံ ပုံစာ, စစ်သုံ့ပန်းတွေကိုဖမ်းမိကြောင်း ထုတ်ပြန်ချက်

    ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ယောနဲ့ ဆောဒေသတွေကို ဖြတ်ပြီး အင်အားထောင်ချီနဲ့ စစ်တပ်က ထိုးစစ်ဆင်နေပေမဲ့ တစ်လကျော်ကြာတဲ့အထိ စစ်ရေးအသာစီးရနေဆဲလို့ ချင်းပြည်သူ့တပ်မတော်(CPA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    စစ်သုံ့ပန်းတွေကိုဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း CPA က ဓာတ်ပုံနဲ့ပါ ဖော်ပြလာတာပါ။

    “နေ့တိုင်း တိုက်ပွဲပြင်းထန်ပါတယ်။ ကျောက်ထုဘက်ကနေ စစ်ကြောင်းထိုးလာတာရှိတယ်၊ ကန်ပက်လက်ဘက်ကို ဆောကနေ စစ်ကြောင်းထိုးလာတာရှိတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကာကွယ်နေပါတယ်။ မင်းတပ်လည်းမရောက်သေးပါဘူး” လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ မေ ၁၆ ရက်ကစပြီး ကန်ပက်လက်၊ မင်းတပ်ဘက်ကို စစ်တပ်စစ်ကြောင်းတွေဖြန့်ကြက် ဝင်လာတာဖြစ်ပြီး CPA အပြင် ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော်(YA) တို့လို မဟာမိတ်တပ်တွေနဲ့ပါ ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

    စစ်တပ်ဘက်ကလည်း မြေပြင်ထိုးစစ်အပြင် လေကြောင်းပစ်ကူတွေပါ ဆက်တိုက်ပေးနေပြီး ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းမှာ တစ်ရက်ကို ၈ ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲမှုတွေ လုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာပါ ဖော်ပြထားပါတယ်။

    တိုက်ပွဲကာလအတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူထိခိုက်သေဆုံးမှုရှိနေတယ်လို့ CPA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

    ဒါပေမဲ့ တစ်လ‌ကျော်ကာလအတွင်း လူဘယ်လောက်ထိခိုက်သေဆုံးခဲ့လဲဆိုတာတော့ တိတိကျကျ မဖော်ပြထားပါဘူး။

    တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဇွန် ၂၉ ရက်မှာ စစ်တပ်ဗုံးကြဲလို့ မိန်းကလေးငယ် ၃ ဦးသေဆုံးခဲ့ပါတယ်။

    ဒါအပြင် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေလည်းရှိနေကြောင်း ချင်းတော်လှန်ရေး အဖွဲ့တွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ဖော်ပြချက်တွေအရလည်း သိရပါတယ်။

    ရခိုင် - ချင်း - မကွေးကနေ မြန်မာပြည်အထက်ပိုင်း နဲ့ ချိတ်ဆက်ရေးအတွက် ချင်းတောင်ပိုင်း တိုက်ပွဲတွေဟာ နှစ်ဖက်စလုံးအတွက်အရေးပါနေပါတယ်။

  10. အမေရိကန်သမ္မတ ထရမ့် ကမ္ဘာ့ဖလားပွဲတွေကို ကိုယ်တိုင်တက်မကြည့်သေးတာ ဘာကြောင့်လဲ

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ ဖီဖာ ကမ္ဘာ့ဖလား ပွဲစဉ် အုပ်စုမဲခွဲပွဲမှာ ဖီဖာ ငြိမ်းချမ်းရေးဆုရယူအပြီး မြင်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ နက်ပြာရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားတဲ့သမ္မတ ထရမ့်ကို ဆုတံဆိပ်ပြားလည်ဆွဲ ဆွဲထားပြီး ဆုတံဆိပ် တစ်ခုမှာလည်း မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ ဖီဖာ ကမ္ဘာ့ဖလား ပွဲစဉ် အုပ်စုမဲခွဲပွဲမှာ ဖီဖာ ငြိမ်းချမ်းရေးဆုရယူအပြီး မြင်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

    အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့ အိမ်ဖြူတော် မြက်ခင်းပြင်မှာ UFC လက်ဝှေ့ပွဲကို စင်ဆောက်လုပ်ပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ နှစ် ၃၀ ကျော်အကြာမှာ တစ်ကျော့ပြန် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲတွေကို ကိုယ်တိုင် တက်ရောက် အားပေးတာ မရှိသေးပါဘူး။

    အုပ်စုအဆင့်ကနေ ၃၂ သင်းအထိတက်လာတဲ့ အမေရိကန်အမျိုးသားအသင်းဟာ ဒီနေ့ မနက် မြန်မာစံတော်ချိန်အစောပိုင်းမှာ ဘော့စနီးယားအသင်းကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကနေ တက်သွားပေမဲ့ အခုပွဲကိုလည်း အမေရိကန်သမ္မတကိုယ်တိုင် တက်အားပေးတာ မတွေ့ရသေးပါဘူး။

    ဖီဖာ ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ သမ္မတထရမ့် အမေရိကန် ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲတွေကို ကိုယ်တိုင်တက်ရောက် အားပေးတာမျိုး မတွေ့ရသေးတာ ဘာကြောင့်ပါလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  11. မကွေး၊ ချောက်တိုက်ပွဲမှာ စစ်တပ်ဘက်ကလူသေဆုံးမှုများကြောင်း PDF ထုတ်ပြန်

    ချောက် တိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, PDF

    ဓာတ်ပုံ ပုံစာ, ချောက် တိုက်ပွဲ

    မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ ဇွန်လနောက်ဆုံးအပတ်ကစလို့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ် PDF တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မနေ့တုန်းက ထုတ်ပြန်ပါတယ်။

    ချောက်မြို့နယ်ထဲက ဇောင်းတောကန်၊ လေးပင်ကုန်းနဲ့ မြေနီလိန်ရွာတွေဘက်မှာ ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

    ဇွန် ၂၃ ရက်တုန်းက ချောက်မြို့အနောက်တောင်ဘက်မှာရှိတဲ့ အမှတ် ၁၃ ခြေလျင်တပ်ရင်း (ခလရ - ၁၃) ကနေ ဇောင်းတောကန်ရွာဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ရာမှာ စစ်တပ်ဘက်က ၅ ဦးခန့်သေဆုံးတယ်လို့ ဖော်ပြပါတယ်။

    အဲဒီနောက် လေးပင်ကုန်းရွာကို စစ်ကြောင်း ၃ ကြောင်းခွဲပြီးရောက်လာတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ လည်း ဇွန် ၂၆ ရက်မှာတိုက်ပွဲဖြစ်ခဲ့ပါတယ်။ လေးပင်ကုန်းတိုက်ပွဲဆီ ထပ်မံစစ်ကူလာတဲ့ မြေနီလိန်ရွာကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့လည်း ဇွန် ၂၇ ရက်မှာ တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ PDF က ထုတ်ပြန်ထားတာပါ။

    မြေနီလိန်ရွာအနီးထိတွေ့မှုမှာတော့ စစ်တပ်ဘက်က ၅ ဦးသေဆုံးသလို MA-1၁ လက်၊ MA-4 ၁လက်၊ ၅.၅၆ ကျည် ၅၇၇ တောင့်အပါအဝင် လက်နက်တွေသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

    ဒါအပြင် ဇွန် ၂၉ ရက်နေ့မှာလည်း ကားလမ်းပေါ်မှာ နေရာယူထားတဲ့ အင်းအားအယောက် ၃၀ ပါ ရဲကွန်မန်ဒိုနဲ့ ပြည်သူ့စစ်တွေကို မကွေးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်ခံ သခင်ဖိုးလှကြီးစစ်ကြောင်းက ရှောင်တခင်ဝင်တိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ဒါဟာ ၂၀၂၆ နှစ်ဝက်ကျိုးလာချိန်မှာ ဧရာဝတီမြစ်အရှေ့ကမ်းမှာရှိတဲ့ ချောက်မြို့နယ်ထဲမှာပါ စစ်ရေး အလှုပ်အခတ်ရှိလာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ မကွေးတိုင်းထဲက ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ မင်းဘူးခရိုင်တို့မှာ ထိတွေ့မှု အများဆုံးဖြစ်ခဲ့တာပါ။

    စစ်ရေးအရင်းအမြစ်တချို့ကတော့ မကွေးတောင်ပိုင်းမှာ စစ်ရေးတင်းမာနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ စစ်တပ်ဘက်ကတော့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

  12. မင်္ဂလာပါ။ ဇူလိုင် ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။