အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှု၊ သေသူ ၁၄၁ ဦး ရှိလာ

ဓာတ်ပုံ ရင်းမြစ်, epa
အင်ဒိုနီးရှား နိုင်ငံမှာ စစ်သုံး ပို့ဆောင်ရေး လေယာဉ်တစ်စီး မက်ဒန် မြို့ပေါ်က လူနေရပ်ကွက်ထဲကို အင်္ဂါနေ့က ပျက်ကျခဲ့ရာမှာ သေဆုံးသူ ၁၄၁ ဦး အထိ ရှိသွားပြီလို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။
ဟာကျူလီ C-130 လေယာဉ် ပျက်ကျစဉ်မှာ လူနေအိမ်တွေနဲ့ ဟိုတယ် တစ်လုံးကို ဝင်တိုက်ပြီးနောက် မီးလောင် ခဲ့တာ ဖြစ်ပြီး၊ လေယာဉ်ပေါ် ပါသွားတဲ့ ၁၂၂ ယောက်စလုံး သေဆုံးတယ်လို့ အင်ဒိုနီးရှား စစ်တပ်က ပြောပါတယ်။
လေယာဉ်ပေါ် ပါသွားသူ အများစုဟာ စစ်သားတွေရဲ့ ဆွေမျိုးနီးစပ် တော်စပ်သူတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။
ဒါပေမယ့် အခုနောက်ဆုံး စာရင်းတွေ အရ မြေပြင်ပေါ်က လူတွေလည်း သေဆုံးသူတွေ ထဲမှာ ပါတယ် ဆိုတာ ညွှန်ပြ နေပါတယ်။
လေယာဉ်ပေါ် ပါသွားသူတွေရဲ့ စာရင်းကိုလည်း အင်ဒိုနီးရှား စစ်တပ်က အကြိမ်ကြိမ် ပြင်ဆင် ဖော်ပြခဲ့ရတဲ့ အတွက် စစ်တပ် လေယာဉ်တွေပေါ် လိုက်ပါသူတွေကို တိတိကျကျ စာရင်းလုပ်လေ့ မရှိတဲ့သဘော သက်ရောက်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။
အင်္ဂါနေ့က ပျက်ကျခဲ့တဲ့ စစ်လေယာဉ်ပေါ်မှာ အခကြေးငွေ ပေးစီးတဲ့ အရပ်သား ခရီးသည်တွေ အများအပြား ပါဝင်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေရာမှာ အင်ဒိုနီးရှား စစ်တပ်ကတော့ အဲဒီ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး သွားမယ်လို့ ပြောပါတယ်။




