DTV ဗီဇာကို ရန်ကုန်က ထိုင်းသံရုံးမှာပဲ လျှောက်လို့ရတော့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းအစိုးရက ပြောင်းလဲသတ်မှတ်လိုက်တဲ့ DTV ဗီဇာ လျှောက်ထားသူတွေရဲ့ လိုအပ်ချက် အသစ်ကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဗီဇာအမျိုးအစားအတွက် ရန်ကုန်က ထိုင်းသံရုံးကနေသာ လျှောက်ထားနိုင်တော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးတာဝန်ရှိသူ(Counsellor)တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
DTV ဗီဇာဟာ အွန်လိုင်းက အလုပ်လုပ်သူတွေ၊ အလွတ်တန်းသမားတွေ၊ ထိုင်းယဥ်ကျေးမှု၊ လက်ဝှေ့၊ ဟင်းချက်လေ့လာလိုသူတွေ၊ ဆေးကုသမှုခံယူလိုသူတွေ၊ ဆွေးနွေးပွဲတက်ရောက်မယ့်သူတွေ၊ ဖျော်ဖြေပွဲတက်မယ့်သူတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ အသက်၂၀ အောက်မှီခိုသူတွေလျှောက်ထားနိုင်တာဖြစ်ပါတယ်။
ဗီဇာသက်တမ်း ၅ နှစ်အတွင်းမှာ နိုင်ငံထဲတစ်ကြိမ်ဝင်ရင် ရက်ပေါင်း ၁၈၀ အထိထိုင်းနိုင်ငံထဲမှာနေထိုင်နိုင်ပြီး အကြိမ်ရေအကန့်သတ်မရှိဝင်နိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။
DTV လျှောက်ထားသူအနေနဲ့ ဗီဇာလျှောက်လွှာတင်လိုက်တဲ့ ထိုင်းသံရုံးရှိရာ နိုင်ငံရဲ့ နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူဖြစ်ရမယ်လို့ သတ်မှတ်လိုက်တာပါ။
DTV ဗီဇာကို အွန်လိုင်းကနေ E-visa စနစ်နဲ့လျှောက်ထားနိုင်တာပါ။
ဒီသတ်မှတ်ချက်ဟာ သြဂုတ် ၃၁ ရက်မှာ စတင်အသက်ဝင်မယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက ဒီမနက်ကြေညာပါတယ်။
ဒါ့အပြင် မိခင်နိုင်ငံ ဒါမှမဟုတ် လျှောက်လွှာတင်တဲ့နိုင်ငံက အာဏာပိုင်တွေက ထုတ်ပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာကိုလည်း တင်ပြဖို့လိုအပ်တယ်လို့ သံရုံးက ထုတ်ပြန် ပါတယ်။
"မြန်မာနိုင်ငံသားဆိုရင် DTV ဗီဇာကို ရန်ကုန်က ထိုင်းသံရုံးမှာ လျှောက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဒါမှမဟုတ် PR ဖြစ်တဲ့အချက်အလက်နဲ့ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ ၂ ခုကို ထပ်တောင်းတာဖြစ်ပါတယ်" လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးတာဝန်ရှိသူ(Counsellor)တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဗီဇာလျှောက်ထားချိန်မှာ မြန်မာနိုင်ငံထဲ မဖြစ်မနေရှိနေဖို့ လိုအပ်လားဆိုတာနဲ့ ပတ်သက်လို့တော့” ဗီဇာလျှောက်ထားချိန်မှာ တခြားနိုင်ငံကိုရောက်နေရင် ဗီဇာရတဲ့အချိန် တခြားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဝင်ရောက်နိုင်ပါတယ်” လို့ ထိုင်းသံရုံးတာဝန်ရှိသူ(Counsellor)က ပြောပါတယ်။
ဒါပေမဲ့ ဗီဇာလျှောက်ထားသူအပေါ်် မူတည်ပြီး ရန်ကုန်က ထိုင်းသံရုံးမှာ လူတွေ့ အင်တာဗျူးဖြေဆိုရတာလည်း ရှိနိုင်တယ်လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးကနေ စုံစမ်းသိရပါတယ်။
သြဂုတ် ၃၁ ရက်မတိုင်ခင် ဗီဇာလျှောက်လွှာတင်ပြီး ဗီဇာကြေးပေးသွင်းပြီးသားသူတွေကတော့ ဒီ စည်းမျဥ်းအသစ်သက်ရောက်မှာ မဟုတ်ဘူးလို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာရှိတဲ့ ထိုင်းသံရုံးက မနေ့ညက ထုတ်ပြန်ပါတယ်။
ဒီလကုန်ပိုင်းမှာ ပြောင်းလဲမယ့် စည်းမျဥ်းကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းမှာ ၅ နှစ်နေထိုင်ခွင့်ရှိတဲ့ DTV ဗီဇာလျှောက်ထားတဲ့အပေါ် နိုင်ငံထဲပြန်ဝင်ရမှာကို စိုးရိမ်ချက် ရှိေနကြတာပါ။
DTV ဗီဇာရဲ့တရားဝင် သတ်မှတ် ဗီဇာကြေးက ဘတ် ၁၀၀၀၀ ဖြစ်ပေမဲ့ အကျိုးဆောင်တွေကတဆင့်လုပ်ရင်တော့ ဘတ် ၃၅,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ ဝန်းကျင်အထိ ပေးနေရတယ်လို့ ဗီဇာဝန်ဆောင်မှုပေးနေသူတွေဆီကနေသိရပါတယ်။









