ကမ္ဘာစစ်မှာ နစ်ခဲ့တဲ့ ဂျပန် စစ်သင်္ဘောကြီးကို ရှာတွေ့ပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် တပ်ဖွဲ့တွေ ပစ်ခတ် နှစ်မြုပ်ခဲ့တဲ့ နာမည်ကျော် ဂျပန် စစ်သင်္ဘောကြီး မူဆာရှီ Musashi ရဲ့ အကြွင်းအကျန် တွေကို နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီးနောက် အခု ရှာတွေ့ခဲ့ပြီလို့ အမေရိကန် ဘီလျံနာ ပေါလ် အလန်က ကြေညာ လိုက်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံ ရေပိုင်နက် ဆီဘူယန် Sibuyan ပင်လယ်မှာ အနက် တစ်ကီလိုမီတာ ပင်လယ် ကြမ်းပြင်မှာ ရှိနေတဲ့ သင်္ဘောပျက်ကို ပေါလ်အလန် စေလွှတ်တဲ့ ရှာဖွေရေး အဖွဲ့က ရှာတွေ့ ခဲ့တာပါ။
သင်္ဘော ဦးပိုင်းမှာ ဂျပန် ဧကရာဇ် အထိမ်းအမှတ် ဂန္ဓမာပန်း တံဆိပ်ကို တွေ့ရဆဲ ဖြစ်ပါတယ်။
မူဆာရှီ Musashi နဲ့ သူ့ရဲ့ ညီအစ်မ စစ်သင်္ဘောကြီး ဖြစ်တဲ့ ယာမာတို Yamato တို့ဟာ ဆောက်ခဲ့သမျှ စစ်သင်္ဘောတွေ ထဲမှာ အကြီးဆုံးတွေ ဖြစ်ကြပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်နဲ့ သြစတြေးလျ တပ်တွေက ဂျပန် ရေတပ်ကို အောင်နိုင်ခဲ့တဲ့ အကြီးကျယ်ဆုံး ရေကြောင်း တိုက်ပွဲ အဖြစ် ယူဆကြတဲ့ လေတေ ပင်လယ်ကွေ့ Leyte Gulf တိုက်ပွဲ အတွင်း ၁၉၄၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ အမေရိကန် စစ်လေယာဉ် တွေက မူဆာရှီ စစ်သင်္ဘောကြီးကို ပစ်ခတ် နှစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။




