ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, NA
ထိုင်ဝမ်ကျွန်း တောင်ပိုင်း ဂေါင်ရှီအွန်းမြို့မှာ ကြီးမားတဲ့ ဂက်စ် ဓါတ်ငွေ့ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ၂၀ သေဆုံးပြီး ၂၇၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ပေါက်ကွဲမှုတွေ ဖြစ်ချိန်မှာ အဲဒီနေရာက ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှုကို မီးသတ်သမားတွေ လာရောက် ကြည့်ရှု စစ်ဆေးနေကြတယ်လို့ ပြည်တွင်း မီဒီယာ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို အသေအချာ မသိရသေးပါဘူး။
ဒါပေမယ့် အဲဒီ အနီးပတ်ဝန်းကျင်မှာ ရေနံ ဓါတု ကုမ္ပဏီ အတော်များများရဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ရှိနေတယ်လို့ သိရပါတယ်။
အသက်ရှင် လွတ်မြောက်နိုင်မယ့်သူတွေကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လက် ရှာဖွေနေချိန်မှာပဲ အဲဒီနေရာကနေ လူတွေ ဘေးကင်းရာ ရှောင်နေကြဖို့ ညွှန်ကြားထားပါတယ်။
လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။




