ခရိုင်းမီးယားက ယူကရိန်းလေတပ်ကို ရုရှားတပ်တွေသိမ်း

ဘဲလ်ဘက်ခ် လေတပ်ကို ဝင်ရောက် သိမ်းပိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, ဘဲလ်ဘက်ခ် လေတပ်ကို ဝင်ရောက် သိမ်းပိုက်ပြီ
ရေးသားခဲ့သည်။

ခရိုင်းမီးယားမှာ ကျန်နေသေးတဲ့ ယူကရိန်း စစ်စခန်းကြီးတွေထဲက တခုကို ရုရှား တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

ယူကရိန်း တပ်ဖွဲ့တွေက လက်နက်ချ စွန့်ခွာဖို့ ငြင်းဆန်နေတဲ့ ကြားက ဆီဗက်စတိုပိုးလ် မြို့နားက ဘဲလ်ဘက်ခ် လေတပ် စခန်းထဲကို ရုရှားတပ်ဖွဲ့တွေက သံချပ်ကာကားတွေ ၊ လက်နက် ခဲယမ်းမီးကျောက်တွေနဲ့ ၀င်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စီးနင်းမှု အတွင်း အနည်းဆုံး ယူကရိန်း တပ်သား တယောက် ဒဏ်ရာရခဲ့ပြီး တပ်ရင်းမှူးက သူ့တပ်သားတွေကို လက်နက်စွန့်ထားခဲ့ပြီး ထွက်ခွာသွားကြဖို့ အမိန့်ပေးခဲ့ပါတယ်။

အစောပိုင်းတုန်းကလည်း ရုရှား တပ်ဖွဲ့တွေဟာ ခရိုင်းမီးယားက နောက် စစ်စခန်းတခု ဖြစ်တဲ့ ဆီဗက်စတိုပိုးလ် မြောက်ပိုင်းက နိုဗိုဖယ်ဒရစ်ခါ စခန်းကို သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။

ခရိုင်းမီးယားဒေသကို ယူကရိန်းက ခွဲထွက်သွားအောင် လုပ်ခဲ့တာဟာ ရုရှားက ကမ္ဘာ့လုံခြုံရေးကို ထိခိုက်အောင် လုပ်လိုက်တာဘဲလို့ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟားပါး က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒါဟာ ယူကရိန်းရဲ့ နယ်မြေ အချုပ်အချာ ပိုင်ဆိုင်မှု အာမခံချက်ကို ရုရှားက ချိုးဖောက်လိုက်တာဘဲ ၊ တခြား နိုင်ငံတွေကိုလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရအောင် လက်နက်တပ်ဆင်ကြဖို့ သမ္မတ ပူတင်က သတိပေးလိုက်သလို ဖြစ်နေတယ်လို့ မစ္စတာ ဟာပါးက ကီးယက်ဗ် မြို့မှာ ပြောခဲ့ပါတယ်။

ရုရှားဟာ ဥရောပ ပြိုကွဲသွားအောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ ကီးယက်မြို့ရောက်နေတဲ့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ကလည်းအစောပိုင်းတုန်းက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE က လေ့လာ စောင့်ကြည့်ရေး သမားတွေဟာ ယူကရိန်းကို ရောက်လာတော့မှာ ဖြစ်ပေမယ့် အဲဒီလူတွေကို ခရိုင်းမီးယားဒေသဆီ ဝင်ခွင့် ပြုမှာ မဟုတ်ဘူးလို့ ရုရှားက ပြောပါတယ်။