ဘီဘီစီ သတင်းတင်ဆက်သူ "မကောင်းသတင်း" ကနေ ဗြိတိန် မီဒီယာတွေ အကြောင်း ဘာတွေ ပြောပြနေလဲ

- ရေးသားသူ, ဟန်နန် ရာဇက်ခ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားဌာန
- ရေးသားခဲ့သည်။
(အမည်မဖော်ပြထားတဲ့) ဘီဘီစီ သတင်းတင်ဆက်သူတယောက်ဟာ အဖော်အချွတ် ဓာတ်ပုံတွေရဖို့ အမည်မဖော် လိုတဲ့ လူငယ်တယောက်ကို ပေါင်စတာလင် ထောင် နဲ့ချီ ပေးခဲ့တယ်လို့ တက်ဘလွိုက်သတင်းစာ တစောင်က ဖော်ထုတ် လိုက်ရာကနေ ဒီဇာတ်လမ်း စခဲ့ပါတယ်။ (တက်ဘလွိုက်သတင်းစာ ဆိုတာက သတင်း အချက်အလက် ထက်စာရင် ဖတ်သူတွေ ပို စိတ်ဝင်စားအောင်၊ ပို စိတ်လှုပ်ရှားအောင် ရေးတဲ့ သတင်းစာမျိုးပါ)။ ရဲတွေကတော့ ရာဇဝတ်မှုချိုးဖောက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်၊ ဗြိတိန် မှာက အသက် ၁၈ နှစ်အောက် အရွယ်ရဲ့ အဖော် အချွတ်ပုံ တွေကို လက်ဝယ်ထားရှိမှသာ ရာဇဝတ်မှု မြောက်တာပါ။ သတင်းတင်ဆက် သူဟာ စိတ်ကျန်းမာရေး အကြီးအမား ထိခိုက်မှု တခု ထပ်ဖြစ်လာခဲ့ပြီး အခု ဆေးရုံပေါ်မှာပါ။
တက်ဘလွိုက် သတင်းစာတစောင်ရဲ့ ထုတ်ဖော်ချက်တခုက ဗြိတိန် တက်ဘလွိုက် မီဒီယာနဲ့ လူမှုမီဒီယာတွေဟာ လူတွေရဲ့ အာရုံစိုက်မှုရအောင်၊ကိုယ်ရည်ရွယ် ထားတဲ့ သတင်းအတိုင်း ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်း သိပ်ကိုကြီးမားတယ် ဆိုတာကို ပြသနေတယ်လို့ ဘီဘီစီ သတင်းထောက် ဟန်နန် ရာဇက်ခ်က ရေးပါတယ်။
ဒီသတင်း စထွက်လာပြီးတဲ့နောက် တနင်္လာနေ့က ကျွန်မ ရုံးကို ရောက်တဲ့အခါ ဘီဘီစီ အဆောက်အဦရဲ့ အပြင်ဘက်မှာ သတင်းဌာနပေါင်းစုံက သတင်းထောက်တွေ အများကြီး သူတို့ ကင်မရာတွေနဲ့ အတူ တိုက်ရိုက်ထုတ်လွှင့်ဖို့ အရေး စီစဉ်နေကြပါတယ်။ ကျွန်မက ဘီဘီစီက ဖြစ်ပေမဲ့ အထက်ကပြောခဲ့တဲ့ သတင်းက လွဲလို့ သူတို့ထက် ဘာအချက်အလက်မှ ပိုပြီး မသိထားဘူးဆိုတာကို ကျွန်မကိုယ် ကျွန်မ သတိထားမိပါတယ်။
ဒီသတင်းကို ပရိသတ်ဆီ သတင်းပို့နေတဲ့ ဘီဘီစီ လုပ်ဖော်ကိုင်ဖက် ၂ ယောက်၊ ၃ ယောက်ကိုလည်း တွေ့မိပါတယ်။ တယောက်ဆိုရင် ကိုယ့်ဘီဘီစီရဲ့ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေးဗီးကို ရုံးအဝင်အထွက် လမ်းမှာ မိအောင် ကြားဖြတ် စောင့်ပြီး မေးခွန်းတွေမေးဖို့ တာဝန်ကို ရထားတာပါ။ မေးမယ့် မေးခွန်းတွေက အဓိကကျတဲ့ မေးခွန်းတွေပါ - ဘာတွေများ ဖြစ်နေတာလဲဗျာ၊ ပြောပြပါဦး။ ဒီ အကြောင်း ဘီဘီစီ အနေနဲ့ သိထားတာ ဘယ်လောက် ကြာပြီလဲ။ အဲဒီ သတင်းတင်ဆက်သူကို အရင်အချိန်ကတည်းက ဘာလို့ တာဝန်ကနေ မရပ်ဆိုင်းခဲ့တာလဲ ဆိုတာတွေပါ။
အဲဒီလူငယ်ရဲ့ မိဘတွေက မကျေနပ်တဲ့ တိုင်တန်းချက်ကို မေလကတည်းက ဘီဘီစီဆီကို ပို့ထားခဲ့တယ် ဆိုတာ ထွက်လာခဲ့တဲ့နောက် ဘီဘီစီဟာ ဒီအပေါ် ပြန်လည် ဖြေရှင်းဖို့ အတွက် တာဝန်ရှိပါတယ်။ ဒီလို စွပ်စွဲထားတယ်၊ တိုင်တန်းထားတယ် ဆိုတာတွေကို သက်ဆိုင်ရာ သတင်းတင်ဆက်သူကို ပြောဖို့ ဘီဘီစီက သီတင်းပတ် ၇ ပတ် အချိန် ကြာမြင့်ခဲ့ပါတယ်။ ဆန်း (Sun ) တက်ဘလွိုက် သတင်းစာက ဒီ အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က သတင်း ရေးပြီးတဲ့ နောက်မှသာ ဘီဘီစီက သတင်းတင်ဆက်သူကို တာဝန်ကနေ ရပ်ဆိုင်းခဲ့တာပါ။
မစ္စတာ ဟျူ အက်ဝပ်ကို ထပ်ပြီးစွပ်စွဲထားတဲ့ သတင်းတွေကို ဆန်း နဲ့ ဘီဘီစီ တို့က တင်ပြခဲ့ကြပါတယ်။ သူဟာ "ခြိမ်းခြောက်တဲ့" မက်ဆေ့ချ်တွေကို အသက် ၂၀ တဝိုက်အရွယ် လူငယ်တယောက်ဆီကို ပို့ခဲ့တယ်၊ ကိုဗစ် လော့ခ်ဒေါင်း စည်းမျဉ်းကို ချိုးဖောက်ပြီး လူတယောက်ဆီကို သွားခဲ့တယ်၊ ဘီဘီစီ ဝန်ထမ်း ၃ ယောက် ဆီကို မသင့်လျော်တဲ့ မက်ဆေ့ချ်တွေ ပို့ခဲ့တယ် စတဲ့ စွပ်စွဲချက် တွေပါ။ ရုံးတွင်း စုံစမ်း စစ်ဆေး တာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ဘီဘီစီက ပြောပါတယ်။
ဘီဘီစီ သတင်းဌာနအနေနဲ့ ဒီသတင်းရဲ့ အချက်အချာ ဖြစ်နေချိန်မှာပဲ သူ့ရဲ့ သတင်း ထောက်တွေဟာ တခြား မီဒီယာ ဌာနတွေလိုပဲ ဒီသတင်းကို ပိုသိရအောင် လိုက်နေရပါတယ်။ သူတို့ရဲ့ ကုမ္ပဏီဆီက ထုတ်ပြန်ချက်ကို လိုချင်တဲ့ ဘီဘီစီ သတင်းထောက်တွေဟာ သတင်းပြန်ကြားရေးဌာနကို မေးပါဆိုတဲ့ လမ်းညွှန်ချက်ကိုပဲ ရပါတယ်။ မကျေနပ်ကြောင်း တိုင်တန်းစာကို ဘီဘီစီက အရေးယူ ဆောင်ရွက်ခဲ့မှု အပိုင်းနဲ့ ပတ်သက်ပြီး ဘီဘီစီ အနေနဲ့ ဘယ်လို သင်ခန်းစာ ယူသင့်သလဲ ဆိုတဲ့ အရေးကြီးမေးခွန်းတွေကို ရေဒီယိုမှာ ထုတ်လွှင့်ဖို့ အတွက် ဘီဘီစီ ညွှန်ချုပ်ကို ဘီဘီစီသတင်းထောက်တွေက မေးခဲ့ကြပါတယ်။
ဒီအရေးမှာ ပုံမှန် အစဉ်အလာ သတင်းဌာနတွေ၊ ဗြိတိန် တက်ဘလွိုက် သတင်းစာတွေ၊ လူမှု မီဒီယာတွေအကြား တခုနဲ့ တခု တုံ့ပြန်ဆောင်ရွက်ပုံတွေက ကျွန်မတို့ အားလုံးအတွက် သင်ခန်းစာယူစရာ ဖြစ်နေပါတယ်။
ဗြိတိန်က "မတူထူးခြားတဲ့" မီဒီယာ အခြေအနေ

ယူကေက မီဒီယာတွေကို ကြည့်မယ်ဆိုရင် အစဉ်အလာ မီဒီယာတွေရဲ့ အလယ်ဗဟိုမှာ ဘီဘီစီက ရှိနေပြီး တီဗီဝယ်ထားတဲ့ ယူကေ အိမ်ထောင်စုတွေက ပေးတဲ့ နှစ်စဥ် တီဗီလိုင်စင်ကြေးကနေ သူက ရန်ပုံငွေရပါတယ်။ ပုံမှန် အစဉ်အလာ တခြား မီဒီယာတွေလည်း ရှိပြီး သူတို့က - စကိုင်း (Sky)၊ အိုင်တီဗီ (ITV) နဲ့ ချန်နယ် ၄ (Channel 4) တို့ပါ။
သတင်းစာပိုင်းမှာတော့ သတင်းစာ စာမျက်နှာ ဆိုဒ်ကြီး တွေထုတ်တဲ့ တိုက်တွေက လေးနက်ပြီး အဓိကကျတဲ့ သတင်းတွေကို ဖော်ပြပါတယ်၊ ဥပမာ - တိုင်းမ် (Times)၊ ဒေးလီး တယ်လီဂရပ် (Daily Telegraph)၊ ဂါဒီယန် (Guardian) နဲ့ ဖိုင်နဲန် ရှယ် တိုင်းမ် (Financial Times) စသဖြင့်ပါ။
နောက်ထပ် သတင်းစာ တမျိုးကတော့ တက်ဘလွိုက်တွေပါ၊ သူတို့က စာမျက်နှာ အရွယ်အစား သေးတယ်၊ သတင်းရေးတာလည်း တိုတိုနဲ့ ဓာတ်ပုံတွေ အတော်သုံးပါတယ်၊ နာမယ်ကြီးတွေရဲ့ အကြောင်းတွေကို အာရုံထားသလို၊ "စိတ်ညွှတ်စရာ၊ စိတ်လှုပ်ရှားစရာ" သတင်းတွေကို ဦးစားပေးပါတယ်။ ဒေးလီး မဲယ်ရာ (Daily Mirror) လို သတင်းစာ၊ မီဒီယာ သူဌေး ရူးပတ် မားဒေါ့ပိုင် သတင်းစာလည်းဖြစ်၊ အခု ဘီဘီစီ သတင်းတင်ဆက်သူ အရေးကိစ္စမှာ ဗဟိုချက်က ပါဝင်နေတဲ့ ဆန်း (Sun) လို သတင်းစာ မျိုးတွေပါ။
"ဗြိတိန် တက်ဘလွိုက် သတင်းစာတွေက မျက်နှာပြောင်တိုက်ပြီး ပမာမထားဘဲ တစုံတယောက် သိက္ခာကို ထိပါးတဲ့ သတင်းမျိုးကို ဟိုးရှေးကတည်းက ရေးလာကြတာ" လို့ ဘီဘီစီရဲ့ မီဒီယာနဲ့ အနုပညာဆိုင်ရာ သတင်းထောက် ဒေးဗစ် ဆီလစ်တိုက ပြောပါတယ်။
"စာမျက်နှာဆိုဒ်ကြီး သတင်းစာတွေ ရေးတဲ့ပုံစံ၊ သုံးတဲ့ စကားလုံး အသုံးအနှုန်းတွေက သူတို့နဲ့ မတူပါဘူး။ ဒီနေရာမှာ ဆန်း နဲ့ တိုင်းမ်ကို ရူးပတ် မားဒေါ့ တယောက် ထဲက ပိုင်တာဖြစ်ပြီး မစ္စတာ မားဒေါ့က ဘီဘီစီအပေါ် မြင်တဲ့ အမြင်တွေကို ဒီသတင်းစာတွေက ဟိုးအရင်ကတည်းက ရောင်ပြန်ဟပ် ဖော်ပြတတ်တယ်ဆိုတဲ့ အချက်ကို ထည့်စဉ်းစားတာကလည်း အကျိုးရှိမှာပါ။ ဒါပေမဲ့ တက်ဘလွိုက် သတင်းစာ တစောင်ရဲ့ မျက်နှာဖုံးသတင်းတွေက ဒီနေ့ ဒီအချိန်အတွက် သတင်းကြီး ဖြစ်လာပြီး ဘီဘီစီအပါအဝင် တခြား သတင်းလောကကို ပျံ့သွားနိုင်ပါတယ်။"
ဒါပေမဲ့ အငြင်းအခုံတွေ ဖြစ်လာဖို့၊ လူထုအမြင်တွေ အမျိုးမျိုးဖြစ်အောင် မွှေဖို့ ဆိုတာတွေနဲ့အတူ သတင်း စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်တွေအပေါ်မှာလည်း အမေး တွေ ရှိလာမှာပါ။
"ဆန်း သတင်းစာကနေ ကျော်မကောင်း ကြားမကောင်း အဖြစ်တွေ၊ အပေါ်ပိုင်း ဗလာကျင်းထားတဲ့ အမျိုးသမီးပုံတွေ၊ အဲဒီမှာ တချို့က ဆယ်ကျော်သက် အရွယ်တွေပါ၊ အဲဒါမျိုးတွေ ဖော်ပြပြီး ယူကေမှာ ရောင်းအကောင်းဆုံး သတင်းစာအဖြစ် နှစ်ပေါင်းများစွာ ရှိနေတာပါ" လို့ ဆီလစ်တိုက ပြောပါတယ်။
"ဆန်းက ၁၉၉၂ ရွေးကောက်ပွဲမှာ ကွန်ဆားဗေးတစ်တွေ နိုင်အောင် သူတို့ ကူညီ လိုက်တယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့ သြဇာလွှမ်းနိုင်မှုကို ဂုဏ်ယူစရာအဖြစ် ပြောတာပေါ့လေ၊ ဒါပေမဲ့ ဗြိတိန် လူမှု အသိုင်းအဝိုင်းမှာ သူတို့ကို ယုတ်မာတဲ့ အင်အားစုအဖြစ် မြင်ထားပြီး ဒေါသထွက်နေကြတဲ့သူတွေလည်း အများအပြားရှိပါတယ်။"
၁၉၈၉ ခုနှစ်မှာ လစ်ဗာပူးနဲ့ နော့တင်ဟမ် ဖောရက်စ် အသင်းတို့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ကန်တဲ့ပွဲက ကြေကွဲစရာအဖြစ်ဆိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အင်္ဂလန် မြောက်ပိုင်း ရှက်ဖီးလ်မြို့က ဟေးလ်ဘာရာ ဘောလုံးကွင်းကြီးမှာ သူတို့ဘောလုံးပွဲ ကန်ကြတဲ့ အချိန် ကြည့်တဲ့လူတွေများလွန်းပြီး ပွဲကြည့်စင်ပြိုကျတဲ့အတွက် လစ်ဗာပူး ဘောလုံးအသင်း ပရိဿတ် ၉၇ ယောက် သေဆုံးခဲ့ပါတယ်။
ဆန်းက ဒီအဖြစ်ကို သတင်းရေးရာမှာ လူတွေ သေဆုံးရတာက "ဘောလုံး ပရိသတ်တွေရဲ့ အမှားကြောင့်ဖြစ်ရတာ" လို့ ဆိုတဲ့ သဘောမျိုးဖြစ်တဲ့အတွက် သူတို့ရဲ့ သတင်းတင်ပြမှုဟာ "ဘက်လိုက်တယ်၊ မှားယွင်းတယ်" လို့ အများက သုံးသပ်ပြောကြပါတယ်။ ၃၄ နှစ်ကြာလာတဲ့ အခုအချိန်အထိ လစ်ဗာပူး ဘောလုံး ပရိဿတ်တွေနဲ့ လစ်ဗာပူး မြို့သူ မြို့သားတွေ အများအပြားဟာ ဆန်း သတင်းစာကို မဖတ်ကြပါဘူး။
ဟျူ အက်ဝပ် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဆန်းရဲ့ သတင်းဖော်ပြပုံကိုလည်း ဝေဖန်နေကြပါတယ်။
မစ္စတာ အက်ဝပ်နဲ့ ပတ်သက်ပြီး ဆန်းမှာ ရေးသားဖော်ပြတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဆန်းစစ်ရာမှာ ရာဇဝတ်ကြောင်းဆိုင်ရာ ကျူးလွန်ထားကြောင်း အထောက်အထား မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။ ဒါကြောင့် ဆီလစ်တိုက ဆန်းက ရေးတဲ့ သတင်းနဲ့ ပတ်သက်ပြီး - ဘာအထောက် အထားတွေ သူတို့ ရထားလဲ၊ အဲဒီပုံတွေ ပေးပို့ခဲ့တယ်ဆိုတဲ့ လူငယ်ကိုရော သူတို့ သွားချဉ်းကပ်ခဲ့တာလား၊ အဲဒီသူကို ကိုယ်စားပြုတဲ့ ရှေ့နေကတော့ ဆန်းက ရေးထား တဲ့ သတင်းဇာတ်လမ်းက 'မဟုတ်တမ်းတရားတွေ' ပဲ လို့ မှတ်ချက်ချ ထုတ်ပြန်ထား ပါတယ်။
လူမှု မီဒီယာတွေကကော ဘယ်လိုလဲ
ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က ဒီသတင်းစထွက်လာချိန်ကစပြီး လူမှုမီဒီယာမှာ မှန်းဆအမြင်တွေ၊ သဘောထားတွေ အပြိုင်အဆိုင်တင်ကြပါတယ်။ ဆန်းက ရော၊ ဘီဘီစီ ကရော၊ တခြား မီဒီယာတွေ ကရော အဲဒီ စွပ်စွဲခံရတဲ့ သတင်းတင်ဆက်သူရဲ့ အမည်ကို အဲဒီအချိန်က မထုတ်ဖော်ကြပါဘူး။
ဘာကြောင့်လဲဆိုတော့ ယူကေမှာ မီဒီယာတွေက သတင်းတင်ပြရင် စွပ်စွဲခံရသူက ဘယ်သူဘယ်ဝါဆိုတာကို ရေးတာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက် စောင့်ထိန်းရတဲ့ အပိုင်း၊ အသရေဖျက်မှု မြောက်သွားမယ့်အပိုင်း စတာတွေမှာ ဥပဒေတွေနဲ့ ထိန်းကျောင်းထားတဲ့အတွက်ပါ။ ဒါပေမဲ့ အပြင်မှာတော့ သတင်းစ ပေါ်လာ ကတည်းက အဲဒီသတင်းတင်ဆက်သူက ဘယ်သူ ဖြစ်နိုင်လဲ ဆိုတာကို မှန်းဆနေကြတာပါ။
လူမှုမီဒီယာသုံးသူအများအပြားက အမေးထုတ်နေကြတဲ့ သတင်းတင်ဆက်သူဟာ ဘယ်သူလဲဆိုတာကို မှန်းဆခဲ့ကြပါတယ်။

"ဘီဘီစီ သတင်းတင်ဆက်သူ ဇာတ်လမ်းမှာ အဓိကကျတဲ့ အပိုင်းတခုက အဲဒီသူက ဘယ်သူ ဘယ်ဝါဆိုတာပါ" လို့ ဆီလစ်တို ကပြောပါတယ်။
"အရင်နှစ်ပိုင်းတွေက ဆိုရင်တော့ ဒီအကြောင်းက ယမကာဆိုင်တွေမှာ ပြောကြတာ၊ အိမ်ခြံဝင်း စည်းရိုး တဖက် နဲ့တဖက် မေးကြ ပြောကြတာမျိုးကလွဲလို့ လျှို့ဝှက်ချက်က သိုသိုသိပ်သိပ်နဲ့ပဲ အပြင်ကို သိပ်မထွက်လာနိုင်ပါဘူး။
အခုတော့ လူမှု မီဒီယာနဲ့ အတူ သတင်းတင်ဆက်သူရဲ့ အမည်က ရက်ပိုင်းအတွင်း နေရာအနှံ့မှာ ကျော်နေပါပြီ။ နောက်ပြီး တခြား သတင်းတင်ဆက်သူ တွေကို မှားမှားယွင်းယွင်း လက်လွတ်စပယ် စွပ်စွဲကြတာမျိုး တွေလည်း အများကြီးထွက်လာပါတယ်။"
ဖိအားတွေ ရှိလာတာကြောင့် ဘီဘီစီ သတင်းတင်ဆက်သူတချို့အဖို့ မကောင်းသတင်းဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ ထုတ်ပြောလာကြပါတယ်။ အားကစား သတင်း တင်ဆက်သူ အကျော်အမော် ဂယ်ရီ လင်နေကာနဲ့ လူကြိုက်များတဲ့ ရေဒီယို အစီအစဉ်တခုမှာ ပင်တိုင် တင်ဆက်တဲ့ ဂျယ်ရမီ ဗိုင်းတို့လည်း "အဲဒီသူဟာ ကျွန်တော် မဟုတ်ဘူး" လို့ ဆိုခဲ့ကြပါတယ်။
သူ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကာယကံရှင်ဟာ သူ့ကိုယ်သူ အမည် ထုတ်ဖော်ပြောသင့်တယ်ဆိုပြီး တချို့ ဘီဘီစီ သတင်းတင်ဆက်သူတွေကလည်း တောင်းဆို ခဲ့ကြပါတယ်။
သတင်းစထွက်ပြီး ၅ ရက် အကြာမှာတော့ သတင်းတင်ဆက်သူ ဟျူ အက်ဝပ်ရဲ့ ဇနီး ဗစ်ကီ ဖလင်းက ဒီဇာတ်လမ်းမှာ ပြောနေကြတဲ့ သူက သူ့ ခင်ပွန်းပါလို့ ပြောလိုက်တဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ဟျူ အက်ဝပ်က ဘယ်သူလဲ
လူအများအပြား ကြည့်ကြတဲ့ ည ၁၀ နာရီ သတင်းအစီအစဉ်ကို တင်ဆက်တဲ့ ဟျူ အက်ဝပ်ကို "ဘီဘီစီ သတင်းဌာနရဲ့ ပုံရိပ်" လို့တောင် တင်စားနိုင်ပါတယ်။
၁၉၈၄ ခုနှစ်မှာ သူ ဘီဘီစီမှာ စတင်အလုပ်ဝင်ခဲ့တာပါ။ အခုဆိုရင် တနှစ်ကို လစာငွေ ပေါင် စတာလင် ၄၃၅,၀၀၀ ရရှိထားပြီး ဘီဘီစီ ထဲမှာ လစာအများဆုံးရတဲ့ သတင်းတင်ဆက်သူတွေထဲက တယောက်ပါ။
ဘုရင်မကြီး စျာပန အခမ်းအနား၊ ရွေးကောက်ပွဲတွေ၊ ချားလ်စ် ဘုရင် နန်းတက်အခမ်း အနား စတဲ့ သတင်းကြီးတွေ၊ ထင်ရှားတဲ့ အဖြစ်အပျက်တွေကို သူက ဦးဆောင် တင်ဆက်ခဲ့ပါတယ်။
သတင်းကို ယုံကြည်မှု၊ ခိုင်မာမှု၊ သြဇာရှိမှုတွေနဲ့ အတူ တင်ဆက်နိုင်သူလို့ အများက ချီးကျူးကြတဲ့ သူပါ။
သူဟာ စိတ်ကျရောဂါကို အပြင်းအထန်ရုန်းကန် ကုစားနေရသူလို့ အရင်က သူပြောခဲ့ ဖူးပါတယ်၊ အခုတော့ သူ့ဇနီးက သူ စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်လာလို့ ဆေးရုံတင် ကုသနေရတယ်လို့ ပြောပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ ဒီသတင်း နဲ့ သက်ဆိုင်သူတွေအဖို့ အနှောင့်အယှက်ပေးခံရတာကနေ ကင်းလွတ်နိုင်ရေးအတွက် ပန်ကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ရာဇဝတ်ကြောင်းကျူးလွန်ထားတယ်ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ထားဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမဲ့ လူထုအမြင် ခုံရုံးကတော့ စီရင်ချက်တွေကို ချနေတာ သီတင်းတပတ် ရှိလာပါပြီ။
ဒီသတင်း ဇာတ်လမ်းကနေ အစဉ်အလာ မီဒီယာတွေ၊ တက်ဘလွိုက်တွေ၊ လူမှု မီဒီယာတွေ အနေနဲ့ တကယ့် လူတွေရဲ့ ဘဝတွေအတွက် ဘယ်လို အခန်းကဏ္ဍမှာ ရှိသင့်တယ်ဆိုတဲ့ မေးခွန်းများစွာ ကျန်ခဲ့ပါတယ်။








