ကမ္ဘာပေါ်မှာ စွမ်းအင်လိုအပ်မှု ပြဿနာတွေ ဘာကြောင့်ဖြစ်၊ ဘယ်သူတွေ အဆိုးဆုံး ရင်ဆိုင်ရနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့စွမ်းအင် အေဂျင်စီက ကမ္ဘာကြီးမှာ စွမ်းအင်ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်တယ်လို့ ပြောပါတယ်။
ဘာကြောင့်လဲ ဆိုရင် ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာဟာ လျှပ်စစ်နဲ့ လောင်စာ စွမ်းအင်တွေ သုံးစွဲနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာနိုင်တဲ့ အတွက် ဖြစ်ပါတယ်။
စွမ်းအင်ဈေးနှုန်းတွေ ထောင်တက်သွားတာ ဘာကြောင့်လဲ
သဘာဝဓာတ်ငွေ့ဈေးတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီကနဲ့ စာရင် ၅ ဆ နီးပါး တက်သွားခဲ့ပါတယ်။ နိုင်ငံတကာ ဈေးကွက်တွေမှာ ရေနံ တစည်ကို ဒေါ်လာ ၂၅၀ နဲ့ ရောင်းချတာနဲ့ ညီမျှတဲ့ ဈေးနှုန်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာ စွမ်းအင် အာဏာပိုင် အဖွဲ့ IEA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာက ဒီလို ဖြစ်လာစေခြင်းရဲ့ အဓိက အကြောင်းရင်း တခု ဖြစ်တယ်လို့ ပြောကြပါတယ်။
ရုရှားက ဥရောပ သမဂ္ဂဝင် နိုင်ငံတွေက သူ့ရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်တာကြောင့် အဲဒီ နိုင်ငံတွေကို ရောင်းချနေတဲ့ သဘာဝ ဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းကျော်ကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ကမ္ဘာတဝန်း ဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အပြိုင်အဆိုင် ဈေးပေးတာတွေ ဖြစ်လာခဲ့ပါတယ်။
တကယ်တော့ သဘာဝဓာတ်ငွေ့ဈေးတွေက အဲဒီကျူးကျော်စစ် မတိုင်ခင်ကတည်းက တစစနဲ့ တက်ရိပ်ပြနေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါကြောင့် ချထားတဲ့ လော့ခ်ဒေါင်းစည်းကမ်းတွေ ရုပ်သိမ်းပြီးချိန် စက်မှုလုပ်ငန်းတွေ ပြန်လည် လည်ပတ်လာခဲ့တာနဲ့ အမျှ စွမ်းအင် လိုအပ်ချက်အတွက် သဘာဝဓာတ်ငွေ့တွေကို ပိုမို သုံးစွဲလာနေကြတဲ့ အတွက် ဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့လိုပဲ ကျောက်မီးသွေးဈေးတွေကလည်း ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းက စပြီး ၃ ဆကျော် ထောင်တက်သွားခဲ့ပါတယ်။ အကြောင်းက သဘာဝဓာတ်ငွေ့ မလုံလောက်မှုတွေကြောင့် ကမ္ဘာတဝန်းက ဓာတ်အားပေး စက်ရုံတွေမှာ သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေးလောင်စာကို ပြောင်းလဲ သုံးစွဲလာကြတာကြောင့် ဖြစ်ပါတယ်။
စွမ်းအင် ထုတ်လုပ်မှု ရင်းမြစ်တွေမှာ တတိယ အသုံးအများဆုံး ရုပ်ကြွင်းလောင်စာ ရေနံဈေးကလည်း တက်လာပါတယ်။ အကြောင်းကတော့ အီးယူအဖွဲ့ဝင် နိုင်ငံတွေအပြင် ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့က ရုရှားက ရေနံဝယ်ယူမှုတွေကို တားမြစ်ပိတ်ပင်လိုက်တာကြောင့် ဖြစ်ပါတယ်။
အဲဒီလို တားမြစ်ခဲ့တာကြောင့် ရေနံမလုံလောက်မှုတွေ ပိုဆိုးသွားခဲ့ပါတယ်။ အဆိုးဆုံး အချိန်မှာဆိုရင် ရေနံစိမ်းတစည်ဟာ အမေရိကန် ဒေါ်လာ ၁၂၅ ဒေါ်လာ အထိကို တက်သွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တစည်ကို အမေရိကန် ဒေါ်လာ ၉၀ နဲ့ ၉၅ ကြား ပေးနေရပါတယ်။
IEA ကလည်း အခု ကြုံနေရတဲ့ စွမ်းအင်ပြဿနာဟာ ၁၉၇၀ ပြည့်နှစ်တွေအတွင်းက ကြုံခဲ့ကြရတဲ့ ရေနံဈေးနှုန်း ပြဿနာထက်တောင် ကြီးတယ်လို့ ဆိုပါတယ်။ အကြောင်းက အခုကြုံနေရတာက ရေနံတမျိုးတည်း မဟုတ်ဘဲ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးပါ ပါလာတဲ့ အတွက်ဖြစ်ပါတယ်။
အဲဒီပြဿနာကြောင့်ပဲ ကမ္ဘာတဝန်းက လူနေမှု ဘဝတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိလာနေပြီ ဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုခံစားနေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စွမ်းအင်ဈေးနှုန်း မြင့်တက်မှုကြောင့် ဘယ်သူတွေ အဆိုးဆုံး ရင်ဆိုင်ရနိုင်လဲ
လောင်စာဈေးတွေ တက်လာတာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာလည်း ပိုပြီး အကုန်အကျများလာသလို သုံးစွဲသူတွေအဖို့လည်း တက်ဈေးပေးပြီး သုံးစွဲလာကြရပါတယ်။
IEA က မကြာသေးတဲ့ နှစ်ပိုင်းတွေအတွင်းက ကမ္ဘာတဝန်းမှာ ရှိကြတဲ့ လူ သန်းရာပေါင်းများစွာဟာ လျှပ်စစ်ဓာတ်အားကို သုံးစွဲဖို့အတွက် တတ်နိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ဈေးတွေ တက်လာတာကြောင့် လူ ၇၅ သန်းလောက်ဟာ လျှပ်စစ်ဓာတ်အားဖိုး ပေးဖို့ တတ်နိုင်ကြတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူသန်းရာပေါင်းများစွာဟာ ချက်ရေးပြုတ်ရေးတွေမှာ LPG လို့ခေါ်တဲ့ ဓာတ်ငွေ့ရည်ဘူး တွေကို သုံးကြပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ဆိုရင် ပြီးခဲ့တဲ့ နှစ်ထဲမှာတင် အဲဒီ LPG ဓာတ်ငွေ့ရည်ဖိုးက ၂ ဆနီးပါး ခုန်တက်သွားပါတယ်။
IEA ကတော့ လူသန်း ၁၀၀ လောက်ဟာ အဲဒီ LPG ဓာတ်ငွေ့ရည်ဖိုးကို မတတ်နိုင်လို့ ထင်းသုံးပြီး ချက်ပြုတ်လာရတော့မယ်လို့ ပြောပါတယ်။ အဲဒီလို ထင်းနဲ့ ချက်ရင် ထွက်လာတဲ့ မီးခိုးကြောင့် အဆုတ်တွေ ထိခိုက်ပြီး ကျန်းမာရေးပြဿနာတွေပါ ထပ်ပြီး ကြုံလာရနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေနံ ထုတ်လုပ်ကြတဲ့ Opec+ အဖွဲ့မှာ အပြစ်ဘယ်လောက်ရှိသလဲ
စွမ်းအင်ပြဿနာတွေ ကြုံနေရတာက ရုရှားက အီးယူ နိုင်ငံတွေကို ဓာတ်ငွေ့မတင်ပို့တာကြောင့် ဖြစ်ရတာ ဆိုပြီး အပြစ်အများစုကို ရုရှားအပေါ်ပဲ ပုံချကြပါတယ်။
တကယ်တော့ ရေနံထုတ်လုပ်တဲ့ အဖွဲ့ဝင် ၂၂ နိုင်ငံပါတဲ့ Opec+ အဖွဲ့မှာလည်း တာဝန်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက Opec+ အဖွဲ့ဝင် နိုင်ငံတွေက ကပ်ရောဂါ ကာလအတွင်း ဝယ်လိုအားနည်းနေခဲ့တာကို အကြောင်းပြပြီး ရေနံထုတ်လုပ်မှုတွေကို တရက်ကို စည် ၉ သန်း ကျော် လျှော့ချခဲ့ကြပါတယ်။ ကပ်ရောဂါ ကာလ လွန်လာတဲ့ အခါမှာ ရေနံဝယ်လိုအား ပြန်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် Opec+ အဖွဲ့ဝင် နိုင်ငံတွေက ထုတ်လုပ်မှု အနည်းငယ်ပဲ တိုးခဲ့ကြပါတယ်။
အကျိုးဆက်အဖြစ် နိုင်ငံတကာမှာ ရေနံမလုံလောက်မှုတွေ ဖြစ်လာသလို ကမ္ဘာတဝန်း ဓာတ်ဆီဈေးတွေပါ တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းကလည်း Opec+ အဖွဲ့က နေ့စဉ်ထုတ်လုပ်မှု ပမာဏမှာ တနေ့ကို စည် ၂ သန်းထပ်ပြီး လျှော့ချပစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီပြဿနာတွေကို ဘယ်လို အဆုံးသတ်စေနိုင်မလဲ
ရေနံထုတ်လုပ်တဲ့ တချို့နိုင်ငံတွေက ကမ္ဘာ့စွမ်းအင်ပြဿနာကို ရင်ဆိုင်ဖို့ သူတို့ရဲ့ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုတွေကို မြှင့်တင်ခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဆိုရင် ၂၀၂၂ အတွင်းမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို စံချိန်တင်ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြသလို ၂၀၂၃ မှာလည်း ထိုနည်းလည်းကောင်း ထုတ်လုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့် ဥရောပမှာတော့ တခြားနေရာကနေ LNG သဘာဝ ဓာတ်ငွေ့ရည်တွေ မသွင်းနိုင်ခင်အထိ ဓာတ်ငွေ့ဈေးတွေကလည်း မြင့်မားနေဦးမှာ ဖြစ်တာကြောင့် ဆောင်းရာသီ ကာလတွေကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကြရမယ့် သဘောရှိပါတယ်။
IEA ကတော့ လာမယ့် နှစ်ပိုင်းတွေအတွင်း ကမ္ဘာ့စွမ်းအင် လိုအပ်ချက် ပြဿနာကို ဖြေရှင်းနိုင်ဖို့အရေးမှာ ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းမြစ်တွေဟာ အခရာ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
သူတို့ အဆိုအရ လာမယ့် ၂၀၃၀ အထိ ကမ္ဘာတ၀န်းက ကုမ္ပဏီပေါင်းများစွာက ဒီလို သန့်ရှင်းတဲ့ စွမ်းအင် ထုတ်လုပ်နိုင်ဖို့ တနှစ်ကို ဒေါ်လာ ၂ ထရီလျံအထိ ရင်းနှီးမြှုပ်နှံလာကြမယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီ အချိန်ကျရင် အမေရိကန်ပြည်ထောင်စုဟာ နေစွမ်းအင်နဲ့ လေစွမ်းအင်တွေကို အခုလက်ရှိ ထုတ်လုပ်နေတာထက် ၂ ဆခွဲပိုပြီး ထုတ်လုပ်လာနိုင်မယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယကလည်း သူတို့ရဲ့ သန့်ရှင်းစွမ်းအင် ထုတ်လုပ်မှုတွေကို ပိုပြီး အားစိုက်လာကြမယ်လို့ ခန့်မှန်းထားပါတယ်။
လာမယ့် ၂၀၃၀ မှာ အိန္ဒိယမှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၃ ပုံ ၂ ပုံကို ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်တွေကနေ ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်နဲ့ တော်တော် နီးစပ်လာမယ်လို့ IEA က မျှော်လင့်ထားပါတယ်။








