လူ ၅ သန်းလောက် အိုးအိမ်စွန့်ခွာပြေးရတဲ့ အာသံပြည်နယ်ရေလွှမ်းမိုးမှု

"နေရာတိုင်းမှာရေတွေမြင်နေရပေမဲ့ သောက်စရာရေက တစက်မှ မရှိပါဘူးရှင်။"
သူ့တအိမ်လုံးရေပတ်လည် အဝိုင်းခံထားရတဲ့ ရွန်းဂျုချောင်ဒရီက စနေနေ့တုန်းက ပြောပြတာပါ။ ရွန်းဂျုချောင်ဒရီဟာ အိန္ဒိယအရှေ့မြောက်ဖျား အာသံပြည်နယ်ထဲက အလွန်ချောင်ကျတဲ့ အူဒီယားနားရွာကလေးမှာ နေတာပါ။ သူ့ရွာကလေးဟာ ဆိုးဆိုးရွားရွား ရေဖုံးလွှမ်းခံခဲ့ရပါတယ်။
မိုးက အဆက်မပြတ်ရွာပါတယ်။ ရေက ရုတ်တရက်မြင့်တက်လာပြီး နာရီပိုင်းအတွင်းမှာ လမ်းတွေဟာ ရေအောက် လုံးဝ ပျောက်သွားပါတယ်။ သူတို့အိမ်ထဲရေဝင်လာတော့ တမိသားစုလုံးဟာ ဘေးအန္တရာယ်က လွတ်မြောက်အောင် အိမ်ထဲမှာပဲ မှောင်မှောင်မည်းမည်းကြား တိုးဝှေ့နေထိုင်ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။
ပင်လယ်ပြင်ထဲက ကျွန်းကလေးပေါ်မှာ ပိတ်မိနေသလိုမျိုး သူတို့မိသားစုဟာ ရေပတ်လည်ဝိုင်းထားတဲ့ အိမ်ကလေးထဲမှာ ၂ ရက်ကြာတဲ့အထိ ပိတ်မိနေဆဲပါ။
"ဘေးမှာ ရေတွေပတ်လည်ဝိုင်းနေတာပဲ။ ဒါပေမဲ့ သောက်လို့ရတဲ့ရေက မရှိသလောက်ရှားပါတယ်။ အစားအစာကလည်း တဖြည်းဖြည်းနည်းလာနေပြီ။ အခုတခါရေက အရင်ကထက်မြင့်တက်လာနေတယ်လို့လည်း ကြားနေရတယ်ရှင့်။ ကျွန်မတို့ဘယ်လိုများဖြစ်ဦးမှာလဲ မသိဘူး။"

မကြုံစဖူးမိုးရွာရေကြီးလိုက်တော့ အာသံပြည်နယ်ထဲမှာ အပျက်အစီးတွေ တသီတန်းကြီးဖြစ်သွားတာပါပဲ။ ရွာတွေရေထဲမြုပ်၊ သီးနှံတွေပျက်စီး၊ အိမ်တွေပြိုကျ ကုန်ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာ အာသံပြည်နယ်ထဲကခရိုင် ၃၅ ခု အနက် ၃၂ ခုရေဘေးသင့်ပြီး အနည်းဆုံး လူ ၄၅ ယောက် သေဆုံးသလို လူပေါင်း ၄ သန်း ၇ သိန်းလောက် ရွှေ့ပြောင်းသွားရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။
အနီးနား မဂ္ဂလိုင်းယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့အပတ်တုန်းက လေကြီးမိုးကြီးကျပြီး လူ ၁၈ ယောက်သေဆုံးခဲ့ပါတယ်။ အာသံပြည်နယ်ထဲမှာ ရေဘေးဒုက္ခသည်စခန်း ၁၄၂၅ ခုဖွင့်လှစ်ထားပြီးပါပြီ။ ဒါပေမဲ့ ကပ်ဘေးကပြင်းထန်တော့ လုပ်ရတဲ့အလုပ်က တော်တော်ရှုပ်ထွေးခက်ခဲတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ ကယ်ဆယ်ရေးစခန်းတွေရဲ့ အခြေအနေ ကြည့်ရတာကိုက စိတ်ပျက်စရာပါ။
"ကယ်ဆယ်ရေးစခန်းသာ ပြောတယ်၊ သောက်ရေက မရှိဘူးရှင်။ အခုကျွန်မသားလေး ဖျားနေပေမဲ့ ဆရာဝန်ခေါ်လို့လည်း မရဘူး" လို့ အူဒီယာနာရွာသူတယောက်ပဲဖြစ်တဲ့ ဟတ်စနာဘီဂင်ကပြောပြပါတယ်။
ဗုဒ္ဓဟူးနေ့မှာ သူ့အိမ်ထဲရေစဝင်တော့ အသက် ၂၈ နှစ်အရွယ် ဟတ်စနာဘီဂင်ဟာ လေပြင်းမုန်တိုင်းတိုက်နေတဲ့ကြားထဲက အကူအညီရလိုရငြား အပြင်ထွက်ရှာပါသေးတယ်။ အခုထိသူဟာ ပလပ်စတစ်မိုးကာလေး မလုံ့တလုံအောက်မှာ ကလေး ၂ ယောက်နဲ့ အတူတူ မိုးခိုနေရတာပါ။
"ဒါမျိုး တခါမှလည်း မမြင်ဖူးပါဘူး။ ဒီလောက်ရေတွေ ကြီးကြီးကျယ်ကျယ် ဖုံးတာမျိုးလည်း တသက်လုံး တခါမှ မမြင်ဖူးပါဘူး" လို့ သူက ဆိုပါတယ်။

အာသံပြည်နယ်ရဲ့ အသက်သွေးကြောလို့ ပြောလေ့ရှိကြတဲ့ ဗြဟ္မပုတ္တရမြစ်ကြီးရဲ့ မြစ်ကမ်းဘေး နုံးတင်မြေနုကျွန်းမြေတွေဟာ သန်းချီတဲ့လူတွေရဲ့ မှီခိုအားထားအသက်မွေးဝမ်းကြောင်းပြုရာနေရာ တွေဖြစ်ပါတယ်။
အခုတော့ သဘာဝထက်လွန်ကဲတဲ့ ရေကြီးရေလွှမ်းမိုးမှုကြီးက သူတို့ဘဝတွေ၊ သူတို့အလုပ်အကိုင်တွေကို တိုက်စားဖျက်ဆီးသွားပါပြီ။ ကမ္ဘာလုံးဆိုင်ရာဥတုပြောင်းလဲမှု၊ အဆင်ခြင်မဲ့ လုပ်ဆောင်လိုက်တဲ့ ဆောက်လုပ်ရေးတွေ၊ အလျင်အမြန်ကြီးထွားလာတဲ့ စက်မှုလုပ်ငန်းတွေဟာ အစွန်းရောက်မိုးလေဝသအခြေအနေတွေကို ဖြစ်ပေါ်စေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
အစွန်းရောက်မိုးလေဝသ အခြေအနေဆိုတာက ရေအလွန်ကြီးခြင်း၊ လေမုန်တိုင်းအလွန်ပြင်းထန်ခြင်း၊ အပူလှိုင်းပြင်းထန်ခြင်း၊ အအေးလှိုင်းပြင်းထန်ခြင်း စတဲ့ အစွန်းရောက်ပြင်းပြင်းထန်ထန် အခြေအနေတွေကို ဆိုလိုတာပါ။
အာသံပြည်နယ်မှာ အခုလို ဆိုးဆိုးဝါးဝါးရေကြီးတာဟာ တနှစ်ထဲမှာတွင် ၂ ကြိမ်ဖြစ်သွားပါပြီ။ သိပ်မကြာခင်မေလထဲမှာတုန်းကပဲ ရေဖုံးလွှမ်းလို့ အနည်းဆုံးလူ ၃၉ ယောက်သေဆုံးခဲ့ပါသေးတယ်။ အာသံပြည်နယ်ထဲမှာ ဒီလမိုးရေချိန်ဟာ ပျမ်းမျှဖြစ်နေကျထက် ၁၀၉ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ မိုးလေဝသဌာနမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ ဗြဟ္မပုတ္တရ မြစ်ကြီးရဲ့ ရေမျက်နှာပြင်အမြင့်ဟာလည်း နေရာအများအပြားမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပါပြီ။

ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့ ဒေသခံတွေ၊ အာဏာပိုင်တွေကတော့ သမ္မာကျမ်းစာထဲမှာ ကမ္ဘာဖျက်မိုးကြီးရွာပြီး ရေကြီးသလိုမျိုး အခုလည်း ပြည်နယ်တခုလုံးရဲ့ လူမှုရေး၊ စီးပွားရေးဘဝကို အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့ဆိုကြပါတယ်။
"ဒီတခါအခြေအနေကတော့ ထူးထူးခြားခြားသတိပေးတပ်လှန့်လိုက်သလိုပါပဲ။ နိုင်ငံလုံးဆိုင်ရာ ကပ်ဘေးကယ်ဆယ်ရေးအဖွဲ့တွင်မကဘဲ ကျွန်တော်တို့ ကပါ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်အောင် တပ်ဖွဲ့တွေ ချထားပေးခဲ့ပါတယ်။ အခုအချိန်မှာ အသက်ကယ်ရေးက အဓိက ဦးစားပေးလုပ်ငန်းပါပဲ" လို့ ရန်ဂီယာမြို့က စစ်တပ်အရာရှိတဦးဖြစ်တဲ့ ဂျာဗီးယားရာဟူးဆူရက်ရှ်က ဆိုပါတယ်။
ဒေသခံတွေအားလုံးဟာ ညတွင်းချင်းတက်လာတဲ့ မြစ်ရေတွေရဲ့ ဝိုင်းပတ်ထားတာကိုခံနေရပါတယ်။
အာသံပြည်နယ်ရဲ့ အဓိက စီးပွားရေးအချက်အချာနေရာတခုဖြစ်တဲ့ ဂူဝါဟာတီ အနီးအနားဝန်းကျင်ဟာလည်း အပျက်အစီးအစုအပုံကြီးလောက်နီးနီးဖြစ်နေပါပြီ။ ကောက်ပင်တွေနဲ့ အမြဲစိမ်းစိုနေတတ်တဲ့ လယ်ကွင်းတွေဟာလည်း အခုတော့ ရွှံ့ဗွက်တွေ အပျက်အစီးတွေနဲ့ ပြည့်နှက်နေပါတယ်။
အူဒီယာနာကျေးရွာကလေးကို ကြည့်လိုက်ရင်လည်း စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေကို မတွေ့ရတော့ဘဲ ဘယ်ကိုကြည့်ကြည့် ရေပြင်ကိုပဲ တွေ့ရပါတော့တယ်။ လူတွေဟာ ဝါးလုံးတွေ၊ ငှက်ပျောရွက်တွေနဲ့ လှေလုပ်ပြီး သွားလာနေကြပါတယ်။
တချို့ကတော့ စိမ်းညို့နေတဲ့ရေဆိုးရေညစ်တွေထဲမှာ စိတ်မသာမယာနဲ့ ကူးခတ်နေကြပါတယ်။ ရောင်ပြန်အင်္ကျီတွေဝတ်ထားတဲ့ ကယ်ဆယ်ရေးသမားတွေကို မြင်ရင် သူတို့ ပျော်ရွှင်သွားကြပါတယ်။ လူအများအပြားဟာ ရေပတ်လည်ဝိုင်းထားတဲ့ အိမ်တွေထဲမှာ ပိတ်မိနေဆဲပါ။
ရွာထဲကိုရေတွေ လှိမ့်ဝင်လာပြီး အားလုံးကိုဖျက်ဆီးပစ်လိုက်တယ်လို့ အသက် ၆၄ နှစ်အရွယ်ရှိ ဆီရတ်ချ်အာလီကပြောပါတယ်။
သူ့အသက်ဘေးတောင်စိုးရိမ်မိတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်ပစ္စည်းတွေနဲ့ သူ့တဘဝစာ အမှတ်တရပစ္စည်းတွေရှိနေတဲ့အိမ်ကို စွန့်မသွားနိုင်လို့ သူဟာ တပိုင်းတစရေနစ်မြုပ်နေတဲ့အိမ်မှာ ဆက်လက်နေထိုင်ဆဲဖြစ်ပါတယ်။
ကလေးတွေကို လမ်းဘေးက ကယ်ဆယ်ရေးစခန်းတွေဆီပို့ထားပြီး သူကတော့ အကူအညီပေးမဲ့သူတွေကို စောင့်ဆိုင်းနေပေမဲ့ ဘယ်သူမှရောက်မလာသေးပါဘူး။
"ရေတွေပတ်လည်ဝိုင်းနေပေမဲ့ ကျုပ်မှာသောက်စရာရေကလည်းမရှိ၊ စားစရာအစာလည်းမရှိပါဘူး။ ငတ်ပြတ်နေတာ ၃ ရက်ရှိပါပြီ။ ဒါပေမဲ့ ဘာလုပ်လို့ရမှာလဲ။ ဘယ်ကိုသွားရမှာလဲ။"
သူ့မျက်လုံးထဲမှာ မျက်ရည်တွေအိုင်ထွန်းနေပါတယ်။

အခုတော့ ဆီရတ်ချ်အာလီမှာ အားပေးမဲ့အဖော်ရနေပါပြီ။ သူ့အိမ်နီးချင်း နေ့စားအလုပ်သမား မိုဟာမက်ရာဘူအာလီဟာလည်း သူ့အိမ်ကို စောင့်ရှောက်ဖို့ ပြန်လာပါပြီ။ သူ့အိမ်ဟာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ပြီးဆောက်ထားရတဲ့ တဲအိမ်ကလေးတလုံးပါ။
"မော်တော်ဆိုင်ကယ်၊ ခုတင်၊ ကုလားထိုင်ဆိုတဲ့ ပစ္စည်းတခုဝယ်နိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် မှတ်တိုင်တတိုင် စိုက်ထူရသလိုပါပဲ။ အခုတော့ အကုန်ရေစုန်မျောပါပြီဗျာ။ ဘာမှမကျန်တော့ပါဘူး။"
လူတိုင်းလူတိုင်းအတွက် သောက်ရေနဲ့ အစားအစာကို လုံလောက်အောင် မပေးနိုင်သေးဘူးဆိုတာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဝန်ခံပါတယ်။
"လုံးဝ လမ်းကြောပြတ်နေတဲ့ တချို့နေရာတွေကို ကျွန်တော်တို့ ရောက်အောင် မသွားနိုင်သေးပါဘူး။ အားလုံးရေလွှမ်းမိုးထားတော့ လမ်းတွေကလည်း ပျောက်နေပါပြီ" လို့ စစ်တပ်အရာရှိ ဂျားဗီးယားဆူရက်ရှ်က ဆိုပါတယ်။

အာသံပြည်နယ်ဟာ ရေဖုံးလွှမ်းမှုကိုကာကွယ်ဖို့ ကာလတာရှည် ကြိုးစားအားထုတ်လာပေမဲ့ ကမ္ဘာ့ဥတုပြောင်းလဲမှုဟာ ပိုရှုပ်ထွေးလာတာနဲ့အမျှ စဉ်းစားစရာအချက်တွေကလည်း ပိုများလာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
"ဒီတခါရေကြီးတာကတော့ တကယ့်ကို အသည်းအသန်ပဲဗျ။ မိုးရွာတဲ့အကြိမ်ရေများလာတာကလည်း မှတ်သားလောက်တဲ့ ပမာဏပဲဆိုတာ သံသယဖြစ်စရာ မရှိဘူး" လို့ အာသံတက္ကသိုလ်က သဘာဝပတ်ဝန်းကျင်သိပ္ပံပညာရှင် ပါမောက္ခဂျာယာရှရီးရောက် ကဆိုပါတယ်။
"ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ဥတုပြောင်းလဲမှုကြီးနဲ့ ဆက်စပ်မပြောခင် ကိုယ့်ဒေသကလူတွေနဲ့ ဆိုင်တာကို အရင်ပြောရရင်တော့ သစ်တောပြုန်းတီးမှုကြောင့်ပဲဗျ။"
သစ်ပင်ကြီးတွေကို ခုတ်လှဲနေတာတွေ ချက်ချင်းရပ်တန့်ဖို့လိုပြီလို့ ပါမောက္ခရောက်က ဆိုပါတယ်။
အထူးသဖြင့် မြစ်တွေအနားက သစ်ပင်ကြီးတွေကို မခုတ်လှဲကြဘဲရှောင်ရှားဖို့ပါ။ သစ်ပင်ကြီးတွေရဲ့ အမြစ်တွေဟာ ရေတက်မလာအောင် ဟန့်တားကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမဲ့ ရွန်းဂျုချောင်ဒရီတို့လို သာမန်အရပ်သားတွေအဖို့မှာတော့ ဘာ့ကြောင့်ဘယ်လိုဆိုတာ ပိုင်းခြားစိတ်ဖြာနေဖို့ အချိန်မရှိပါဘူး။ ကောင်းကင်မှာ နေလုံးက တဖြည်းဖြည်း ကျဆင်းနိမ့်ဝင်သွားပြီး အမှောင်ထုကတဖြည်းဖြည်းတိုးဝင်လာပေမဲ့ ရွန်းဂျုချောင်ဒရီကတော့ အူဒီယားနားရွာက သူ့ရဲ့ ရေတဝက်မြုပ်နေတဲ့ အိမ်အပြင်မှာ စိုးရိမ်ပူပန်မှုအပြည့်နဲ့ စောင့်ဆိုင်းနေဆဲပါ။
"ကယ်ဆယ်ရေးဆိုတဲ့လူတွေလည်း အခုထိတော့တယောက်မှရောက်မလာသေးဘူး။ ဘာမှမပေးသေးဘူး။ သူတို့လာနေပြီဆိုတာရော ဟုတ်မှဟုတ်ပါ့မလားရှင်။"








