ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ - ရုရှားရေနံ တင်သွင်းတာကို ပိတ်ပင်ဖို့ မပြောနဲ့

Hungary"s Prime Minister Viktor Orban and European Commission President Ursula von der Leyen meet in Budapest, Hungary, May 9, 2022

ဓာတ်ပုံ ရင်းမြစ်, Hungarian PM press office

ဓာတ်ပုံ ပုံစာ, ဒီလအစောပိုင်းက ဥရောပ ကော်မရှင် အကြီးအကဲက ဟန်ဂေရီကို အမြန်သွားကာ ရေနံ ဆန်ရှင် အဆိုပြုချက်ကို မပိတ်ပင်ဖို့ ကြိုးစားခဲ့
    • ရေးသားသူ, ဂျက်ဆီကာ ပါကာ
    • ရာထူးတာဝန်, BBC Brussels correspondent
  • ရေးသားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ လာမယ့် တနင်္လာနေ့ကျရင် အထူး ထိပ်သီးဆွေးနွေးပွဲမှာ ဆုံကြတော့မှာပါ။ ဒါပေမဲ့ သံတမန်တယောက်က "တို့ ဘာတွေ ဆွေးနွေးကြမှာလဲ မသိ"တဲ့။

ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲအရေးကို ဗဟိုပြုပြီး ဆွေးနွေးကြမယ့်ခေါင်းစဉ်တွေ ရှိမှာပါ။ သို့သော် မဖြေရှင်းနိုင်သေးတဲ့ အဓိကကိစ္စတခုက ဆွေးနွေးမယ့် ခေါင်းစဉ်ထဲမှာ ပါမပါ မသေချာသေးပါဘူး။

အဲဒါကတော့ ရုရှားရဲ့ ရေနံတင်သွင်းမှုကို ပိတ်ဆို့ဖို့ဆိုပြီး ဥရောပ သမဂ္ဂက အဆိုတင်ထားတဲ့ကိစ္စပါ။

ဥရောပ ကော်မရှင် ဥက္ကဌ မစ္စ အာဆူလာ ဗွန် ဒါ လီယန်က ရုရှား ရေနံတင်သွင်းမှုကို ပိတ်ပင်ဖို့ ပိတ်ဆို့အရေးယူမှု အဆိုပြုချက် တင်ပြထားတာ အခုဆိုရင် တလတာ ကြာမြင့်လာပါပြီ။

"ဒီ(ရေနံတင်သွင်းမှု ပိတ်ဆို့မှု)ဟာက ရုရှားရေနံအားလုံး၊ သင်္ဘောနဲ့သယ်တာရော၊ ပိုက်လိုင်းက သယ်တာရော၊ ရေနံစိမ်းရော၊ ချက်ပြီးသားရေနံရော တင်သွင်းမှု အားလုံးကို တားမြစ်တာပါ" လို့ သူက ဥရောပ လွှတ်တော်ကို ပြောခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ရုရှားက ရေနံတင်သွင်းမှု ပိတ်ဆို့တဲ့အရေးဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်လို့ ဗွန် ဒါ လီယန်က ပြောခဲ့

ဒီပိတ်ဆို့မှုက "စနစ်တကျ အစီအစဉ်ရှိရှိနဲ့" အသွင်ကူးပြောင်းရေးကာလတခုကို ဖြတ်ဖို့၊ ၆ လ အတွင်း ရုရှား ရေနံစိမ်းကို တဖြည်းဖြည်းချင်း လျှော့ချဖြတ်တောက်သွားဖို့၊ ၂၀၂၂ အကုန်မှာ ချက်ပြီး သန့်စင်ပြီးရေနံတွေကို ဖြတ်တောက်သွားဖို့ပါ။

ဒါပေမယ့် ဆန့်ကျင်တာတွေ ပေါ်လာပါတယ်၊ အထူးသဖြင့် ဟန်ဂေရီက ဖြစ်ပြီး အီးယူရဲ့ အဲဒီ ဆဌမမြောက် ပိတ်ဆို့အရေးယူမှု အစီအစဉ်ကို လက်မခံပါဘူး။

သူ့လို တခြား ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်တဲ့ စလိုဗက်ကီးယား၊ ချက်ဇ် စတဲ့နိုင်ငံတွေကလည်း ရုရှားရေနံကို မှီခိုနေရတာကြောင့် အချိန်ပေးပါဦးလို့ ဆိုနေပါတယ်။ ရုရှားရဲ့ ဂက်စ်ပရွမ် ကုမ္ပဏီ ကနေ သဘာဝ ဓာတ်ငွေ့ ဖြတ်တောက်ခံထားရပြီးသားဖြစ်တဲ့ ဘူဂေးရီးယားကလည်း ရုရှားရေနံတင်သွင်းမှု ပိတ်ပင်မယ့် ကိစ္စကို ဘာမှသဘောထား မပေးဘဲ ရှောင်နေပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကတော့ ရုရှားရေနံကို ပိတ်လိုက်တာဟာ သူ့နိုင်ငံစီးပွားရေးကို နျူကလီးယားဗုံးကြဲချလိုက်သလိုပဲလို့ ဥပမာနှိုင်းပြောခဲ့ပြီး ရေနံတင်သွင်းမှု ပိတ်ပင်ရေး ကိစ္စကို ထိပ်သီးဆွေးနွေးပွဲမှာ အကြီးအကျယ် ဟန့်တားနိုင်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲမှာ ဒီအကြောင်းအရာ ခေါင်းစဉ်ကို သူ မဆွေးနွေးလိုဘူးလို့တောင် သူက ဥရောပကောင်စီကို စာရေးပြီး ပြောထားပါတယ်။

'သွေးစွန်းငွေတွေ'

ရုရှားရေနံကို ပိတ်ဖို့အရေး စည်းရုံးနေကြရာမှာ သံတမန်တွေလည်းစိတ်ပျက်အားကုန်လာကြပါတယ်၊ ဒါပေမဲ့ လောင်စာစျေးနှုန်းတွေ တက်လာတာနဲ့ အတူ တချို့နိုင်ငံတွေအနေနဲ့ ဒီပိတ်ဆို့အရေးယူမှုကို မလုပ်ဖို့ ပိတ်ပင်ကြမယ် ဆိုရင်လည်း သိပ်တော့ စိတ်မကောင်းဖြစ်ကြမယ့်ပုံ မရှိတာကို သူတို့ ဝန်ခံပြောပါတယ်။

ပြတ်သားတင်းမာတဲ့နိုင်ငံတချို့ကတော့ ဒါတွေက "သွေးစွန်းငွေတွေ" လို့ ရှင်းရှင်းလင်းလင်းမြင်ထားပြီး ရုရှားကို ဘီလျံတွေ အများကြီးပေးနေတဲ့ ရေနံဝယ်ယူရေးကို ရပ်ပစ်ရမယ်လို့ ခံယူထား ပါတယ်။

ဒါပေမယ့် အာဆူလာ ဗွန် ဒါ လီယန်ဟာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအလုပ်တွေကို စမလုပ်ခင် ပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ကြေညာလိုက်တာက မှားသွားတယ် ဆိုတဲ့ အမြင်ရှိသူတွေလည်း ရှိနေပါတယ်။

သို့ပေငြားလည်း သူရော ဥရောပကောင်စီ ဥက္ကဌရော ရုရှားရေနံနဲ့ပတ်သက်ပြီး သဘောတူမှုတခု ရက်ပိုင်းအတွင်း ဖြစ်လာလိမ့်မယ်လို့ ဒီသီတင်းပတ်ထဲမှာ ပြောထားပါတယ်။

အဲဒါ " သက်သက်မဲ့ ရူးရူးနှမ်းနှမ်းပြောတာတွေပါ" လို့ ဥရောပ သမဂ္ဂ သံတမန်တယောက်က ဆိုပါတယ်။

" ချားလ် မီချဲလ်က သူ့ ဥရောပကောင်စီ ကျရှုံးဖို့ဟာတွေ လုပ်နေတာ။"

ခေါင်းဆောင်တွေ တနင်္လာနေ့ကျ ဘရပ်ဆဲလ်မှာ ဆုံကြမှာမို့ အချိန်က သိပ်မကျန်တော့ပါဘူး။

ပိတ်ဆို့အရေးယူမှုအရေး နောက်ကျ ဖင့်နှေး နေကြတဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက ဒေါသထွက်နေပါတယ်။ " အရေးယူပိတ်ဆို့မှု ဆန်ရှင်အသစ်တွေ လုပ်ဖို့ ပြောနေတဲ့ ကျွန်တော်တို့ မိတ်ဆွေတွေကို သိပ်ကိုကျေးဇူးတင်ပါတယ် " လို့ ကြာသပတေးနေ့ညက ပြောတဲ့မိန့်ခွန်းထဲမှာ သူထည့်ပြောပါတယ်။

"ဒါပေမယ့် ဆဌမမြောက် အရေးယူပိတ်ဆို့မယ့် အစီအစဉ်တွေကို ပိတ်ပင်တဲ့သူတွေက ဘယ်နေရာတွေက သြဇာတွေ အာဏာတွေရနေကြတာလဲ၊ ဥရောပနိုင်ငံတွေ အချင်းချင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းကိစ္စတွေထဲ သူတို့ကို ပါဝင်ပတ်သက်ခွင့် ဘာလို့ သိပ်ပေးနေတာလဲ။"

'ငြင်းခုံမဆွေးနွေးဘဲ ရှောင်တာက လက်တွေ့မကျဘူး'

အရေးယူပိတ်ဆို့ရေးအစီအစဉ်တွေကို ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာထက်စာရင် သံအမတ်တွေ အဆင့်မှာ ဆွေးနွေးသဘောတူကြရင် ဖြစ်နိုင်ကောင်းတယ် ဆိုပြီး စဉ်းစားခဲ့ကြတာနဲ့အတူ၊ ဥရောပ ကောင်စီအနေနဲ့ အားလုံးရဲ့ အမြင်တွေကို စုစည်းပြီး ဒီအရေးကို လုပ်နိုင်မယ်လို့ မှန်းဆခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအရေးကဥရောပ ကောင်စီ အဆင့် ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ခေါင်းစဉ်တွေထဲမှာသာ ပါခဲ့ပြီး ရေရေရာရာ မဆွေးနွေးနိုင်ခဲ့ကြပါဘူး။ အဓိက ဆွေးနွေးပွဲကျမှသာ ဆွေးနွေးလို့ ရမှာလို့ သံတမန်တယောက်က ပြောပါတယ်။

လာမယ့် ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ တရားဝင်တင်လာတဲ့ ခေါင်းစဉ်တွေက ယူကရိန်းအတွက် ဘဏ္ဍာရေး ထောက်ကူကြဖို့၊ အစားအစာလောက်ငှစိတ်ချရရေး၊ ကာကွယ်ရေး ဆိုင်ရာ လိုအပ်ချက်တွေ ရရှိရေး စတာတွေနဲ့ ဥရောပ စွမ်းအင်ဆိုင်ရာ အကူးအပြောင်းကာလမှာ ကြုံရမယ့်အရေးတွေ ဖြစ်ပါတယ်။

ဘီဘီစီက မြင်လိုက်ရတဲ့ ဆုံးဖြတ်ချက် အကြမ်းထဲမှာ ရုရှားရေနံတင်သွင်းမှုကို အရေးယူပိတ်ဆို့မှုချမှတ်မယ့် အရေးထက် တဖြည်းဖြည်းချင်း လျှော့ချဖြတ်တောက်ရေးကို ပိုအလေးပေးထားပါတယ်။

Oil pipelines
1px transparent line

"ငြင်းခုံမဆွေးနွေးဘဲ ရှောင်တာက လက်တွေ့မကျဘူး" လို့ ဝါရင့် သံတမန် တယောက်က ပြောပါတယ်။

တယောက်ယောက်က ဒီကိစ္စ ထပြောမယ်ဆိုတာက အရှင်းကြီးပါ။ ဆွေးနွေးငြင်းခုံတာကနေ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားမလား ဆိုတာကိုလည်း တွေးနေကြရတဲ့ပုံပါ။

ဆဌမမြောက် အရေးယူပိတ်ဆို့ရေး အစီအစဉ်တွေထဲမှာ ရေနံကိစ္စ တခုတည်း မဟုတ်တာမို့ ဒီလို နှောင့်နှေးနေတာတွေကြောင့် တခြားအရေးယူဆောင်ရွက်ချက်တွေကို ပိတ်ထားသလို ဖြစ်နေတဲ့ အတွက် စိတ်ပျက်နေကြတာတွေလည်း ရှိနေပါတယ်။

အဲဒီ တခြား ပိတ်ဆို့အရေးယူမှုတွေထဲမှာ ရုရှားကို တင်ပို့မှုတွေ၊ ပိုင်ဆိုင်မှု ထိန်းချုပ်ဖို့ ပုဂ္ဂိုလ်တွေ၊ ရုရှားအစိုးရက အဓိကပိုင်ထားတဲ့ Sberbank ကို ပိတ်ဆို့ဖို့ ကိစ္စ စတာတွေလည်း ပါဝင် ပါတယ်။

ငွေပိုရဖို့ မျှားခေါ်နေတာလား

ရုရှား ကျောက်မီးသွေး ပိတ်ပင်မှုကို အဆင့်လိုက် လုပ်သွားကြမယ်ဆိုတာ အပါအဝင် အရင်က ပိတ်ဆို့အရေးယူမှု အစီအစဉ်တွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ခပ်မြန်မြန်ပဲ သဘောတူ လက်ခံခဲ့ကြပါတယ်။

အီးယူက ဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ တုံ့နှေးတုံ့နှေးဖြစ်တတ်တယ်လို့ ဆိုကြတဲ့ မရိုးနိုင်ဇာတ်လမ်းကို ပြည်ဖုံးကား ချလိုက်နိုင်ပြီလို့တောင် အရာရှိတွေက ဂုဏ်ယူပြီး ပြောခဲ့ကြပါသေးတယ်။ အခု အချိန်တိုင်အောင် အထိပေါ့။

ဒါပေမယ့် ဒီအပတ်အတွင်း ဟန်ဂေရီ ခေါင်းဆောင်က ချားလ် မီချဲလ်ဆီ ပို့လိုက်တဲ့ စာထဲမှာ ရေနံကို ပိတ်ပင်မယ့် အရေး ဆွေးနွေးမယ့်ကိစ္စက "မိမိတို့အတွင်း ကွဲနေတာကို မီးမောင်းထိုးပြသလို ဖြစ်လိမ့်မယ် " လို့ သတိပေးထားပါတယ်။ သူက ရုရှားရေနံကို တဖြည်းဖြည်းဖြတ်တောက်ဖို့ "ကျွန်တော်တို့ရဲ့ ရေနံချက်လုပ်ငန်းတွေကို အလုံးစုံ ပြန်လည်စီမံဖို့ လိုအပ်နေတယ်" လို့လည်း ပြောထားပါတယ်။

A worker prepares to receive liquid additive for petroleum refining from a tanker train at the Duna (Danube) Refinery of Hungarian MOL Company located near the town of Szazhalombatta

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားရေနံတင်သွင်းမှုကို တဖြည်းဖြည်း ဖြတ်တောက်မယ် ဆိုရင် သူတို့အနေနဲ့ ယူရိုငွေ သန်းပေါင်းများစွာ လိုအပ်တယ်လို့ ဟန်ဂေရီက ပြော

တနည်းပြောရရင် ငွေတွေအများကြီး ကုန်ကျမယ်လို့ ဆိုလိုတာပါ၊ ဒီအပြောကို ကြည့်ပြီး မစ္စတာ အော်ဘန်က သူတို့ကို ငွေပေးဖို့ မျှားခေါ်နေသလားလို့လည်း သံသယ ရှိကြပါတယ်။

ဥရောပလွှတ်တော် ဥက္ကဌ ရိုဘတ်တာ မက်ဆိုလာ ကတော့ ဟန်ဂေရီဟာ မရှိမဖြစ်လိုအပ်တဲ့ "ဆွေးနွေးစရာ သဘောထားရပ်တည်ချက်" ကို ချပြလိုက်တာလို့ အကောင်းဘက်က မြင်ထားပါတယ်။

ဒါပေမယ့် အီးယူက စွမ်းအင်ဆိုင်ရာ အသွင်ကူးပြောင်းအရေးအတွက် ကူမယ်ဆိုပြီး ပြင်ထားတဲ့ ငွေထုပ်ဆီကို ဟန်ဂေရီက လှမ်းနိုင်ပိုင်ခွင့် အခုထိ မရသေး ပါဘူး။

အော်ဘန်အစိုးရဟာ ဒီမိုကရေစီစံနှုန်းတွေ တိုက်စားခံနေရတာကို ထိုင်ကြည့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဘရပ်ဆဲလ်နဲ့ ဘူဒါပက်စ် အကြား ငွေကြေးထောက်ပံ့ရေးနဲ့ ပတ်သက်လို့ အငြင်း အခုံ စစ်ပွဲက ဖြစ်နေဆဲပါ။

ဟန်ဂေရီက သူ့ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေလို့ အပုပ်ချခံနေရတာလို့ အော်ဘန်ကို ထောက်ခံသူတွေက ပြောနေပြီး လုံလောက်တဲ့ အာမခံချက်တွေ မရမချင်း ရေနံတင်သွင်းမှု ကို မပိတ်ဘူးလို့ ဆိုတဲ့နည်းက တရားမျှတ နည်းလမ်းကျတဲ့အကြောင်း ဆိုနေကြပါတယ်။

ရုရှားကို စီးဝင်နေတဲ့ ဘဏ္ဍာတွေကို လျော့ကျသွားအောင်အတွက် ရုရှားရေနံကို စျေးနှုန်းသတ်မှတ်တာ၊ အခွန်တွေချမှတ်တာ စတာမျိုးတွေလုပ်ရင်ရော ဆိုတဲ့ အကြံအစည်တွေအပါအဝင် တခြား နည်းတွေကိုလည်း ပြောနေကြပါတယ်။ ပြောနေကြတဲ့ အထဲ သင်္ဘောနဲ့သယ်ပြီးသွင်းတဲ့ ရေနံတင်သွင်းမှုကို အရင်ဖြတ်၊ နောက်ပိုင်းကျမှ ပိုက်လိုင်းနဲ့ တင်သွင်းတာကို ဖြတ်ကြရအောင် လို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။

တချို့နိုင်ငံတွေအဖို့မှာ အချိန်နဲ့ ထောက်ပံ့မှု ပိုလိုအပ်နေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေချိန်မှာပဲ အဲဒီ နိုင်ငံတိုင်းနဲ့ ညှိရမှာက ရှုပ်ထွေးမှု ပုံစံတမျိုးစီနဲ့လို့လည်း ပြောကြပါတယ်။

ထိပ်သီးဆွေးနွေးပွဲ မစခင်ရက်ရဲ့ ညနေခင်းမှာ အီးယူ သံအမတ်တွေဆုံပြီး တင်ကြိုညှိနှိုင်းပွဲ လုပ်ကြမှာပါ။ ပြဿနာဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုအစီအစဉ်က တချို့အပိုင်းတွေမှာ သဘောတူညီမှု ရမှာပါ လို့ အများစုက ထင်ကြေးပေးကြပါတယ်။ ဒါပေမယ့် ရလာတာတွေက ဥရောပ ကော်မရှင်အဖို့ အကြီးအကျယ် မျက်နှာပျက်စရာ ကြုံရနိုင်တယ်လို့လည်း မှန်းနေကြပါတယ်။

မျက်နှာဘယ်လောက်ပျက်မလဲဆိုတာက လုပ်မယ်လို့ အရင်က ပြောထားတဲ့ အစီအစဉ်တွေ ဘယ်လောက် ကျန်ခဲ့သလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။