စားအုန်းဆီ ကုမ္ပဏီတွေရဲ့ ဒေသခံတွေအပေါ် ဒေါ်လာသန်းချီ ခေါင်းပုံဖြတ်မှုများ

ရေးသားခဲ့သည်။

BBC အင်ဒိုနီးရှားဌာနက မိုဟာမက်အီဟမ်၊အက်စ်တူဒက်စတာအာဂျန်ဂရာစထရီနဲ့ အာနီယာအာဆာကီယာတို့ရဲ့ အထူး ဆောင်းပါး

အော်ရန်ရင်ဘာမျိုးနွယ်စုဟာ အင်ဒိုနီးရှားက ခြေသလုံးအိမ်တိုင် မျိုးနွယ်စုတွေထဲက  တစ်ခုပါ
ဓာတ်ပုံ ပုံစာ, အော်ရန်ရင်ဘာမျိုးနွယ်စုဟာ အင်ဒိုနီးရှားက ခြေသလုံးအိမ်တိုင် မျိုးနွယ်စုတွေထဲက  တစ်ခုပါ

စျေးဝယ်စင်တာ စူပါမားကတ်တစ်ခုမှာ တစ်ခုခုဝယ်မယ်ဆိုရင် အဲ့ဒီပစ္စည်းထဲတွေထဲမှာ စားအုန်းဆီကို အသုံးပြုထားတာကို တွေ့ရမှာပါ။ပြီးတော့ အဲဒီစားအုန်းဆီတွေ ဘယ်ကလာလဲ ဆိုတဲ့ နောက်ကြောင်းရာဇဝင်ကို သေသေချာချာ လိုက်ကြည့် မယ်ဆိုရင်လည်း အင်ဒိုနီးရှားက ဆီအုန်းပင် တစ်ပင်ထိ ရောက်သွားပါမယ်။

Johnson & Johnson၊ Kellogg's နဲ့ Mondelēz တို့လို စားသောက်ကုန်နဲ့ လူသုံးကုန်ထုတ်တဲ့ လုပ်ငန်းကြီးတွေကို စားအုန်းဆီတင်သွင်းနေတဲ့ ကုမ္ပဏီတွေက ဌာနေ တိုင်းရင်းသားတွေဆီကနေ ဝင်ငွေဒေါ် လာသန်းပေါင်းများစွာ ခေါင်းပုံဖြတ်နေတယ်ဆိုတာကိုလည်း ဘီဘီစီရဲ့ စုံစမ်းထောက်လှမ်းလေ့လာမှုတွေအရ သိရပါတယ်။

မတ်ယာဒီဟာ မြစ်ကြောင်းတစ်လျှောက် လှံကိုကိုင်ပြီး အမဲလိုက်နေပေမယ့် ဒီနေ့မှာလည်း အခြားနေ့တွေတုန်းကလိုပဲ ဘာမှ မဖမ်းမိသေးပါဘူး။

“အရင်ကဆို ဒီနေရာတွေက တောဝက်တွေ၊ သမင်တွေ၊ သမင်နဲ့တူပြီး အပြေးမြန်တဲ့ တောဆိတ်တွေ၊ ဖြူကောင်တွေ အများကြီးရှိတဲ့နေရာ ” လို့ သူကပြောပါတယ်။

သူဟာ အိမ်ခြေအတည်ကျမရှိ စားကျက်အလိုက် လှည့်လည်နေထိုင်ကြတဲ့ အင်ဒိုနီးရှားက နောက်ဆုံး မျိုးနွယ်စု တစ်ခုဖြစ်တဲ့ Orang Rimba အောရန်ရင်ဘာ မျိုးနွယ်စုထဲက တစ်ယောက် ဖြစ်ပါတယ်။

သူတို့ ဆွေစဥ်မျိုးဆက် အဆက်ဆက် ဆူမတြားကျွန်းက တောထဲမှာနေထိုင်ကြပြီး ရော်ဘာခြစ်တာ၊ အမဲလိုက်တာနဲ့ အသီးအနှံတွေကို စုဆောင်းတာတွေနဲ့ အသက်မွေး နေထိုင်ကြပါတယ်။

သူတို့နေထိုင်တဲ့ Tebing Tinggiတီဘင်တင်ဂီ မြို့ အစွန်အဖျားနေရာကို ၁၉၉၀ ပြည့်လွန်နှစ်တွေက ဆီအုန်းစိုက်တဲ့ ကုမ္ပဏီတစ်ခု ရောက်လာခဲ့ပြီး သူတို့ကို ချမ်းသာ အောင်လုပ်ပေးမယ်၊ဒေသဖွံ့ဖြိုးရေးတွေပါ လုပ်ပေးမယ်ဆိုတဲ့ ကတိတွေ ပေးခဲ့ပါတယ်။

အဲ့ဒီအတွက် ဆီအုန်းကုမ္ပဏီက ရပ်ရွာကပိုင်တဲ့ ဘိုးဘွားပိုင်မြေတွေကို ထိန်းချုပ်မှာဖြစ်ပြီး ဆီအုန်းပင်တွေနဲ့ စိုက်ခင်းတစ်ဝက်ကျော်ကို သူတို့ကို ပြန်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ မတ်မာဒီယာ အပြောအရ သိရပါတယ်။ ဆီအုန်းပင်တွေစိုက်တဲ့ အကျိုးအမြတ်အနေနဲ့လည်း ဒေသခံတိုင်းရင်းသားတွေက သူတို့ အသီးအနှံတွေကို ကုမ္ပဏီကို ပြန်သွင်းပြီး နှစ်ဖက်အကျိုးအမြတ်တွေရမယ့် သဘောရှိပါတယ်။

အဲ့ဒီအချိန်ကနေ ၂၅ နှစ်ကြာတော့ ဆီအုန်းပင်တွေကြီးလာပြီး လိမ္မော်ရောင်တောက်တောက်အသီးတွေက ဆာလင်ကုမ္ပဏီအုပ်စုရဲ့ ဆီကြိတ်ဆုံတွေထဲကို‌ ရောက်သွားသလို အဲ့ဒီကနေတစ်ဆင့် ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စားအုန်းဆီဖြစ်လာပြီး အဲ့ဒီစားအုန်းဆီတွေကို Cadbury's chocolate, Pop-Tartsနဲ့ Crunchy Nut Clusters တို့လိုကုမ္ပဏီတွေက ဝယ်ကြပါတယ်။

ဆီတီမာနီနာဟာ  မြေပေါ်ကျလာတဲ့ စားအုန်းဆီသီးတွေကို ကောက်ပြီး အသက်မွေးနေရတဲ့သူပါ
ဓာတ်ပုံ ပုံစာ, ဆီတီမာနီနာဟာ  မြေပေါ်ကျလာတဲ့ စားအုန်းဆီသီးတွေကို ကောက်ပြီး အသက်မွေးနေရတဲ့သူပါ

ဒါပေမဲ့ မတ်ယာဒီအတွက်ကတော့ သူ့မျိုးနွယ်တွေကိုပေးမယ်လို့ ကုမ္ပဏီက ကတိပေးထားတဲ့ စိုက်ပျိုးဖို့ မြေလေးတစ်ကွက်တောင် အခုအချိန်ထိမရသေးပါဘူး။

အခုဆို သူ့မိသားစုဟာ ဆီအုန်းစိုက်ခင်းထဲက ယာယီတဲတစ်လုံးမှာ နေနေရပါတယ်။

"ကျွန်တော်တို့ကို ဘာမှပြန်မပေးဘူး၊ သူတို့ပဲ အကုန်လုံးယူသွားတာ "လို့ သူက ပြော ပါတယ်။

အော်ရန်ရင်ဘာ မျိုးနွယ်စုက အခြားလူတွေလိုပဲ သက်ကြီးပိုင်းအရွယ်ရောက်နေတဲ့ ဆီတီမာနီမာဟာလည်း ဆီအုန်းရိတ်သိမ်းချိန်ရောက်ရင် မြေပေါ်ကျလာတဲ့ အသီးတွေ ကောက်ယူရောင်းချပြီး အသက်မွေးနေရပါတယ်။

ကံကောင်းတဲ့နေ့ဆိုရင်တော့ သူ့မိသားစုအတွက် တစ်နေ့စာလုံလောက်မယ့် ဆန်နဲ့ ဟင်းသီးဟင်းရွက်တချို့ပဲ ဝယ်လို့ရမယ့် ငွေရတယ်လို့ ပြောပါတယ်။ အဲ့ဒီအတိုင်းအတာက သိပ်မများပေမယ့် လုံလောက်ပါတယ်လို့လည်း သူက ဆိုပါ တယ်။

“ဒါက နေရာတိုင်းမှာ ဖြစ်နေတဲ့ ဥပမာတစ်ခုပါ။ ကော်ပိုရေးရှင်းတွေက လောဘ ကြီးလွန်းတယ် ” လို့ စိုက်ပျိုးရေးနဲ့ သစ်တောကဏ္ဍကို ကြီးကြပ်နေတဲ့ အင်ဒိုနီးရှား ပါလီမန်အမတ် ဒန်နီရယ် ဂျိုဟန်က ပြောပါတယ်။

no tag

ဆီအုန်းစိုက်ခင်းတွေ စိုက်ပျိုးဖို့အတွက် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲတွေ ရှင်သန်နေတဲ့ သစ်တောတွေကို ရှင်းပစ်ရပါတယ်။တစ်ချိန်က တောအုပ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အင်ဒိုနီးရှား နိုင်ငံ ဘော်နီယိုကျွန်းနဲ့ ဆူမာတြားကျွန်းက နေရာတွေဟာလည်း အခုတော့ မိုင်ပေါင်းများစွာကျယ်တဲ့ စိုက်ခင်းတွေဖြစ်နေပါပြီ။

ဆီအုန်းပင်တွေစိုက်ဖို့ ကုမ္ပဏီတွေနဲ့ အပေးအယူလုပ်ထားတဲ့ထဲမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင်လုပ်မေးမယ်ဆိုတဲ့ ကတိပါပါတယ်။

ပြီးတော့ ဒေသခံတွေဆီကထောက်ခံမှုရဖို့နဲ့ အစိုးရ ငွေကြေးအထောက်အပံ့ရရှိဖို့အတွက်လည်း ပလာစမာလို့ လူသိများတဲ့ စိုက်ခင်းသစ်တွေ ဒေသခံရွာသူရွာသားတွေကို မျှပေးမယ်လို့လည်း ကုမ္ပဏီတွေက မကြာခဏ ကတိပေးလေ့ရှိပါတယ်။ ၂၀၀၇ ခုနှစ်ထဲမှာတော့ ကုမ္ပဏီတွေစိုက်တဲ့ စိုက်ခင်းအသစ်ရဲ့ ငါးပုံတစ်ပုံကို ရပ်ရွာကို မျှပေးရမယ်လို့ တရားဝင်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ အစီအစဉ်က ကျေးလက်နေလူထုကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်ဖို့ကူညီနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နှစ်စဉ် ဒေါ်လာ ၅၀ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာလည်း ကိုယ်ပိုင်ရှယ်ယာ ပါသလိုမျိုးဖြစ်လာမှာပါ။

ဒါပေမဲ့ ပလာစမာလို့ ခေါ်တဲ့စိုက်ခင်းအသစ်ရဲ့ ငါးပုံတစ်ပုံပေးဆောင်ဖို့ ကတိကဝတ်တွေနဲ့ တရားဝင်လုပ်ဆောင်ရမယ့်ကိစ္စတွေကို ပေးဆောင်ဖို့ ကုမ္ပဏီတွေ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ဆက်တိုက်ပေါ်ထွက် လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ကျယ်ပြန့်တဲ့ မိုးသစ်တောတွေနေရာမှာ ဆီအုန်းစိုက်ခင်းတွေ အစားထိုးဝင်ရောက်လာ
ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံက ကျယ်ပြန့်တဲ့ မိုးသစ်တောတွေနေရာမှာ ဆီအုန်းစိုက်ခင်းတွေ အစားထိုးဝင်ရောက်လာ

အဲ့ဒီပြဿနာ အတိုင်းအတာကို အသေအချာသိနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဘီဘီစီက စုံစမ်းထောက်လှမ်းရေးသားတဲ့ သတင်းအဖွဲ့ ၊The Gecko Projectနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းဝက်ဘ်ဆိုက် Mongabay တို့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်တော့ ဘော်နီယိုကျွန်း အလယ်ပိုင်း ကာလီမန်တန် ပြည်နယ် တစ်ခုတည်းမှာတင် ဟက်တာ တစ်သိန်းကျော်၊ ဧကနဲ့တွက်ရင် ဧကနှစ်သိန်း လေးသောင်း ခုနှစ်ထောင်ကျော် လော့စ်အိန်ဂျလိစ်မြို့ အကျယ်အဝန်းလောက်ရှိတဲ့ စိုက်ခင်းကပမာဏ ဒေသခံတွေကို ပေးဖို့ ပျက်ကွက်နေတာ တွေ့ရပါတယ်။

အဲ့ဒီ စားအုန်းဆီစိုက်ခင်းတွေကရမယ့် နှစ်စဉ် အမြတ်ငွေ ဒေါ်လာသန်း ၉၀ ခန့် ဒေသခံတွေ ဆုံးရှုံးနေရတယ်ဆိုတာလည်း ခန့်မှန်းတွက်ချက် လို့ရပါတယ်။ဒီပြည်နယ်က ဆီအုန်းစိုက်ခင်းပမာဏာဟာ အင်ဒိုနီးရှားမှာရှိတဲ့ ဆီအုန်းစိုက်ခင်းပမာဏရဲ့ ငါးပုံ တစ်ပုံပဲ ရှိပါသေးတယ်။

အင်ဒိုနီးရှားအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေကို လေ့လာဆန်း စစ်ကြည့်တော့ အခြားအဓိက ဆီအုန်းထုတ်လုပ်နေတဲ့ ပြည်နယ်တွေမှာလည်း အလားတူပြဿနာမျိုးတွေရှိနေပြီး ပလာစမာစိုက်ခင်းတွေ ပေးဖို့ အကြွေးတင်နေတာကြောင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းက ဒေသခံတွေ ဒေါ်လာသန်းရာနဲ့ချီပြီး နှစ်စဥ် ဆုံးရှုံးနစ်နာနေပါတယ်။

ဆီအုန်းသီး၁၀ ကီလိုလောက်ကောက်ရမှ တစ်နေ့စာစားစရာဝယ်ဖို့လုံလောက်တာပါ

ဓာတ်ပုံ ရင်းမြစ်, NOPRI ISMI

ဓာတ်ပုံ ပုံစာ, ဆီအုန်းသီး၁၀ ကီလိုလောက်ကောက်ရမှ တစ်နေ့စာစားစရာဝယ်ဖို့လုံလောက်တာပါ

ဒီပြဿနာရဲ့ အတိုင်းအတာက တရားဝင် အချက်အလက်ဖော်ပြထားတွေထဲမှာတင် ရှိတာမဟုတ်ပါဘူး။ စိုက်ခင်းတွေကို ရပ်ရွာကို မျှဝေပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေစုဆောင်းထားတဲ့ ဒေတာဘေ့စ်တစ်ခုကို ကျွန်တော်တို့ ဖန်တီးတည်ဆောက်ထားပါတယ်။

ယေဘုယျအားဖြင့် ပြီးခဲ့တဲ့၆နှစ်အတွင်း လစဥ်လတိုင်း ပလာစမာနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်ဆိုတာလည်း ဒီဒေတာ ဘေ့စ်မှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဆန္ဒပြပွဲတွေကို အင်ဒိုနီးရှားအစိုးရက အကြမ်းဖက်ဖြိုခွင်းမှုတွေ မကြာခဏလုပ်ခဲ့တယ်ဆိုတာကို လည်းတွေ့ရှိရပါတယ်။

ဆာလင်းအုပ်စုက အော်ရန်ရင်ဘာ လူမျိုးစုတွေကို ပလာစမာစိုက်ခင်းတွေပေးဖို့ သဘောတူညီချက်အသစ်တစ်ခုကို ဒေသခံနိုင်ငံရေးသမားတွေ ကြားဝင်ဖြန်ဖြေမှုနဲ့ ၂၀၁၅ခုနှစ်မှာ စာချုပ်တစ်ခုချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့၂၀၁၇ခုနှစ် ဇန်နဝါရီလအထိ အဲ့ဒီသဘောတူညီချက်က လက်တွေ့ အကောင်အထည် ပေါ်မလာသေးပါဘူး။ အဲ့ဒါတွေရဖို့ အော်ရန်ရင်ဘာ မျိုးနွယ်စုတွေ စောင့်နေခဲ့ရတဲ့ အချိန်ကလည်း အနှစ်နှစ်ဆယ်ကြာသွားပါပြီ။

ဒေသခံမျိုးနွယ်စုကလူတွေ ဆီအုန်းစိုက်ခင်းတွေထဲက ယာယီတဲတွေမှာ နေထိုင်ကြရ

ဓာတ်ပုံ ရင်းမြစ်, NOPRI ISMI

ဓာတ်ပုံ ပုံစာ, ဒေသခံမျိုးနွယ်စုကလူတွေ ဆီအုန်းစိုက်ခင်းတွေထဲက ယာယီတဲတွေမှာ နေထိုင်ကြရ

မျိုးနွယ်စုဝင်တစ်ချို့က မကျေမနပ်တွေဖြစ်ပြီး ကုမ္ပဏီပိုင်တဲ့ စိုက်ခင်းကို ဝင်ရောက် သိမ်းပိုက်ခဲ့ပေမယ့် ကုမ္ပဏီဘက်က သူတို့တဲတွေကို ပြန်ဖြိုဖျက်ခဲ့ပါတယ်။ အဲ့ဒီနောက် ရွာသားတွေက စိုက်ခင်းထဲက လုံခြုံရေးစခန်းကို မီးတင်ရှို့ပြီး ကုမ္ပဏီရုံးခန်း ပြတင်းပေါက်တွေကိုပါ ရိုက်ခွဲခဲ့ကြပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လူ ၄၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ “မေးခွန်းမမေးဘဲ သွေးထွက်သံယိုဖြစ်တဲ့အထိ အရိုက်ခံခဲ့ရတာ” လို့ အမျိုးသားတစ်ဦးက ဆိုပါတယ်။အဲ့ဒီထဲက ခုနစ်ဦးကို ကုမ္ပဏီပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဘက်ကို ဒီသတင်းနဲ့ပတ်သက်လို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။

“သူတို့ရဲ့ ခုခံတိုက်ခိုက်မှုတွေက ပိုတိုးလာတယ်။တစ်ခါတလေ သူတို့အသက် ကိုတောင် စွန်ဖို့ ဆုံးဖြတ်ထားကြပေမယ့် အဖြေကတော့ အခုထိထွက်မလာသေးဘူ။ ဒါက စနစ် ပျက်နေတယ်ဆိုတဲ့သဘောကို ပြနေတာ"လို့ ဆန္ဒပြပွဲအပြီး သိပ်မကြာခင်အချိန်မှာ Tebing Tinggiမြို့ကို တခြားလွှတ်တော် အမတ်တွေနဲ့အတူရောက်ခဲ့တဲ့ ဒန်နီရယ် ဂျိုဟန်က ရှင်းပြပါတယ်။

ဆန္ဒပြပွဲတွေအပြီးမှာ ဆာလင်းအဖွဲ့ကို ပါလီမန်ကော်မရှင်က အာရန်ရင်ဘာ လူမျိုးစုတွေ ပိုင်တဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်ပေးဖို့ တိုက်တွန်းခဲ့ပေမယ့် ငါးနှစ်ကြာတဲ့ အချိန်ထိတောင် ပြန်မရသေးဘဲ အခုအချိန်ထိ စောင့်နေရဆဲဖြစ်ပါတယ်။

ဆာလင်းအုပ်စုနဲ့ သူတို့ စိုက်ခင်းတွေကို ထိန်းချုပ်နေတဲ့ သူတို့ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီခွဲတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ ကြိုးစားဆက်သွယ်ခဲ့ ပေမယ့် တွေ့ဆုံဖို့သူတို့ဘက်က ငြင်းဆိုခဲ့ပါတယ်။

အော်ရန်ဂီ မျိုးနွယ်စုဝင် မတ်ယာဒီက ဆာလင်းအဖွဲ့ဟာ ကတိမတည်ဘူးလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, NOPRI ISMI

ဓာတ်ပုံ ပုံစာ, အော်ရန်ဂီ မျိုးနွယ်စုဝင် မတ်ယာဒီက ဆာလင်းအဖွဲ့ဟာ ကတိမတည်ဘူးလို့ ပြော

ကုမ္ပဏီက ကတိပေးထားတွေ ပျက်ကွက်တာကို ဒေသခံအသိုင်းအဝန်းက အစိုးရကို တိုင်ကြားတဲ့အချိန်မှာလည်း အစိုးရက ဖျန်ဖြေပေးရေးလုပ်ဖို့ကိုပဲ အဓိကအား ထားနေပေမယ့် ညှိနှိုင်းဖျန်ဖြေ ညှိနှိုင်းမှုရဲ့ ၁၄ရာခိုင်နှုန်းကိုသာ သဘောတူညီ အကောင်အထည်ဖော်နိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ပြည်နယ် Riau က စိုက်ခင်းရုံး အကြီးအကဲ ဆမ်ဆူလ်ကာမာကတော့ သူ့ကြီးကြပ်မှုအောက်မှာရှိတဲ့ ကုမ္ပဏီ ၇၇ခုမှာ ပလာစမာစိုက်ခင်းတွေနဲ့ ပတ်သက်လို့ "အပတ်တိုင်းနီးပါး" တိုင်ကြားချက် အသစ်တစ်ခု ရတယ် လို့ပြောပါတယ်။

ဒါပေမဲ့ သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေလိုပဲ သတိပေးချက်ထုတ်တာထပ် ပိုပြီး ဘာမှဆက်လုပ်တဲ့သူတော့ မဟုတ်ပါဘူး။

လူသုံးကုန်ထုတ်တဲ့ ကုမ္ပဏီကြီးတွေ အများစုကတော့ သူတို့ကိုတင်သွင်းတဲ့ ပစ္စည်းတွေကနေ လူတွေ “ခေါင်းပုံဖြတ်ခံနေရတာ ” ကို အမြစ်ဖြတ်ဖြေရှင်းသွား မယ်လို့ ကတိပြုထားပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ ပလာစမာစိုက်ခင်းတွေကနေ ဒေသခံအသိုတွေရမယ့် အမြတ်အစွန်းတွေကို ခေါင်းပုံဖြတ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ စားအုန်းဆီ ထုတ်လုပ်နေတဲ့သူတွေဆီက စားအုန်းဆီဝယ်နေတဲ့ Colgate-Palmoliveနဲ့ Reckitt အပါအဝင် အဓိကကုမ္ပဏီကြီး ၁၃ ခုရှိတယ်ဆိုတာ လေ့လာ တွေ့ရှိခဲ့ပါတယ်။

အရှေ့ ကလီမန်တန်ရှိ ဆီအုန်းစိုက်ခင်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, NANANG SUJANA

ဓာတ်ပုံ ပုံစာ, အရှေ့ ကလီမန်တန်ရှိ ဆီအုန်းစိုက်ခင်းတစ်ခု

Johnson & Johnson နှင့် Kellogg ကုမ္ပဏီတွေကလည်း အောရန်ရင်ဘာတွေရဲ့ မြေပေါ်မှာ ဆီအုန်းစိုက်ခင်းတွေစိုက်ထားတဲ့ ဆာလင်းအုပ်စုဆီက စားအုန်းဆီ ဝယ်ယူနေတာပါ။

စုံစမ်းစစ်ဆေးမှုတွေအရလည်း စားသောက်ကုန်ထုတ်တဲ့ ကုမ္ပဏီကြီးတွေက သူတို့ကို ပစ္စည်းသွင်းတဲ့ ကုမ္ပဏီတွေကို ဥပဒေလေးစားလိုက်နာဖို့ သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှားအစိုးရအရာရှိတွေ အပါအဝင် ပလာစမာစိုက်ခင်း စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်တယ်လို့ လူသိရှင်ကြားထုတ်ပြောထားတဲ့ ကုမ္ပဏီတွေနဲ့ ကွင်းဆက်ချိတ်ဆက်မှုတွေရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

Johnson & Johnson၊ Kellogg's နဲ့ Mondelēz ကုမ္ပဏီတွေဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လိုက်နာရမယ့် တရားဝင်ဝတ္တရားတွေကို မလိုက်နာလို့ ဖေဖော် ဝါရီလထဲမှာ ယာယီပိတ်သိမ်းခံခဲ့ရတဲ့ ဘော်နီယိုကျွန်းက စာအုန်းဆီ စိုက်ခင်းတွေကထွက်တဲ့ စားအုန်းဆီတွေဝယ်နေတာကို တွေ့ရပါတယ်။

ပလာစမာကိစ္စကို ပြတ်ပြတ်သားသား ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားအစိုးရရဲ့ ရှားရှားပါးပါး သာဓကတစ်ခုကတော့ နိုင်ငံရေးသမား ဂျာယာဆာမာရာမိုနွန်က စိုက်ခင်းတွေကထွက်တဲ့စားအုန်းဆီတွေတင်တဲ့ ကုန်တင်ကားတွေ မထွက်ဖို့ ရဲအစောင့်အကြပ်ချထားတဲ့ ကိစ္စပါ။

“သူတို့ကို ထိခိုက်နစ်နာစေနိုင်တဲ့ ခိုင်မာတဲ့ အရေးယူမှုမျိုး မရှိရင် သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး။ လျစ်လျူရှုနေကြမှာပဲ ”လို့ သူက ဆိုပါတယ်။

Johnson & Johnson ကုမ္ပဏီကလည်း "ဒီစွပ်စွဲချက်တွေကို အလွန်အလေး အနက်ထားပြီး နစ်နာချက်တွေ မကျေနပ်ချက်တွေ အတွက် စတင်လုပ် ဆောင်နေပြီ "လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပြီး နောက်ထပ်အဆင့်ကို ဆုံးဖြတ်လုပ်ဆောင်ဖို့ စားအုန်းဆီသွင်းနေတဲ့သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ Kellogg ကုမ္ပဏီကလည်း ပြောထားပါတယ်။

Cadbury's ချောကလက်တွေထုတ်တဲ့ Mondelēz ကလည်း "ပြဿနာကို ပိုမိုနားလည်ဖို့ နောက်ထပ် အများပြည်သူဆိုင်ရာ ကတိကဝတ်တွေနဲ့ပတ်သက်ပြီး အနာဂတ်မှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်တိုင်ပင်နေတယ်လို့ ဆိုပါတယ်။

" စုံစမ်းစစ်ဆေးတာတွေဆက်လုပ်ရင်း အစိုးရနဲ့ ပုဂ္ဂလိက သက်ဆိုင်သူတွေ အသီးသီးနဲ့လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ပြီး ဖြစ်လာနိုင်တဲ့ စနစ်ပိုင်း ဆိုင်ရာ ပြဿနာတွေဖြေရှင်းဖို့ အကြံပြုထားပါတယ်"လို့ Reckitt ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

အလားတူ Colgate-Palmolive ကုမ္ပဏီကလည်း သူတို့ကို စားအုန်းဆီသွင်းနေတဲ့ ကုမ္ပဏီတွေရဲ့ ပလာစမာစိုက်ခင်း ပေးဆောင်နေမှုအခြေအနေကို စစ်ဆေးဖို့ လုပ်ငန်းစဉ် ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။

စားအုန်းဆီစိုက်ပျိုးထုတ်လုပ်မှုကနေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာတွေ လုပ်ဆောင်ပေးမယ်လို့ ကတိပြုချက်ရထား

ဓာတ်ပုံ ရင်းမြစ်, NOPRI ISMI

ဓာတ်ပုံ ပုံစာ, စားအုန်းဆီစိုက်ပျိုးထုတ်လုပ်မှုကနေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာတွေ လုပ်ဆောင်ပေးမယ်လို့ ကတိပြုချက်ရထား

ဘော်နီယိုကျွန်းက စာအုန်းဆီစိုက်ခင်းတွေကို ပိုင်ဆိုင်တဲ့ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆီအုန်းထုတ်တဲ့ Golden Agri-Resources ဖြစ်ပြီး မြေဟက်တာ သန်းဝက်ခန့်မှာ သူတို့ပိုင်တဲ့ စားအုန်းဆီစိုက်ခင်းတွေရှိပါတယ်။

သူတို့ကုမ္ပဏီအနေနဲ့ ပလာစမာပေးဆောင်ဖို့ တရားဝင်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

ကတိကဝတ်တွေကိုလည်း လိုက်နာလုပ်ဆောင်ဖို့ ကြိုးစားနေရဆဲလို့ ကုမ္ပဏီက ဆိုပါတယ်။

ဒေသခံနိုင်ငံရေးသမားတစ်ဦးက ပိတ်ပစ်ခဲ့တဲ့ ဘောနီယိုကျွန်းက သူတို့လုပ်ငန်းခွဲဟာ လာမယ့်နှစ်မှာ ပလာစမာစိုက်ခင်းတွေကို စတင်စိုက်ပျိုးဖို့ မျှော်လင့်ထားတယ်လို့ လည်းပြောပါတယ်။

ကျွန်တော်တို့ရေးခဲ့တဲ့ Golden Agri-Resourcesနဲ့ အခြားကုမ္ပဏီတွေကို ပလာစမာအစီအစဥ်တွေလက်တွေ့ အကောင်အထည်ဖော်ဖို့ကိစ္စကလည်း မြေအလုံအလောက်ရရှိဖို့က စိန်ခေါ်မှု တစ်ခုအဖြစ်ရှိနေပါသေးတယ်။

ဒါပေမဲ့ ဘောနီယိုက နိုင်ငံရေးသမားဂျာယာကတော့ Golden Agri-Resources ကုမ္ပဏီအနေနဲ့သူတို့ပိုင်တဲ့ ကိုယ်ပိုင်မြေကို ဝေမျှဖို့ ကုမ္ပဏီကို တိုက်တွန်းထား တယ်လို့ သိရပါတယ်။

ဒီကိစ္စကလည်း ရိုးရိုးရှင်းရှင်းလေးပဲဆိုတော့ “သူတို့ဆီ နောက်ထပ်ဆင်ခြေတွေ ကျွန်တော် မကြားချင်တော့ဘူး။ ပလာစမာကို ပင်မစိုက်ခင်းနှင့် အပြိုင်တည်ထောင်ရမှာပေါ့ ၊ပင်မစိုက်ခင်းတစ်ခုဖြစ်လာပေမယ့် ပလာစမာစိုက်ခင်းက ဘာလို့ မဖြစ်လာတာလဲ " လို့ သူကရှင်းပြပါသေးတယ်။

သူတို့ရရမယ့် အမြတ်ဝေစုတွေရဖို့ အောရန်ရင်ဘာ လူမျိုးစုတွေ စောင့်နေရဆဲ့

ဓာတ်ပုံ ရင်းမြစ်, NOPRI ISMI

ဓာတ်ပုံ ပုံစာ, သူတို့ရရမယ့် အမြတ်ဝေစုတွေရဖို့ အောရန်ရင်ဘာ လူမျိုးစုတွေ စောင့်နေရဆဲ့

အင်ဒို အစိုးရက ကမ္ဘာလုံးဆိုင်ရာ စားသုံးဆီတင်ပို့မှု တားမြစ်ချက်ကို ရုပ်သိမ်းလိုက် ပြီးနောက် စားအုန်းဆီ ကမ္ဘာလုံးဆိုင်ရာ တင်ပို့ရောင်းချမှုကို တနင်္လာနေ့မှာ ပြန်လည် စတင်ခဲ့ပါတယ်။

ပြည်တွင်းစျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းလိုအပ်ချက်တွေ လုံလောက်စေဖို့ ကြိုးပမ်းမှုအနေနဲ့ ပြီးခဲ့တဲ့လနှောင်းပိုင်းက စားအုန်းဆီ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့တာပါ။

ကမ္ဘာ့စားအုန်းဆီဈေး စံချိန်တင်မြင့်တက်လာတာကြောင့် အင်ဒိုနီးရှားနိုင်ငံထဲက စားအုန်းဆီ အလုံးအရင်းနဲ့ ထုတ်တဲ့ကုမ္ပဏီတွေ ဒီနှစ်ထဲမှာ အမြတ်ငွေတွေ အများကြီးရခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ အချမ်းသာစာရင်းမှာလည်း စားအုန်းဆီကုမ္ပဏီတွေပိုင်တဲ့ သန်းကြွယ် သူဌေးတွေ ထိပ်ဆုံးမှာ ရောက်နေပါပြီ။ Golden Agri-Resourcesကုမ္ပဏီကိုပိုင်တဲ့ ဝီဂျာဂျာ မိသားစုဆိုရင် Forbes မဂ္ဂဇင်းရဲ့ အင်ဒိုနီးရှားက အချမ်းသာဆုံးစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆာလင်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် အန်ထိုနီဆာလင်း ကလည်း အင်ဒိုနီးရှားနိုင်ငံက အချမ်းသာဆုံးလူစာရင်းမှာ တတိယ နေရာမှာ ရှိပါတယ်။

ဒါပေမဲ့ အော်ရန်ရင်ဘာ လူမျိုးစုတွေကတော့ သူတို့ ကံကြမ္မာ ဘာဖြစ်လာမလဲဆိုတာ စောင့်နေရကြရဆဲ ဖြစ်ပါတယ်။

ဆီအုန်းပင်အောက်မှာ အဘွားဖြစ်သူ ကလင်း ရိုးရာသီချင်းတစ်ပုဒ်ကို သီဆိုနေပါတယ်။သူ့သီချင်း စာသားက “မြေးတွေ ကျန်းမာရင် ငါတို့ လည်းစိတ်ချမ်းသာတယ်” လို့သူက ရှင်းပြတယ်။

“ကျွန်မတို့ရဲ့မြေးတွေ တကယ်ရှင်သန်နိုင်ဖို့ ကျွန်မတို့ရဲ့ ဘိုးဘွားပိုင်မြေကို ကျွန်မတို့ဆီကို ပြန်ပေးကြပါ။ ကျွန်မတို့လိုချင်တာ ဒါပါပဲ ”