တိုက်ပြိုကျပြီး ပိတ်မိနေတဲ့ တရုတ် အမျိုးသမီးတယောက်ကို ၆ ရက်အကြာမှာ ကယ်ထုတ်နိုင်

ကြာသပတေးနေ့တုန်းက ပြန်ကယ်တင်နိုင်သူနဲ့ ဆိုရင် ကယ်တင်နိုင်သူ ၁၀ ယောက်ရှိပြီဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြာသပတေးနေ့တုန်းက ပြန်ကယ်တင်နိုင်သူနဲ့ ဆိုရင် ကယ်တင်နိုင်သူ ၁၀ ယောက်ရှိပြီဖြစ်
    • ရေးသားသူ, ပက်ထရစ် ဂျက်ဆင်
    • ရာထူးတာဝန်, BBC News
  • ရေးသားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ချန်းရှာမြို့မှာ ၆ ထပ်တိုက် တတိုက် ပြိုကျသွားပြီးတဲ့နောက် အပျက်အစီး အုတ်ပုံတွေအောက် ပိတ်မိနေတဲ့ အမျိုးသမီးတယောက်ကို တိုက်ပြိုကျပြီး ၆ ရက်မြောက်နေ့မှာ ကယ်ဆယ်ရေး သမားတွေ ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

ဒေသစံတော်ချိန် ဗုဒ္ဓဟူးညသန်းခေါင်ချိန် အလွန်လေးမှာ သူ့ကို ကယ်ထုတ်နိုင်တာဖြစ်ပြီး ကယ်ထုတ်ချိန်မှာ သူဟာ သတိရလျက်ရှိပါတယ်။ သူ့ကို ဘယ်လိုသယ်မယ်ဆိုရင် ကောင်းကောင်း မွန်မွန်နဲ့ ဘေးကင်းမယ်ဆိုတာကို သူက ကယ်ဆယ်ရေးသမားတွေကို အကြံပေးခဲ့တယ်လို့ အစိုးရပိုင် မီဒီယာက ထုတ်လွှင့်ပါတယ်။

သူအပါအဝင် လူ ၁၀ ယောက်ကို ကယ်တင်နိုင်ခဲ့ကြပေမယ့် ဒီအဖြစ်မှာ လူ ၅ ယောက် သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေဆဲပါ။

ဒီလူနေတိုက်ကို ဆောက်ခဲ့တဲ့ ကုမ္ပဏီက ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို ဘယ်လောက် လိုက်နာခဲ့သလဲ ဆိုတဲ့အပေါ် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ဒီအဖြစ်နဲ့ ပတ်သက်လို့ ဖမ်းဆီးထားတာတွေလည်း ရှိပါတယ်။

တရုတ်မှာ တချို့အဆောက်အဦတွေ ပြိုကျတဲ့ ကိစ္စတွေက ဆောက်လုပ်ရေးဆိုင်ရာ လုံခြုံရေး စည်းမျဉ်းတွေ အားနည်းတာ၊ ဒေသဆိုင်ရာ အရာရှိတွေက လာဘ်စားတာ စတာတွေကြောင့် ဖြစ်နေတာပါ။

ချန်းရှာက တိုက်ပြိုကျလို့ ပိတ်မိနေသူတွေကို ကယ်တင်ရတဲ့သူတွေဟာ ခေတ်သိပ် မမီတော့တဲ့ ရှေးရိုးနည်းလမ်းတွေ ဥပမာ၊ အသံပေးပြီး ဟစ်အော်မေးတာ၊ ပိတ်နေတဲ့ နေရာတွေကို ခေါက်ကြည့်တာ၊ အနံ့ခံ ခွေးတွေ သုံးတာ တွေသာမက ဒရုမ်းတွေကိုလည်း သုံးပါတယ်။

ကြာသပတေးနေ့ အစောပိုင်းက အသက်ရှင်လွတ်မြောက်လာနိုင်သူဟာ အပျက်အစီးပုံတွေ အောက်မှာ ၁၃၂ နာရီလောက် ပိတ်မိနေခဲ့တာပါ။

၈၈ နာရိကြာပိတ်မိခဲ့ပြီးနောက် လွတ်မြောက်လာတဲ့ နောက်အမျိုးသမီးတယောက်က သူ့မှာ ရှိနေတဲ့ ရေကို ဘယ်လို အချိန်ဇယားနဲ့ ချွေတာပြီးသောက်ခဲ့တယ်၊ ဘယ်လို နွေးအောင် နေတယ် စသဖြင့် ရှင်သန်အောင် သူ့ကိုယ်သူ ဘယ်လိုနေခဲ့တယ်ဆိုတာကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်ပိုင်းက တိုက်နောက်ဖက်ခြမ်း ပြိုကျသွားချိန်မှာ အဲဒီ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဟာ သူ့ အိပ်ရာထဲမှာ ရှိနေခဲ့တာပါ။

သူ့နေရာဟာ လေးထပ်ကနေ ပြိုကျခဲ့တာဖြစ်ပြီး နံရံတွေက အကုန်လုံး ပြိုမသွားတဲ့အတွက် သူ့ ခေါင်းအထက်မှာ ၃ မြှောင့်ပုံ အခန်းလေး တခုလို လွတ်ကျန်နေရစ်ခဲ့တယ်လို့ ဂလိုဘယ် တိုင်းမ်က ရေးပါတယ်။

ရေအိုးထဲမှာ ရေတဝက်လောက် ကျန်နေသေးတာက သူ့အသက်ရှင်နိုင်ဖို့ အရေးပါခဲ့ပါတယ်။ ရေက သိပ်မများတဲ့အတွက် တခါသောက်ရင် အာစွတ်ရုံ သောက်ခဲ့ရပြီး သူ့ကို ကယ်တင်နိုင်ချိန်မှာ ရေနည်းနည်း ကျန်နေပါသေးတယ်။ ဂွမ်းကပ်စောင်နဲ့ သူ့ကိုယ်သူ ပတ်ခြုံထားပြီး နွေးနေအောင် သူနေခဲ့ပါတယ်။

တိုက်ပြိုကျပြီးတဲ့နောက် အပျက်အစီးပုံအောက်မှာ သူ့ မိုဘိုင်းဖုန်းက အဆက်အသွယ်ပြတ်ပြီး လိုင်းဖမ်းလို့ မမိတော့ဘဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် နေ့တွေ၊ ရက်တွေကို မှတ်ထားနိုင် နေသေးပြီး ဖုန်းဘက်ထရီကုန်မသွားအောင် ကြိုးစား ထိန်းသိမ်းခဲ့တဲ့အတွက် ကယ်တင်နိုင်တဲ့အချိန်မှာ ဖုန်းက အလုပ်လုပ်နိုင်သေးတာကို တွေ့ရပါတယ်။

မာကျောတဲ့ အရာတခုကို ရှာ၊ သူ့နောက်က နံရံကို ခေါက်ပြီး သူ့ကို ကယ်ဖို့ အချက်ပြခဲ့ပါတယ်။ "အပြင်မှာ အသံတွေ ဆူနေရင် မခေါက်ဘူး၊ ဒါပေမယ့်ကယ်မယ့်သူတွေ နီးလာပြီလို့ ထင်ရင်၊ ဒါမှမဟုတ် အသံတွေ မဆူတော့ရင်ခေါက်တယ်၊ သိပ်မကြာခင်မှာပဲ တုံ့ပြန်တာကို ပြန်ရခဲ့တယ်" လို့ သူက ပြောပါတယ်။

"ချန်ရှားက မိန်းကလေး " ဇာတ်လမ်းက Sina Weibo လူမှုမီဒီယာမှာ တင်ကြတဲ့ ဒီ ၆ ထပ်တိုက်ပြို ဇာတ်လမ်းတွေထဲ လူတွေ စိတ်အဝင်စားဆုံး ဇာတ်လမ်းတွေထဲက တခုပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးကို အစွမ်းကုန် အင်နဲ့အားနဲ့ လုပ်ဖို့ ညွှန်ကြား ထားသလို၊ ဒီအဖြစ်နဲ့ပတ်သက်ပြီး အသေအချာ စုံစမ်းစစ်ဆေးဖို့ကိုလည်း အမိန့်ပေးထား ပါတယ်။

ဒီအဖြစ်နဲ့ ပတ်သက်ပြီး အနည်းဆုံး လူ ၉ ယောက်ကို ဖမ်းထားပါတယ်။ တိုက်ပြိုကျစေတဲ့ အမှုနဲ့ ၄ ယောက်ကို တရားစွဲထားပြီး ကျန် ၅ ယောက်ကိုတော့ အထောက်အထား အတု တွေတင်ပြခဲ့တဲ့ အမှုနဲ့ စွဲချက်တင်ထားပါတယ်။