သည်းထိတ်ရင်ဖို မှန်တံတားတွေ တရုတ်မှာ ပိတ်ထားလိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံ ဟဲပေ ပြည်နယ်က မှန်တံတားတွေ၊ မှန်နဲ့လုပ်ထားတဲ့ မိုးမျှော် လျှောက်လမ်း၊ ရှုခင်းကြည့်စင်မြင့် စတဲ့ နေရာ ၃၂ ခု စလုံးကို လုံခြုံရေး စစ်ဆေးဖို့အတွက် ပိတ်ထားလိုက်ပါပြီ။
အဲဒီ မှန်နဲ့တည်ဆောက်ထားတွေကို ၂၀၁၈ ခုနှစ် မတ်လ ကတည်းက စပြီး ပိတ်ထားတယ်လို့ တရုတ် အစိုးရမီဒီယာ စီစီတီဗီက ပြောပါတယ်။
ဒီအဆောက်အအုံတွေက ပြည်နယ်ထဲက နေရာ ၂၄ ခုမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေ အခုလို ပိတ်ထားတာကို အရင်က အခုလို လူအများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးတာမျိုး မလုပ်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံဟာ အခုလို ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မှန်နဲ့ဆောက်ထားတဲ့ နေရာတွေ နိုင်ငံရဲ့ နေရာ အနှံ့မှာ ရှိနေပါတယ်။
ဒါပေမဲ့ ဒီနေရာတွေမှာ မတော်တဆမှုတွေ ဖြစ်ခဲ့ပြီး အနည်း လူနှစ်ယောက်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
တရုတ် တစ်နိုင်ငံလုံးဆိုရင် မှန်တံတား စုစုပေါင်း ၂၃၀၀ အထိ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် အဲဒီစာရင်းထဲမှာ မပါသေးတဲ့ မှန်လျှောက်လမ်းလိုနေရာမျိုးတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်လို့ တရုတ် အစိုးရမီဒီယာ တစ်ခုဖြစ်တဲ့ ECNS က ပြောပါတယ်။
ဒီမှန် တံတားတွေကို သည်းထိတ်ရင်ဖိုစွန့်စားရတာ ကြိုက်တဲ့ ခရီးသွားတွေ နဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း ဆွဲဆောင်မှုကောင်းအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဟူနန်ပြည်နယ်က ကျန်းကျားကျိတံတားဟာ ၂၀၁၆ ခုနှစ် စဖွင့်ခဲ့တုန်းက ကမ္ဘာမှာ မှန်တံတားတွေထဲမှာ အမြင့်ဆုံးနဲ့ အရှည်ဆုံးတံတား ဖြစ်ခဲ့ပါတယ်။
အခုနှစ် အစောပိုင်းမှာ ကွမ်ရှီးပြည်နယ်က မှန်လျှောတံတား တစ်ခုကနေ ချော်ပြီး မြေပေါ်ပြုတ်ကျလို့ ခရီးသွားတစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။
မိုးရွာလို့ ပိုချောနေတဲ့ တံတားကြမ်းခင်းတွေကြောင့် ပုံမှန်ထက် မြန်မြန်လျှောကျရာက အကာမှန်ချပ်ကို တိုက်မိပေမဲ့ မှန်ချပ်ပါပြုတ်ကျလို့ အဲဒီခရီးသွားသေဆုံးခဲ့ပါတယ်။
အခု ဟဲပေးမှာ ပိတ်လိုက်တဲ့ တံတားတွေထဲမှာ ကမ္ဘာ့အရှည်ဆုံးမှန်တံတားဆိုတဲ့ ဟုန်ယာကု တံတားလည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလို မှန်နဲ့ဆောက်တဲ့ တံတားတွေ ပိတ်တာ ဒီပြည်နယ်တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံထဲက တံတားတချို့ကိုလည်း ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းမှာ အစိုးရက ဒေသဆိုင်ရာ ခရီးသွား အာဏာပိုင်အဖွဲ့တွေကို မှန်တံတားတွေရဲ့ လုံခြုံစိတ်ချရမှုကို သေသေချာချာ ပြန်စစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
တရုတ် ဆိုရှယ် မီဒီယာ ဝေဘိုမှာတော့ ဒီလို ပိတ်ခိုင်းတာကို ထောက်ခံနေကြပြီး ဒီလို စစ်ဆေးတာတွေ လုပ်ဖို့သင့်ပြီလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချို့ကတော့လည်း မှန်တံတားတွေ ဒီလောက် အများကြီးကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဆောက်ခဲ့တဲ့အပေါ် နားမလည် နိုင်အောင် ဖြစ်ရပြီး ဒါက ပိုက်ဆံတွေ ဖြုန်းနေတာပဲလို့ ပြောကြပါတယ်။
မှန်လျှောတံတားကြောင့် လူသေဆုံးတာဟာ ကွမ်ရှီးပြည်နယ်တင်မကဘဲ ဟဲပေးပြည်နယ်မှာလည်း ၂၀၁၇ ခုနှစ်မှာ ခရီးသွားတစ်ယောက် သေဆုံးတာ ဖြစ်ခဲ့ပါသေးတယ်။
၂၀၁၅ ခုနှစ်မှာတုန်းကလည်း ဖွင့်တာ နှစ်ပတ်ပဲရှိသေးတဲ့ မိုးမျှော် မှန်လျှောက်လမ်းတစ်ခု အက်ကွဲလို့ ခရီးသွားတွေ ကြောက်လန့်ထွက်ပြေးခဲ့ကြရပါတယ်။








