ရုရှားလူဦးရေပြဿနာကို ယူကရိန်းစစ်ပွဲက ပိုဆိုးစေမလား

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စု ဘဝကတည်းက ကလေးမွေးဖွားနှုန်း ကျလာနေတာ ဖြစ်ပြီး ၁၉၆၀ လောက်ကတည်းက အစဉ်တစိုက်နီးပါး ကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
လူဦးရေအရ ကြည့်မယ်ဆိုရင်လည်း ၁၉၆၀ လောက်မှာ လူဦးရေ သန်း ၁၂၀ လောက်ရှိတဲ့ ရုရှားလူဦးရေက ၂၀၁၆ လောက်ရောက်တဲ့အထိ သိသိသာသာ တိုးလာခြင်း မရှိပဲ သန်း ၁၄၀ လောက်အထိသာ ရှိနေပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ဆယ်စုနှစ်လောက်ဖြစ်တဲ့ ၂၀ဝ၀ ပြည့်နှစ်လောက်မှာဆိုရင် အမျိုးသမီးတဦးချင်း ပျမ်းမျှမွေးဖွားနှုန်းက ၁.၂ လောက်အထိကို ကျသွားခဲ့တာကို တွေ့ရပါတယ်။
ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် ကာလမှာ ပြုလုပ်ခဲ့တဲ့ အာဖဂန်ကျူးကျော်မှု နောက်ပိုင်းမှာဆိုရင်လည်း အခုလို ကလေးမွေးဖွားနှုန်းက ၂.၂ ကနေ ၁.၄ အထိ ထိုးကျသွားခဲ့တာကို တွေ့ရတဲ့အတွက် ယခု ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားလူဦးရေ တိုးတက်မှုနှုန်းကို ထိခိုက်စေမလားဆိုတာ သုံးသပ်စရာ ဖြစ်လာပါတယ်။
ပညာတတ်များ ပိုမိုထွက်ခွာသွားခြင်း
လက်ရှိ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် စတင်လိုက်တဲ့ နောက်ပိုင်းမှာ သောင်းနဲ့ချီတဲ့ ရုရှားပညာတတ် လူတန်းစား အများအပြားက ရုရှားကနေ တခြား နိုင်ငံတွေကို ပြောင်းရွှေ့သွားနေတာ တွေ့နေရပါတယ်။
အခုလို ထွက်ခွာသွားကြစေတဲ့ အကြောင်းအရင်းတွေကတော့ တချိန်မှာ စစ်သားအဖြစ် စုဆောင်းခေါ်ယူခံရမှာကို စိုးရိမ်မှု၊ အစိုးရနဲ့ နိုင်ငံရေး ရပ်တည်ချက် ကွဲပြားမှုနဲ့ စီးပွားရေး ကျဆင်းလာမှာကို စိုးရိမ်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားအစိုးရပိုင်း အနေနဲ့ကလည်း အထူးသဖြင့် သတင်းအချက်အလက်နဲ့ နည်းပညာ အိုင်တီအပိုင်းက ကျွမ်းကျင်သူတွေ ရုရှားက ထွက်ခွာနေကြတာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာပဲ အီလက်ထရွန်းနစ် ဆက်သွယ်ရေး ရုရှားအစည်းအရုံး ခေါင်းဆောင် ဆာဂေး ပလူဂို တရန်ကို က ရုရှား နည်းပညာ ကျွမ်းကျင်သူ ၇၀ဝ၀ဝ လောက်ဟာ ယူကရိန်းစစ်ပွဲ စပြီးနောက်ပိုင်း ထွက်ခွာသွားကြပြီ ဆိုပြီး ရုရှားပါလီမန် အစုအဖွဲ့တခုကို တင်ပြခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ ဧပြီလကုန်လောက်မှာ ဆိုရင် နောက်ထပ် နည်းပညာကျွမ်းကျင်သူ တစ်သိန်းလောက်အထိ ထွက်သွားကြနိုင်တယ်လို့လည်း သူက သတိပေးထားပါတယ်။
အခုလို ထွက်ခွာနေကြတယ် ဆိုတဲ့ ပမာဏဟာ ရုရှားလူဦးရေ တရပ်လုံးနဲ့ ယှဉ်မယ်ဆိုရင် မပြောပလောက်တဲ့ ပမာဏသာဖြစ်တယ် ဆိုတဲ့ သုံးသပ်သူတွေလည်း ရှိတယ် ဆိုပေမယ့် ရုရှားရဲ့ ရှိနေပြီးသား လူဦးရေ ကျဆင်းတဲ့ ပြဿနာကို ထပ်ပေးတဲ့ ဖိအားတခုတော့ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အချက်အလက်ရေးရာ ဂျာနယ်လစ်တဦးဖြစ်တဲ့ ဖက်ဒရီကာ ကော့ကို ကလည်း ရုရှားမှာ ၁၉၉၅ တဝိုက်က ဖြစ်ခဲ့တဲ့ စီးပွားပျက် ကပ်ဆိုက်မှုတွေကြောင့် အရက်စွဲနှုန်း မြင့်တက်မှု၊ မိမိကိုယ်ကို သတ်သေနှုန်း မြင့်တက်မှုတို့နဲ့အတူ မွေးဖွားနှုန်းကျဆင်းခဲ့တာကိုလည်း သတိချပ်ရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီ မွေးဖွားနှုန်း ကျသွားတဲ့ အကျိုးဆက်တွေက အခုထိ ရှိနေဆဲ ဖြစ်ပြီး ဒါ့ကြောင့်ပဲ လက်ရှိ အသက် ၂၀ နဲ့ ၃၀ ပတ်ဝန်းကျင် လူငယ် အရေအတွက် နည်းပါးနေရတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားရဲ့ ကလေးမွေးနှုန်း အတက်အကျ အခြေအနေ
ရုရှားရဲ့ ပြီးခဲ့တဲ့ အနှစ် ၃၀ ကာလအတွင်း ကလေးမွေးဖွားနှုန်း အတက်အကျဟာ နိုင်ငံရဲ့ စီးပွားရေး အတက်အကျနဲ့ တိုက်ရိုက် ဆက်စပ်နေခဲ့တာကို တွေ့ရတယ်လို့ ရုရှားနဲ့ အာရှအလယ်ပိုင်းအရေး ကျွမ်းကျင်သူ လက်စလေရု က ဆိုပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းနေတဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ ရုရှားရဲ့ ကလေးမွေးနှုန်းက အလွန်ကျနေခဲ့တာကို တွေ့ရပြီး ၂၀ဝ၅ ခုနှစ်နောက်ပိုင်း ရုရှားစီးပွားရေးတက်လာမှုနဲ့အတူ ကလေးမွေးဖွားနှုန်းပါ ပြန်တက်လာတာကို တွေ့ရမှာဖြစ်တယ်လို့ မစ္စ ရုက ဆိုပါတယ်။
၂၀၁၅ မှာ ရုရှားရဲ့ ကလေးမွေးဖွားနှုန်း ၁.၈ က ဥရောပက တစ်နိုင်ငံအနေနဲ့ အတက်ဘက်မှာ ရှိနေခဲ့ပေမယ့် ၂၀၁၄ ကရိုင်းမီးယားကို ယူကရိန်းဆီက ရယူပြီးနောက်ပိုင်း စီးပွားရေး ဒဏ်ခတ်ခံရမှုတွေကြောင့် ကလေးမွေးဖွားနှုန်း ပြန်ကျသွားခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အခုလို စီးပွားရေး ကျဆင်းမှုရဲ့ အကျိုးဆက်ကြောင့် ကလေးမွေးဖွားနှုန်းကျရုံသာမကပဲ ကျန်းမာရေးထိခိုက်ရတဲ့အတွက်လည်း လူဦးရေကို ပိုနည်းသွားစေတယ်လို့ မစ္စ ရုက ဆိုပါတယ်။
ရုရှားကို ပြည်ပက ဝင်ရောက်ခြင်း နည်းပါးမှု
မစ္စ ရု ရဲ့ ယူဆချက်အရ ရုရှားပြည်တွင်း စီးပွားရေး ယိုယွင်းမှုကြောင့် ရုရှားကို ပြည်ပက လာရောက် နေထိုင် လုပ်ကိုင်သူ အရေအတွက်လည်း နည်းသွားမယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ရုရှားနိုင်ငံကို အာရှ အလယ်ပိုင်းက နိုင်ငံတွေနဲ့ ကော့ကေးဆပ် တောင်ပိုင်းဒေသက နိုင်ငံတွေက လူတွေက ရုရှားကို အလုပ်လုပ်ဖို့ လာလေ့ရှိတာ ဖြစ်ပါတယ်။
အခုလို ပြည်ပက ဝင်ရောက်လာတဲ့ လူဦးရေက ရုရှားရဲ့ လူဦးရေ တိုးပွားမှုအတွက် အရေးပါရုံသာမက စီးပွားရေးအတွက်လည်း အတွက်လည်း အရေးပါရာမှာ ရုရှားစီးပွားရေး ထိခိုက်ရင် အဲဒီ အလုပ်သမားစေလွှတ်နေကျ နိုင်ငံတွေရဲ့ စီးပွားရေးပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အခုလို စီးပွားရေး ကျဆင်းမှုရဲ့ သက်ရောက်မှုတွေကို ယခင် ချို့တဲ့ ပြီးသားလူတွေ ပိုခံရမှာ ဖြစ်ပြီး အလုပ်ရရှိမှု ရာခိုင်နှုန်း ကျဆင်းမှုနဲ့အတူ လူနေမှု အဆင့်အတန်း ကျဆင်းမှုနဲ့ အစိုးရဘက်က အခွန်ကောက်ခံ ရရှိမှုနှုန်း ကျဆင်းမှုတွေပါ ဖြစ်စေနိုင်ပြီး အစိုးရဘက်က သုံးရတဲ့ လူမှုဖူလှုံရေးစရိတ်ပါ တက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားလူဦးရေ အနေအထား ဘယ်လို ဖြစ်လာနိုင်မလဲ
ရုရှားအစိုးရဟာ နိုင်ငံရဲ့ လူဦးရေ ကျဆင်းမှုအပေါ် စိုးရိမ်နေခဲ့တာ ကြာပြီ ဖြစ်ပြီး ယခင်က ဒုတိယမြောက်အထိ ကလေးအတွက်သာ အစိုးရက ထောက်ပံ့မှုလုပ်နေခဲ့တဲ့ အစီအစဉ်ကို ထပ်မံ တိုးမြှင့်ထားခဲ့တာ တွေ့ရပါတယ်။
ရုရှား သမ္မတ ပူတင်ဟာ ကလေးအမေဖြစ်လာသူတွေအတွက် ဖူလှုံရေး ခံစားခွင့် အသစ်တွေကို ၂၀၂၀ ဇန်နဝါရီလမှာပဲ ကြေညာထားခဲ့ပြီး ကလေးရှိတဲ့ မိသားစုတွေကို အခွန်လျှော့ပေးတာအပြင် ဝင်ငွေအလိုက် ခံစားခွင့်ပေးတာနဲ့ ကျောင်းတက်တဲ့ ကလေးအတွက် အစားအသောက် တာဝန်ယူတာတွေ တိုးလုပ်ခဲ့ပါတယ်။
ဒီလိုတွေ လုပ်ထားခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၆၀ဝ၀ဝ လောက်ရှိခဲ့ပြီး နှစ်စဉ် သေဆုံးနှုန်းက ပုံမှန်ထက် တစ်သန်းလောက် တိုးနေခဲ့တဲ့ အခြေအနေမှာရုရှားလူဦးရေ ကျဆင်းမှုကို အများကြီး ဆိုးမသွားအောင်ပဲ ထိန်းထားနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဒိန်းမတ်တောင်ပိုင်း တက္ကသိုလ်က လူဦးရေဆိုင်ရာ ကျွမ်းကျင် လက်ထောက် ပါမောက္ခ အီလျာ ခက်ရှနစ်စကီးက ဆိုပါတယ်။
အခုလို အခြေအနေတွေမှာ ရုရှားအနေနဲ့ ရေတိုမှာ ပြည်တွင်း နှစ်စဉ် လူသေဆုံးနှုန်း မြင့်တာ၊ စီးပွားရေး ပယ်ခွာခံရပြီး နိုင်ငံသားတွေ ပြည်ပထွက်ခွာကုန်တာတွေ ကြုံရပြီး လူနေမှု အဆင့်အတန်းလည်း နိမ့်ကျလာမယ့်အတွက် ရေရှည်မှာ ကလေးမွေးဖွားနှုန်း ကျဖို့ပဲ များမယ်လို့ မစ္စတာ ခက်ရှနစ်စကီးက ပြောပါတယ်။
မစ္စ ရု ကလည်း အခုလို သက်ကြီး လူဦးရေများလာတာနဲ့ မွေးဖွားနှုန်းကျဆင်းမှုက ရုရှား တစ်နိုင်ငံတည်းရဲ့ ပြဿနာ မဟုတ်ပေမယ့် အခြား ဖွံ့ ဖြိုးပြီး နိုင်ငံတွေမှာလို အကောင်းဘက်က တိုးတက်မှုတွေကြောင့် မဟုတ်တာက ပြဿနာ ဖြစ်နေတာလို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေမှာကတော့ ပညာရေး မြင့်လာတာ၊ ကျားမ ညီမျှလာတာနဲ့ လူတွေ မိသားစုအရွယ်အစား လွတ်လပ်စွာ ရွေးခွင့်ရလာတွေ စတဲ့ အကျိုးဆက်တွေကြောင့် လူဦးရေ အရွယ်အစား ကျုံ့တဲ့ ပြဿနာ ရှိနေတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေမှာ ပြဿနာရှိနေပြီးသား ရုရှားလူဦးရေ အခြေအနေအပေါ် အဆိုးသက်ရောက်မှု ပိုများစေတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို မလျော့လိုဘဲ အနစ်နာခံ ပိုတိုးစေခြင်းအားဖြင့် လက်ရှိရုရှားအစိုးရ ပြုတ်ကျဖို့ မျှော်လင့်နေတဲ့ သဘောထားရှိသူ ရုရှားနိုင်ငံသားတွေ ရှိနေတာကိုလည်း တွေ့ ရပါတယ်။








