ဥရောပသမဂ္ဂ ဝင်ဖို့ကြိုးစားနေတဲ့ ယူကရိန်း

လက်ရှိ ယူကရိန်းအစိုးရဟာ လာမယ့် ဇွန်လ နောက်ဆုံးထားပြီး ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် ဖြစ်လာဖို့ ရည်မှန်းနေရာမှာ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူကရိန်းကိုယ်စားပြု အီးယူ ကိုယ်စားလှယ်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။
အခုလို ပေးပို့ရတာဟာ ယူကရိန်း အီးယူအဖွဲ့ဝင်ဖြစ်လာဖို့အတွက် တရားဝင်လုပ်ရတဲ့ အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံသားတွေဟာ ဥရောပရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ခံစားမိနေကြတာ ကြာပါပြီလို့ ယူကရိန်းသမ္မတက ပြောဆိုခဲ့ပေမယ့်လည်း ယူကရိန်းဟာ အနောက်နိုင်ငံတွေနဲ့ ရုရှားအကြား တစ်ဖက်ဖက်လိုက်တော့မယောင် ဖြစ်နေခဲ့တဲ့ နိုင်ငံအဖြစ် အများယူဆခံရမှု ရှိနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်းနဲ့ ဥရောပတို့ ဘယ်လောက်အထိ နီးစပ်မှု ရှိထားပြီးပြီလဲ
ယူကရိန်းအနေနဲ့ အီးယူအဖွဲ့ဝင်သာ ဖြစ်လာမယ်ဆိုရင် လက်ရှိ စစ်ပြီးသွားတဲ့အချိန်မှာ ယူကရိန်းနိုင်ငံ ပြန်လည် တည်ဆောက်ရေးနဲ့ ခေတ်မီတိုးတက်ရေးတို့ လုပ်ဖို့အတွက် ယခင်က မရှိဖူးတဲ့ အခွင့်အလန်းတွေ ရလာမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။
ယူကရိန်းက လက်ရှိအခြေအနေမှာ အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးမှုတွေ လုပ်နေပြီး နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက်လည်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။
ဥရောပ ပါလီမန်ရဲ့ အချက်အလက်တွေအရဆိုရင် ယူကရိန်းရဲ့ နိုင်ငံတကာ ကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းဟာ အီးယူနဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။
အီးယူနဲ့ ယူကရိန်းနီးစပ်မှုက အခုလို စီးပွားရေးအရတင် မဟုတ်ပါဘူး။ ယူကရိန်းနိုင်ငံသားတွေ အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီကို လာချင်ရင် ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ လာလို့ရတာ ၂၀၁၇ ခုနှစ် ကတည်းက ဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ အီရားစမတ် ကျောင်းသား ဖလှယ်ရေး အစီအစဉ်အရလည်း ဥရောပကို လာရောက်ကြတဲ့ ယူကရိန်းကျောင်းသား အရေအတွက်က ၂၀၁၅ ခုနှစ်ကစပြီး ၁၁၅၀ဝ ရှိသွားပြီ ဖြစ်ပါတယ်။
အီးယူအနေနဲ့ ယူကရိန်းစီးပွားရေး လုပ်ငန်းတွေကိုလည်း ထောက်ပံ့ ကူညီနေရာမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို တိုက်ရိုက် ထောက်ပံ့တာ၊ ပြည့်မြဲစွမ်းအင် အခြေပြု အသုံးပြုရေးအတွက် ငွေကြေးထောက်ပံ့တာနဲ့ ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်မှုတွေ ခံသာအောင် စီးပွားရေးအရ ကူညီတာတွေ လုပ်နေပါတယ်။
အီးယူနဲ့ ယူကရိန်း သဘောတူညီချက်အရ ဆိုရင်လည်း စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ပညာရေးအပိုင်းတွေ အပါအဝင် နိုင်ငံရေးရော စီးပွားရေးပါ ပူးတွဲ လုပ်ဆောင်ဖို့ လုပ်ငန်းဆောင်တာတွေ ချမှတ်ပြီးသား ဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက်အရ ယူကရိန်းဘက်က ဒီမိုကရေစီအရ လုပ်ထုံး လုပ်နည်းတွေကို လေးစားလိုက်နာဖို့လည်း ပြန်လည် လိုအပ်ပြီး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ဖို့ လိုတဲ့အပြင် လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကိုပါ အလေးပေးရမှာ ဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်ကို ယခင် ရုရှားဘက်ယိမ်းတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယန်နူကိုဗစ်ချ်က ပယ်ချခဲ့အပြီး ၂၀၁၄ မှာ ယူကရိန်းမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ရာမှာသူလည်း ရုရှားကို ထွက်ပြေးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှားနဲ့ အနောက်နိုင်ငံတွေ လွန်ဆွဲမှုအကြားက ယူကရိန်း
ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုပြိုကွဲအပြီး ၁၉၉၁ ခုနှစ် အရောက်မှာ လွတ်လပ်ရေးရကာ အချုပ်အချာအာဏာပိုင်ဖြစ်လာတဲ့ နိုင်ငံဖြစ်ပါတယ်။
ဥရောပသမဂ္ဂ ဆိုတာကတော့ ၁၉၅၇ ခုနှစ်မှာ ရောမစာချုပ်နဲ့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး အဲဒီအချိန်က ဥရောပ စီးပွားရေး အသိုင်းအဝိုင်း လို့ ကနဦး အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အဖွဲ့အစည်းမှာဆိုရင် ခြောက်နိုင်ငံသာ ပါဝင်ပြီး ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ လတ်ဇင်ဘတ်ဂ်နဲ့ နယ်သာလန်တို့ ဖြစ်ကြပါတယ်။
၁၉၉၃ ခုနှစ်အရောက်မှာတော့ ၁၂ နိုင်ငံအထိ တိုးလာခဲ့ပြီး ၁၉၉၅ မှာ သြစတြီးယား၊ ဖင်လန်နဲ့ ဆွီဒင် တို့ထပ်မံ ပါဝင်ခဲ့ကြပါတယ်။
၂၀ဝ၄ မှာတော့ အရှေ့ ဥရောပက ၇ နိုင်ငံ အပါအဝင် ၁၀ နိုင်ငံ ထပ်တိုးလာခဲ့ပြန်ကာ ၂၀ဝ၇ နဲ့ ၂၀၁၃ ခုနှစ်တို့မှာ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ခရိုအေးရှားလို အရှေ့ ဥရောပနိုင်ငံတွေထပ်မံ ပါဝင်လာခဲ့ပါတယ်။
အခုလို အရှေ့ ဥရောပနိုင်ငံတွေ အီးယူအဖွဲ့ဝင် ဖြစ်လာမှုများလာတဲ့ ၂၀ဝ၄ နောက်ပိုင်းကာလမှာ ယူကရိန်းနိုင်ငံရေးမှာလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။
၂၀ဝ၄ နောက်ပိုင်း ဆန္ဒပြပွဲတွေနဲ့အတူ တက်လာတဲ့ ယူကရိန်းသမ္မတ ဗစ်တာ ယူကာရှန်ကို ဆိုရင် ယူကရိန်းဟာ ဒီမိုကရေစီကျတဲ့ ဥရောပနိုင်ငံတစ်ခုဖြစ်တယ်လို့ ကြွေးကြော်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရုရှားဘက်ယိမ်းတဲ့ ယန်နူကိုဗစ်ချ်ကို ရှုံးနိမ့်ခဲ့ပြီး အဲဒီ ခေါင်းဆောင်သစ်က အီးယူနဲ့ သဘောတူညီချက်တွေကို ပယ်ချခဲ့ရာမှာတော့ လက်ရှိ ယူကရိန်း မတည်ငြိမ်မှုတွေရဲ့ အစ ဖြစ်လာခဲ့ပါတော့တယ်။
ယန်နူကိုဗစ်ချ်က ဆန္ဒပြပွဲတွေကြောင့် ပြုတ်ကျခဲ့အပြီးမှာတော့ ပြည်တွင်း မတည်ငြိမ်မှုတွေလည်း ဖြစ်လာခဲ့ပြီး ရုရှားက ကရိုင်းမီးယားဒေသကို ဖဲ့ယူမှုနဲ့အတူ ယခု လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် ကြေညာလိုက်ကြပြီဖြစ်တဲ့ လူဟန့် က်စ်နဲ့ ဒွန်းနက်စ် ဒေသက ခွဲထွက်ရေးသမားတွေကိုလည်း ရုရှားက စတင်ထောက်ပံ့လာခဲ့ပါတယ်။
အဲဒီ ဒေသတွေဟာ ယူကရိန်းရဲ့ ကျောက်မီးသွေးနဲ့ သံမဏိ အစရှိတဲ့ စက်မှု လုပ်ငန်းတွေ ထွန်းကားတဲ့ နယ်ပယ်ဖြစ်ပြီး ယခင် ဆိုဗီယက်ပြည်ထောင်စု ရှိစဉ်က ရုရှားစကားပြော လုပ်သားတွေ လာရောက်လုပ်ကိုင်ကြတဲ့အတွက်လည်း ရုရှားနဲ့ နီးစပ်မှု ပိုရှိတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
ရုရှားကျူးကျော်မှုက ယူကရိန်းရဲ့ အနောက်နဲ့ နီးစပ်ဖို့ တွန်းအား ဖြစ်လာမလား
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ရုရှားရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းကို စတင် ကျူးကျော်လိုက်မှုကြောင့် အီးယူနဲ့ ပေါင်းစည်းဖို့ ကိစ္စ ပျက်ပြယ် မသွားတဲ့အပြင် ပိုလို့တောင် ခိုင်မာသွားတယ်လို့ ပြောဆိုခဲ့ပါတယ်။
အီးယူခေါင်းဆောင်တွေဘက်က ယူကရိန်းရဲ့ လိုလားချက်တွေကို လက်ခံ စဉ်းစားပေးနေပေမယ့်လည်း အချိန်ကာလ အပိုင်းအခြားနဲ့ ဘယ်တော့ လက်ခံမယ်ဆိုတာ ပြောကြားခြင်း မရှိသေးသလို လျင်လျင်မြန်မြန် လက်ခံရမှာကို မလိုလားတဲ့ ကျွမ်းကျင် သုံးသပ်သူတွေကလည်း ရှိနေပါတယ်။
ဒါ့အပြင် အခုလို အီးယူဝင်ဖို့ လျှောက်ထားပြီးသား နိုင်ငံတွေကလည်း အများအပြားရှိနေပြီး အယ်လ်ဘေးနီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီးယား နဲ့ တူရကီတို့ ဖြစ်ပါတယ်။
ဒါတင်မကသေးပြီး ယူကရိန်းကျူးကျော်ခံရပြီးနောက်ပိုင်း အီးယူအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားလိုက်တဲ့ နိုင်ငံကလည်း ယူကရိန်း တစ်နိုင်ငံတည်း မဟုတ်ဘဲ ဂျော်ဂျီယာနဲ့ မော်လ်ဒိုဗာ နိုင်ငံတွေကပါ လျှောက်ထားလိုက်ကြတာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ အခုလို အီးယူအဖွဲ့ဝင်ဖြစ်ဖို့ အများနည်းတူ အဆင့်ဆင့် ဖြတ်ကျော်ရတာကို နားလည်ပေမယ့် တခြားနိုင်ငံတွေ နှစ်နဲ့ချီပြီး ကြာတဲ့ လုပ်ငန်းစဉ်ကို တစ်ပတ်လောက်အတွင်း လုပ်နိုင်ခဲ့တဲ့အတွက် အီးယူဘက်ကလည်း မြန်မြန် ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။








