ပါကစ္စတန်ဝန်ကြီးချုပ် အီမရမ်ခန်း ရာထူးက ပြုတ်ကျသွားအောင်  ဘယ်အချက်တွေက စေ့ဆော်ခဲ့တာလဲ

အီမရန်ခန်းဟာ အခုအချိန်အထိ  စစ်တပ်ရဲ့  လျှို့ဝှက်ကျောထောက်နောက်ခံရှိနေတဲ့သူဖြစ်
ဓာတ်ပုံ ပုံစာ, အီမရန်ခန်းဟာ အခုအချိန်အထိ  စစ်တပ်ရဲ့  လျှို့ဝှက်ကျောထောက်နောက်ခံရှိနေတဲ့သူဖြစ်
ရေးသားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရမ်ခန်း ပါလီမန်မှာ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ရာထူးက ဖြုတ်ချခံလိုက်ရပါတယ်။ဒါဆိုရင် အဲဒီလို အခြေအနေထိရောက်သွားအောင် ဘယ်အချက်တွေက စေ့ဆော်ခဲ့တာပါလဲ

ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ်မှာ အရွေးခံရတဲ့အချိန်တုန်းက အရာအားလုံးနီးပါးက သူ့ဘက်ကို မျက်နှာသာပေးသလို ဖြစ်ခဲ့ပါတယ်။

သူဟာ နိုင်ငံ့သူရဲကောင်း ခရစ်ကက် ကစားသမားဘဝကနေ လူတွေ ချစ်ခင်တဲ့ နိုင်ငံရေးသမားတစ်ဦးကို ပြောင်းလဲလာခဲ့ပါတယ်။ နှစ်နဲ့ချီ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရအပြီးမှာတော့ ပါကစ္စတန်နိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အစဉ်အဆက် ကြီးစိုးလာခဲ့တဲ့ နိုင်ငံရေးပြိုင်ဘက်နှစ်ဦးရဲ့ နေရာမှာ သူအစားထိုး နေရာယူ လာနိုင်ခဲ့ပါတော့တယ်။

သူရဲ့ခိုင်မာတဲ့ အဂတိတိုက်ဖျက်ရေးသတင်းစကားတွေကို ကြီးမားတဲ့ ဆိုရှယ်မီဒီယာ လွှမ်းမိုးမှုတွေနဲ့အတူ လူတွေကြားထဲ နားဝင်ချိုမှတ်မိလွယ်တဲ့ သီချင်းတွေနဲ့ တက်ကြွ လှုပ်ရှားမှုတွေကို ခွန်အားသစ်တွေအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

"ပါကစ္စတန်နိုင်ငံသစ်" ကိုဖန်တီးပြီး တိုင်းပြည်ကိုလည်း "အပြောင်းအလဲ" အသစ်တွေ လုပ်ပေးမယ်လို့ မစ္စတာခန်း က ကတိပေးခဲ့ပါတယ်။

ပါကစ္စတန်မှာ ဘယ်ဝန်ကြီးချုပ်မှ ပါလီမန်သက်တမ်း ငါးနှစ်ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခွင့်မရခဲ့ကြဘဲ အီမရန်ခန်းကတော့ သက်တမ်းပြည့်ထမ်းဆောင်ခွင့်ရမယ့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာမယ့် အခြေအနေမျိုးအထိရောက်ခဲ့ပါတယ်။

သူ့ရာထူးက ပြုတ်ကျစရာအကြောင်းမရှိဘူးဆိုတဲ့ ယုံကြည်နေတဲ့အချက်ကပဲ သူ့ကျဆုံးမှုကို ကို ရှင်းပြဖို့ အကူညီဖြစ်လာပါတယ်။ နှစ်ဖက်စလုံးက ငြင်းထားကြပေမယ့် ပါကစ္စတန်ရဲ့ အင်အားကြီးစစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ သူအာဏာရလာတယ်ဆိုတာ အများစုက လက်ခံထားခဲ့ကြပြီး အခုအချိန်မှာတော့ အဲ့ဒီလိုအကူအညီရခဲ့တာတွေက သူ့ကျဆုံးမှုကို မတားဆီးပေးနိုင်ခဲ့ပါဘူး။

မစ္စတာခန်းဟာ ၂၀၁၈ ခုနှစ်မှာ သိသာထင်ရှားတဲ့ စစ်မှန်တဲ့ လူထုထောက်ခံမှုရခဲ့တယ် ဆိုတဲ့အချက် ကတော့ ငြင်းလို့မရပါဘူး။

ဒါပေမဲ့ ပါကစ္စတန်နိုင်ငံ "တည်ထောင်တဲ့သူတွေ" သို့မဟုတ် စစ်တပ်လို့ ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ကျောထောက်နောက်ခံလည်း သူ့မှာ ရှိခဲ့ပါတယ်။

ပါကစ္စတန်စစ်တပ်ဟာ နိုင်ငံတွင်းမှာရှိနေတဲ့ကိစ္စတော်တော်များများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဖြစ်စေ ထိန်းချုပ်ထားတာဖြစ်ပြီး၊ဝေဖန်သူတွေကတောင် အီမရန်ခန်းအစိုးရကို စစ်တပ်နဲ့ပေါင်းထားတဲ့ “နှစ်မျိုးစပ်အစိုးရ”လို့ တံဆိပ်ကပ်ခဲ့ကြတာရှိပါတယ်။

မစ္စတာခန်းကို ထောက်ခံမှုနဲ့ပတ်သက်ပြီး မတူညီတဲ့နည်းလမ်းတွေရှိတယ်လို့ ဥပမာ ပေးကြပါတယ်။

၂၀၁၈ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက သူ့ရဲ့ ပြိုင်ဘက်တွေ အပေါ်အားပေးထောက်ခံ ရေးသားဖော်ပြခဲ့တဲ့ မီဒီယာတွေရဲ့ ထုတ်ဝေဖြန့်ချိမှုကိုလျှော့ချခဲ့ပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအချို့ကိုလည်း သူ့ပါတီထဲကို ဝင်လာဖို့ အတင်းအကျပ်စည်းရုံးခဲ့ပါတယ်။

“သူတို့က သူ့ကို ဖန်ဆင်းခဲ့တာပါ။ပြီးတော့ သူတို့က သူ့ကို အာဏာရအောင်လုပ်ခဲ့ကြတာ ”လို့ စစ်တပ်ကိုရည်ညွှန်းပြီး အီမရန်ခန်းပါတီကနေ ဘက်ပြောင်းသွားသူတစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

အီမရန်ခန်း  ထောက်ခံသူတွေ မြို့တော် အစ္စလာမာဘက်မှာ စုဝေးနေကြစဥ်
ဓာတ်ပုံ ပုံစာ, အီမရန်ခန်း  ထောက်ခံသူတွေ မြို့တော် အစ္စလာမာဘက်မှာ စုဝေးနေကြစဥ်

သူ့ ရဲ့အဓိကပြိုင်ဘက် နာဝပ်ဇ်ရှာရစ်ဖ်ဟာ အရည်အချင်းမပြည့်မီဘူးဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်။

မစ္စတာ ရှာရစ်ဖ်ဟာ အရင်က အကျင့်ပျက်ခြစားမှုတွေမှာ အမှန်တကယ်ပါဝင်ပတ်သက်ခဲ့တယ်လို့ အများစုက သံသယရှိခဲ့ကြပေမယ့် အခုကိစ္စမှာတော့ စစ်တပ်က သူ့ကို အယုံအကြည်မရှိ မထောက်ခံတော့တဲ့ အချက်ကြောင့်ဖြစ်ပါတယ်။

သူ့ရဲ့ နိုင်ငံရေးသမားဘဝကို စစ်အာဏာရှင် ရှေ့ပြေးတစ်ဦးပုံစံမျိုးနဲ့ မစ္စတာ ရှာရစ်ဖ်က စခဲ့ပြီး နောက်ပိုင်းမှာတော့ ပိုမိုလွတ်လပ်လာတဲ့ ပုံစံတွေ၊ “ထူထောင်ရေး” ကိုအားပေးတဲ့ပုံစံမျိုးတွေ သူ လုပ်လာခဲ့ပါတယ်။

အဂတိလိုက်စားမှုမှာ သူလုံးဝမပတ်သက်ဘူးလို့ နာဝပ်စ်ရှာရစ်ဖ်က အမြဲတမ်းငြင်းဆိုခဲ့ပြီး သူ့ကိုစွပ်စွဲတာတွေက နိုင်ငံရေး လှုံ့ဆော်မှုကြောင့်လို့ ပြောနေပါတယ်။

အာဏာရလာပြီးနောက် မူဝါဒဆိုင်ရာဆုံးဖြတ်ချက်တွေ ချတဲ့အချိန်မှာလည်း သူနဲ့ပါကစ္စတန် စစ်တပ်ဟာ"တစ်ဖက်တည်း" မှာရှိတယ်လို့ မစ္စတာခန်းက ဂုဏ်ယူစွာ ကြွေးကြော်ခဲ့ပါတယ်။

မစ္စတာခန်းရဲ့ အစိုးရနဲ့ ထောက်လှမ်းရေးတွေက ဝေဖန်တဲ့ သတင်းထောက်တွေနဲ့ ဟောပြောတဲ့ သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာတဲ့ အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေကို စိုးရိမ်ပူပန်မှုတွေဖြစ်စေပါတယ်။

အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးစစ်တပ်နဲ့ ခန်းရဲ့အစိုးရအဖွဲ့ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုနေပေမယ့် အခုအချိန်ထိ တရားခံကို ဖော်ထုတ်လို့မရသေးပါဘူး။

အယုံအကြည်မရှိအဆိုတင်သွင်းတာဟာ အခြေခံဥပဒေနဲ့ညီတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက် အတိုက်အခံထောက်ခံသူတွေ တရားရုံးချုပ်အပြင်ဘက်မှာ အောင်ပွဲခံနေကြစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အယုံအကြည်မရှိအဆိုတင်သွင်းတာဟာ အခြေခံဥပဒေနဲ့ညီတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက် အတိုက်အခံထောက်ခံသူတွေ တရားရုံးချုပ်အပြင်ဘက်မှာ အောင်ပွဲခံနေကြစဥ်

အုပ်ချုပ်ရေးဘက်မှာ တိုးတက်မှုတွေရှိလာအောင် အာရုံစိုက်လုပ်ဆောင်မယ်လို့ မစ္စတာခန်းက ပြောခဲ့ပြီး၊ ဥပမာအားဖြင့် နိုင်ငံအနှံ့အပြားက ကျန်းမာရေး အာမခံအစီအစဉ်တွေ မိတ်ဆက်လုပ်ဆောင်တာ၊ လူမှုဖူလုံရေးစနစ်ကို အထင်ကြီးလောက်အောင် တိုးချဲ့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ အခြားနေရာမှာတော့ အဆင်မပြေဝေဖန်ထောက်ပြစရာတာတွေ ရှိခဲ့ပါတယ်။ အဓိကအားဖြင့် အတွေ့အကြုံမရှိ အရည်အချင်းမပြည့်မီတဲ့ လူအသစ်တစ်ယောက်ကို ပါကစ္စတန်နိုင်ငံရဲ့ လူဦးရေအများဆုံး ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့ အများစုရဲ့ လှောင်ပြောင်သရော်တာ ခံခဲ့ရပါတယ်။

သူရာထူးခန့်ထားတဲ့ အူစမန်ဘူစ်ဒါနေရာမှာ အခြားတယောက်ကို ခန့်ဖို့ မစ္စတာခန်းက လက် မခံတာနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်မှုတွေရှိနေပေမယ့် ဘူစ်ဒါဟာ နိမိတ်ကောင်း တစ်ခုဖြစ်ပြီး သူ့ကိုရာထူးကဖြုတ်လိုက်ရင် အစိုးရအဖွဲ့ တစ်ခုလုံး ပြိုလဲသွားမယ်လို့ ဗေဒင်ဆရာတစ်ယောက်က သူ့ဇနီးကို ဟောထားတဲ့တွက် ရာထူးကမဖြုတ်ဘဲ ဆက်ခန့်ထားရတာလို့ ကောလဟာလတွေကလည်း ပျံ့ခဲ့ပါတယ်။

အဲ့ဒါအပြင် တခြားစိန်ခေါ်မှုတွေလည်း သူ့မှာ ရှိခဲ့ပါသေးတယ်။ပါကစ္စတန်မှာ လူနေမှုစရိတ်တွေ တစ်ဟုန်ထိုးတက်လာပြီး အစားအသောက်ဈေးနှုန်းတွေကလည်း သိသိသာသာ မြင့်တက် လာတဲ့အတွက် ဒေါ်လာနှင့်ယှဉ်တဲ့ ရူပီငွေတန်ဖိုးကလည်း ကျဆင်းလာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အီမရန်ခန်းကို ထောက်ခံသူတွေက တကမ္ဘာလုံးက အခြေအနေကို အပြစ်တင်ပုံချကြပေမယ့် သူ့အပေါ်လူတွေရဲ့ မကျေမနပ်မှုကတော့ မြင့်တက်လာခဲ့ပါတယ်။

"ရှာရစ်ဖ်အစိုးရအဖွဲ့ကလူတွေတုန်းက သူတို့အိတ်တွေကို ပြည့်အောင် ဖြည့်သွားကြတယ်ဆို ပေမယ့် အနည်းဆုံးတော့ အလုပ်ကိုတော့ ပြီးအောင်လုပ်သွားကြသေးတယ်ဆိုတဲ့ စကားကလည်း အများစုကြားက ပုံမှန် ငြီးတွားတဲ့အသံတစ်ခု ဖြစ်လာပါတယ်။

ဒါပေမဲ့ အီမရန်ခန်းက စစ်တပ်အတွက် အကောင်းဆုံး လောင်းကြေးတစ်ခုတော့ အချိန်ကာလတစ်ခုအထိ ဖြစ်ခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာတော့ အထင်ကြီးလောက်စရာပုံစံ ပြနိုင်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှုအတွင်း လော့‌ဒေါင်းအပြည့်အဝ မလုပ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကလည်း ထင်ထားတာထက်တောင် သေဆုံးမှုနည်းခဲ့ပါတယ်။ ဘာကြောင့် အဲ့လိုလုပ်ရတာလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိကြပါဘူး။

ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါ(ဘယ်ဘက်)နဲ့ အီမရန်ခန်းတို့ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါ(ဘယ်ဘက်)နဲ့ အီမရန်ခန်းတို့ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်

တစ်ချိန်တည်းမှာလည်း စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါနဲ့ ထောက်လှမ်းရေးဌာန (ISI) အကြီးအကဲဒုတိယ ဗိုလ်ချုပ်ကြီး ဖိုင်စ်ဟာမက်တို့ကို သူ့အစိုးရအဖွဲ့ထဲမှာ ခန့်အပ်ခဲ့ တဲ့အတွက် သူ့ပြိုင်ဖက်အဖွဲ့တွေဆီက ဆန့်ကျင်မှုတွေကလည်း ပိုတိုးလာပါတယ်။ .

ပြီးခဲ့တဲ့နှစ်မှာတော့ အခြေအနေတွေကသိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ အထူးသဖြင့် ပန်ဂျပ်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးကောင်းကောင်းတစ်ယောက်မခန့်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်က သူ့ကို ပိုစိတ်ပျက်လာတာလို့ လေ့လာသူ အများအများစုက ဘီဘီစီကို ပြောခဲ့ကြပြီး သူအာဏာရ အုပ်ချုပ်နေတာနဲ့ ပတ်သက်ပြီး အတိုက်အခံတွေကလည်း လူသိရှင်ကြားဝေဖန် အပြစ်တင်မှုတွေလုပ်လာကြပါတယ်။

အရေးကြီးဆုံးအနေနဲ့ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါနဲ့ စစ်တပ်အကြီးအကဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖို့စ်ဟာမက်တို့အကြား အကွဲအပြဲတွေစတင်ဖြစ်လာခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီးဟာမက်ဟာ သူစစ်တပ်အကြီးအကဲဖြစ်လာမယ်လို့ အလွန်အမင်း ယုံကြည်ချက်ရှိနေပုံရပြီး အိမ်နီးချင်း အာဖဂန်နစ္စတန်က အရာရှိတွေကိုတောင် သူဟာ စစ်တပ် အကြီးအကဲဖြစ်လာမယ့်သူလို့ ထုတ်ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟာမက်ကို "မနှစ်မြို့စရာအလုပ်တွေ " ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်သူတစ်ဦးအဖြစ် ရှုမြင်ကြပေမယ့် ၊ နိုင်ငံရေးသမားတွေကို ကြိုးကိုင်တာ၊ဝေဖန်တာ တွေကို နှုတ်ဆိတ်နေတာနဲ့ပတ်သက်လို့ "စစ်တပ် ကို ဦးဆောင်ဖို့ " သင့်တော်တဲ့သူမဟုတ်ဘူး"လို့ ရှုမြင်ကြတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သူတစ်ဦးက ဆိုပါတယ်။

စစ်တပ်မှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်နှစ်ဦးကြားက တင်းမာမှုကို ပြီးခဲ့တဲ့ နွေရာသီမှာ သီးသန့် အပြန်အလှန် ဆက်ဆံမှုတွေမှာ သတိပြုမိခဲ့ကြပါတယ်။ သတင်းထောက်တစ်ယောက်က ထောက်လှမ်းရေးအကြီးအကဲ အတွက် အချိန်ကုန်သွားပြီလို့ မေးခွန်းတစ်ခုမေးခဲ့ပါတယ်။

“ကျွန်တော်က အကြီးအကဲပါ။ ဘယ်အချိန်မှာပြီးရမယ်ဆိုတာကျွန်တော် ဆုံးဖြတ်ပါမယ်”လို့ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါက မေးခွန်းကို အားလပ်ချိန်မှာ တိုတိုတုတ်တုတ် ပြန်ဖြေပါတယ်။

အငြင်းပွားမှုက အောက်တိုဘာလထဲမှာ ပိုကြီးလာပြီး အီမာရန်ခန်းပါ ပါလာပါတယ်။ ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါက ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲအသစ် တစ်ယောက်ခန့်ချင်တယ်လို့ နားလည်ခဲ့ပြီး စစ်တပ် ရာထူးအပြောင်းအလဲကို ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ဖိုင်စ်ဟာမက်နဲ့ ရင်းနှီးတဲ့ ဆက်ရေးရှိခဲ့တဲ့ မစ္စတာခန်းဟာ ရွေးကောက်ပွဲမပြီးမချင်း သူ့နေရာမှာ ဆက်ရှိစေချင်တယ်ဆိုတာ သိသာပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဟာမက်က မစ္စတာခန်းအောင်ပွဲရဖို့ နောက်တစ်ကြိမ်ကူညီနိုင်မယ်ဆိုတဲ့ ယူဆချက်ကြောင့်လည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ နောက်ဆုံးမှာတော့ ရာထူးက မဆင်းမီ သုံးပတ်နီးပါးကြာ ရာထူးအပြောင်းအလဲကို အတည်ပြုရန် တရားဝင်အကြောင်းကြားစာ ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ ပြီးတော့ စစ်တပ်နဲ့ အီမရန်ခန်းရဲ့ အစိုးရကြားက သိသာတဲ့ အက်ကြောင်းတွေက အတိုက်အခံတွေကို အားကောင်းသွားစေပါတယ်။

အတိုက်အခံတွေက အယုံအကြည်မရှိမဲ အဆိုတင်သွင်းဖို့ စတင်ကြံစည်ခဲ့ကြပြီး သူ့ပါတီက ထွက်ပြေးလာတဲ့သူတွေနဲ့ ညွန့်ပေါင်းမဟာမိတ်ပါတီတွေက သတင်းအရင်းမြစ်တွေ အများအပြားက ဘီဘီစီကို ပြောတာကတော့ စစ်တပ်က ဒီအချိန်မှာ စစ်တပ် “ကြားနေ” မှာလို့ ပြောကြ ပါတယ်။

သူနဲ့ အခြားလွှတ်တော်အမတ်တွေကို ထောက်လှမ်းရေးဌာနက ဖုန်းခေါ်ဆိုလေ့ရှိပြီး ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကိုပါပေးထားတယ်လို့ မစ္စတာခန်းပါတီက ထွက်လာတဲ့ ပါတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ အရင်က ထိန်းချုပ်ခံခဲ့ရဖူးတယ်" လို့ မကျေမနပ်လေသံနဲ့ သူကပြောပါတယ်။ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီးဖိုက်ဇ်ဟာမက် ရာထူးထွက်သွားပြီးတဲ့ နောက်မှာတော့ ထောကလှမ်းရေးဘက်က ဖုန်းခေါ်တာတွေ ဆက်မလုပ်တော့ဘဲ အခုဖြစ်နေတဲ့ကိစ္စမှာ စစ်တပ်က ဝင်မစွက်တော့ဘူးလို့ ဆက်ပြောပါတယ်။

စစ်တပ်ဟာ အီမရန်ခန်းရဲ့ မဟာမိတ်တွေနဲ့ အစိုးရထဲကပျော့ပြောင်းတဲ့သူတွေကို စီမံထိန်းချုပ်တဲ့ကိစ္စမှာ ပါဝင်ခဲ့တယ်ဆိုတာ စာနယ်ဇင်းသမား ကာမရန်ယူဆက်ကလည်း ဘီဘီစီကို ပြောခဲ့ပါတယ်။“စစ်တပ်က သူ့ကို ထောက်ခံမှု မရှိတော့တာနဲ့ သူ့ရဲ့ ကျဆုံးမှုကလည်း ဖြစ်လာ တာပဲ”လို့ ဆိုပါတယ်။

မစ္စတာခန်းနဲ့စစ်တပ်ကြားက နောက်ထပ်ကွဲပြားမှုတွေထဲက သိသာတဲ့ကိစ္စတစ်ခုကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပါတယ်။

ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲကို စတင်ကျူးကျော်ဝင်ရောက်တဲ့နေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို အလည်အပတ်ရောက်ရှိနေတာကို ခုခံကာကွယ်ခဲ့ပြီး သမ္မတဗလာဒီမာပူတင်ရဲ့ လုပ်ရပ်ကို ရှုတ်ချဖို့ အနောက်နိုင်ငံတာဝန်ရှိသူတွေရဲ့ ကြိုးပမ်းမှုတွေကိုလည်း သူက ပြတ်ပြတ်သားသား ပယ်ချခဲ့ပေမယ့် ရုရှားရဲ့ ကျူးကျော်မှုကို ချက်ချင်းရပ်ပစ်ရမယ်လို့ ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါ က ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့တာရှိပါတယ်။

ဒေသတွင်းပြိုင်ဘက် အိန္ဒိယနဲ့ ကုန်သွယ်မှု တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိရေး ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါရဲ့ ကြိုးပမ်းမှုကိုလည်း အစောပိုင်းမှာ အီမရန်ခန်း က ပယ်ချခဲ့တာရှိတယ်လို့ စာနယ်ဇင်းဆရာ မစ္စတာယူဆက်ဖ် ကပြောပါတယ်။

ရယ်စရာကောင်းတာက အရင်အရပ်သားအစိုးရတွေဟာ အိန္ဒိယနဲ့ ဆက်ဆံရေးတိုးတက်ဖို့ လုပ်ချင်တာတွေရှိခဲ့ပေမယ့် ပါကစ္စတန်စစ်တပ်ကမကြိုက်တဲ့အတွက် အဲဒီအဆင့်ကို မရောက်ခဲ့ပါဘူး။

ဒါပေမဲ့ မစ္စတာခန်းကတော့ သူရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေကို အရှုံးမပေးဘူးလို့ ထပ်တလဲလဲပြောနေဆဲဖြစ်ပါတယ်။ သူ့အစိုးရရဲ့ နိုင်ငံခြားရေးမှုဝါဒထဲမှာ အာဖဂန်နစ္စတန်က အမေရိကန် စစ်ပွဲအပေါ် ဝေဖန်မှုအပါအဝင် အနောက်အုပ်စုဆန့်ကျင်ရေးတွေရှိတာကြောင့် အမေရိကန် ဦးဆောင်တဲ့အဖွဲ့ကလုပ်တဲ့ ပါကစ္စတန်အစိုးရ အပြောင်းအလဲရဲ့ သားကောင်ဖြစ်ရတယ်လို့ သူကပြောနေပါတယ်။

ဝါရှင်တန်က ပါကစ္စတန်သံအမတ်က ပေးပို့တဲ့ သံတမန်ကြေးနန်းကို တမင်ချဲ့ကားပြောနေတာလို့ လေ့လာသုံးသပ်သူအများစုကပြောနေကြပြီး သူစွပ်စွဲပြောကြားနေတာတွေကို လက်မခံကြပါဘူး။

ဒါပေမဲ့ ဒီအချက်က မစ္စတာခန်းကို ထောက်ခံသူတွေကြားမှာ ပဲ့တင်ထပ်ပြောနေကြပြီး နိုင်ငံတွင်းမှာလည်း အမေရိကန်ဆန့်ကျင်ရေးတွေကို ပိုအားဖြည့်ပေးသလိုဖြစ်လာပါတယ်။

ပါကစ္စတန်စစ်တပ်ကလည်း "တိုင်းတပါးက လျို့ဝှက်လုပ်ဆောင်မှုတွေ " သို့မဟုတ် "တိုင်းတပါး က အကြံအစည်တွေ"ပူးပေါင်းကြံစည်မှုရှိတယ်လို့ ထပ်ခါတလဲလဲ သတိပေးနေ တာကြောင့် အခြေအနေကို မီးလောင်ရာလေပင့်ပေးသလိုဖြစ်နေပါတယ်။

"ချောင်ပိတ်မိနေတဲ့ကျားတွေလို တိုက်ခိုက်ကြဖို့ " သူ့ခရစ်ကတ်အသင်းသားတွေကို ပြောခဲ့ဘူးတဲ့ မစ္စတာခန်းဟာသူ့ အတိုက်အခံတွေကြားမှာလည်း ကြောက်စရာကောင်းတဲ့ လူအဖြစ် သတ်မှတ် ခံခဲ့ရဖူးတဲ့သူဖြစ်ပါတယ်။