ငြိမ်းချမ်းရေးအတွက်ကူညီပေးဖို့ ဆာဆာကာဝါ ကို ဦးမင်းအောင်လှိုင်ပြော

နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက်ကူညီပေးဖို့ ဆာဆာကာဝါ ကို ဦးမင်းအောင်လှိုင်ပြော၊ အားပြင်းကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်ရှိလာတဲ့သတင်းအပါအဝင် ဩဂုတ် ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းရခက်ခဲလို့ အညာရေဘေးကို မြို့ပေါ် ကူညီရေးအဖွဲ့တွေ မကူနိုင်ဖြစ်နေတယ်လို့ဆို
  • ရွှေဈေး တစ်ပတ်အတွင်း ကျပ် ၄ သိန်းပြန်တက်ပြီး ၁၆ ပဲရည် တစ်ကျပ်သား ပြင်ပပေါက်ဈေး ကျပ်သိန်း ၁၀၀ ကျော်ပြန်ဖြစ်လာ
  • အနောက်နိုင်ငံအများအပြားရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရှိနေတဲ့ မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တာက ထိုင်းကုမ္ပဏီတွေကို ဥပဒေကြောင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ မသေချာတဲ့စွန့်စားရမှုတွေ ဖြစ်လာစေမယ်လို့ ထိုင်းလွှတ်တော်အမတ်ပြော
  • သံတွဲမြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၄ ဦးရှိလာ၊ ဒဏ်ရာရသူ ၁၁ ဦးရှိတယ်လို့ အေအေထုတ်ပြန်
  • ချင်း၊ ကန်ပက်လက်မြို့နယ်ထဲ စစ်တပ်နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဆက်ရှိ စစ်တပ်လေကြောင်းဗုံးကြဲလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရ
  • ကိုလံဘီယာ သမ္မတ ဒီ လာ အက်စ်ပရီယဲလာအတွက် ငလျင်ဟာ သမ္မတသက်တမ်းအစမှာ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ဖြစ်လာ
  • အင်အားပြင်း ကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်လာပြီး ၇ ဒါဇင်ကျော်ထိခိုက်
  • ဆီးရီးယားသမ္မတဟောင်း အာဆတ် မျက်ကွယ်သေဒဏ်ချမှတ်ခံရ
  • ဂျပန်ဝန်ကြီးချုပ် ပေးခဲ့တဲ့ ဖရဲသီးလက်ဆောင်နဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ သဘောနဲ့ ဟာသပြောခဲ့တာအတွက် ဝေဖန်မှုတွေကို ဩစီဝန်ကြီးချုပ်ပယ်ချ
  • နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ကူညီဆောင်ရွက်ပေးဖို့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ ကို နေပြည်တော်က ဆွေးနွေး။
  • မြန်မာစစ်တပ်ဟာ ကုန်ကျစားရိတ် သက်သာတဲ့ စက်တပ်လေထီး ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဒရုန်းတွေကို အသုံးပြုပြီး ဗုံးတွေကို ကြဲချခဲ့တာလို့ IIMM က ဖော်ပြ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဩဂုတ် ၁၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အီရန်ခြိမ်းခြောက်လို့ အစားအသောက်တင်ကားနဲ့ လျှို့ဝှက်ရွှေ့ပြီး ထရမ့် လေယာဉ်ပြောင်းစီးရ

    အန်ကာရာကနေ ထွက်ခွာမယ့် Air Force One လေယာဥ်အဟောင်းဘေးမှာ အစားအသောက်တင်တဲ့ကားတွေ ရပ်ထားတာကို တွေ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Image

    ဓာတ်ပုံ ပုံစာ, အန်ကာရာကနေ ထွက်ခွာမယ့် Air Force One လေယာဥ်အဟောင်းဘေးမှာ အစားအသောက်တင်တဲ့ကားတွေ ရပ်ထားတာကို တွေ့ရပါတယ်။

    ပြီးခဲ့တဲ့လက တူရကီနိုင်ငံမှာ ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးကနေ ပြန်ထွက်ချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ဘက်က လာတဲ့ ခြိမ်းခြောက်မှုကြောင့် လေယာဉ်ကို လျှို့ဝှက်ပြောင်းစီးခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

    ဝါရှင်တန်ပို့စ်ရဲ့ ဖော်ပြချက်အရ ထရမ့်ဟာ ရုပ်မြင်သံကြားကင်မရာတွေ မြင်နိုင်တဲ့နေရာမှာ Air Force One ပေါ် တက်သွားခဲ့ပေမယ့် မကြာခင်မှာ လေဆိပ်က အစားအသောက်တင်တဲ့ကားထဲကို လျှို့ဝှက်ပြောင်းရွှေ့ပြီး စစ်ဘက်သုံးလေယာဉ်တစ်စင်းဆီ သွားခဲ့တာပါ။

    အဲဒီအချိန်မှာ သတင်းထောက်တွေနဲ့ အိမ်ဖြူတော်ဝန်ထမ်းတချို့က ထရမ့်ဟာ သမ္မတရဲ့ အဲဖို့စ်ဝမ်း - Air Force One လေယာဥ်ပေါ်မှာပဲ လိုက်ပါလာတယ်လို့ ယူဆနေကြတာပါ။

    အပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါတယ်။

  3. ဆီးရီးယားသမ္မတဟောင်း အာဆတ် မျက်ကွယ်သေဒဏ်ချမှတ်ခံရ

    သမ္မတဟောင်း ဘရှား အယ်လ်အာဆတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတဟောင်း ဘရှား အယ်လ်အာဆတ် (ပုံဟောင်း)

    ဆီးရီးယားတရားရုံးတစ်ခုက သမ္မတဟောင်း ဘရှား အယ်လ်အာဆတ်ကို ဆီးရီးယားပြည်တွင်းစစ်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သေဒဏ်ချမှတ်လိုက်ပါတယ်။ အာဆတ်က လက်ရှိ ရုရှားနိုင်ငံမှာ ရှိနေတာကြောင့် တရားရုံးက သူ့ကို မျက်ကွယ်နဲ့ စီရင်ခဲ့တာပါ။

    ၂၀၂၄ ခုနှစ်မှာ အာဆတ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ စစ်ရေးအရ အနိုင်ရပြီးနောက် အာဆတ်ဟာ မိသားစုနဲ့အတူ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။

    တရားရုံးအမိန့်မှာ အာဆတ်ဟာ လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဆီးရီးယားမှာ လူထုအုံကြွမှု စတင်ခဲ့တဲ့ ဒါရာပြည်နယ်မှာ အဲဒီအချိန်က အာဏာပိုင်တစ်ဦးဖြစ်ခဲ့တဲ့ အာဆတ်ရဲ့ ညီကိုဝမ်းကွဲ အာတစ်ဖ် နာဂျစ်ဘ်ကိုလည်း အရပ်သားတွေ၊ ကလေးတွေအပါအဝင် လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာနဲ့ သေစေလောက်အောင် ညှင်းပန်းနှိပ်စက်ခဲ့တာတွေအတွက် သေဒဏ်ချမှတ်ထားပါတယ်။

    နာဂျစ်ဘ်ကိုတော့ ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

    လက်ရှိ ဆီးရီးယားအသွင်ပြောင်းအစိုးရကတော့ အာဆတ်အစိုးရလက်ထက်က ထိပ်တန်းတာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ရင် ဖမ်းဆီးပြီး၊ နိုင်ငံခြားမှာ ရှိနေသူတွေကိုတော့ မျက်ကွယ်နဲ့ တရားစီရင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

  4. ဂျပန်ဖရဲသီးဟာသနဲ့ ပတ်သက်ပြီး ဩစတြေးလျဝန်ကြီးချုပ်တုံ့ပြန်

    မေလက မစ္စတာ တာကာအိချိ ဩစတြေးလျကို အလည်အပတ်သွား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မေလက မစ္စတာ တာကာအိချိ ဩစတြေးလျကို အလည်အပတ်သွား

    ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ပေးခဲ့တဲ့ ဖရဲသီးလက်ဆောင်နဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ သဘောနဲ့ ဟာသလုပ်ပြောခဲ့တာအတွက် တောင်းပန်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အဲလ်ဘနီးဇ်က ပယ်ချလိုက်ပါတယ်။

    ပေါ့ဒ်ကတ်စ် စကားဝိုင်းအစီအစဉ်တစ်ခုမှာ မစ္စတာ အဲလ်ဘနီးဇ်က သူ့ရဲ့လက်ကို ရင်ဘတ်အနီးမှာ မြှောက်ပြရင်း ဂျပန်ဝန်ကြီးချုပ်က သူ့ကို “ဖရဲသီးနှစ်လုံး” လက်ဆောင်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    အစီအစဉ်တင်ဆက်သူက အဲဒီဖရဲသီးလက်ဆောင်ကို လိင်ပိုင်းဆိုင်ရာသဘောနဲ့ ဟာသလုပ်ပြောဆိုခဲ့ပြီးနောက် မစ္စတာ အဲလ်ဘနီးဇ်ကလည်း အလားတူ လက်ဟန်နဲ့ ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီအပြန်အလှန်ပြောဆိုမှုတွေဟာ ဂျပန်ဝန်ကြီးချုပ်ကို စော်ကားတဲ့သဘော သက်ရောက်တယ်လို့ ဩစတြေးလျအတိုက်အခံတွေက ဝေဖန်ခဲ့ကြပါတယ်။

    ဒါပေမယ့် အဲဒီဝေဖန်မှုတွေကို ဩစတြေးလျပါလီမန်မှာ မစ္စတာ အဲလ်ဘနီးဇ်က ပယ်ချခဲ့ပြီး မစ္စတာ တာကာအိချိဟာ “ဩစတြေးလျရဲ့ မိတ်ဆွေဖြစ်သလို၊ ကျွန်တော့်ရဲ့ မိတ်ဆွေလည်း ဖြစ်ပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

    အဲဒီပေါ့ဒ်ကတ်စ် စကားဝိုင်းနဲ့ပတ်သက်ပြီး ဂျပန်အစိုးရဘက်ကတော့ တရားဝင် ကန့်ကွက်တာမျိုး မရှိသေးပါဘူး။ ဂျပန်အစိုးရဟာ အဲဒီပြောဆိုမှုတွေကို မကောင်းတဲ့သဘောထားနဲ့ ပြောဆိုတာလို့ မမြင်ဘူးဆိုတဲ့ ဂျပန်မီဒီယာတွေရဲ့ ဖော်ပြချက်တွေလည်း ရှိပါတယ်။

    ပြီးခဲ့တဲ့ မေလက မစ္စတာ တာကာအိချိ ဩစတြေးလျကို အလည်အပတ်လာတုန်းက အိမ်ရှင်ဝန်ကြီးချုပ် အဲလ်ဘနီးဇ်ကို ဂျပန်မှာ အလွန်တန်ဖိုးထားကြတဲ့ “တော်ဝင်ဖရဲ” အမျိုးအစား ဖရဲသီးနှစ်လုံး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဂျပန်တော်ဝင်ဖရဲတွေဟာ ပုံပန်းသဏ္ဍာန်လှပပြီး အရသာလည်း အလွန်ချိုတာကြောင့် တန်ဖိုးကြီးတဲ့ ဖရဲသီးတွေအဖြစ် လူသိများပါတယ်။ အထူးအလေးထားရတဲ့သူတွေကို လက်ဆောင်အဖြစ် ပေးလေ့ရှိတဲ့ ဖရဲသီးမျိုးလည်း ဖြစ်ပါတယ်။

  5. ငြိမ်းချမ်းရေးအတွက် ကူပေးဖို့ ဆာဆာကာဝါ ကို ဦးမင်းအောင်လှိုင်ပြော

    ဆာဆာကာဝါနဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, President Office

    ဓာတ်ပုံ ပုံစာ, ဆာဆာကာဝါနဲ့ ဦးမင်းအောင်လှိုင်

    နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ အထောက်အကူဖြစ်စေရေး နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တယ်ဆိုပြီး နေပြည်တော်က သတင်းထုတ်ပါတယ်။

    ဆာဆာကာဝါနဲ့ သြဂုတ် ၁၀ ရက်တွေ့ချိန်မှာ ဦးမင်းအောင်လှိုင်က မြန်မာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီလို့ဆိုပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

    ဆာဆာကာဝါ ရဲ့ နိပွန်ဖောင်ဒေးရှင်းက ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက်လည်းကူညီပေးသွားမယ်လို့ ပြောကြောင်းလည်း ထည့်ရေးထားပါတယ်။

    ဒါ့အပြင် မြန်မာက နည်းပညာတက္ကသိုလ်တွေမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ရေးဘာသာရပ်တွေ သင်ကြားနိုင်ရေးအတွက်လည်း နိပွန်ဖောင်ဒေးရှင်းက ကူညီသွားမယ်လို့ ဖော်ပြပါတယ်။

    မြန်မာမှာ စစ်အာဏာသိမ်းပြီး‌နောက် သူနဲ့နေပြည်တော်တို့ ဆက်ဆံရေးကို ဝေဖန်မှုတွေ ရှိနေပေမယ့် မြန်မာအရေးမှာ ဆိုင်းလင့် ဒီပလိုမေစီကိုပဲ အခိုင်အမာ ကိုင်စွဲမယ်လို့ ဆာဆာကာဝါ က ပြောဖူးပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းကာလက ရခိုင်စစ်ပွဲ အပစ်ရပ်သွားအောင် အဓိက ကြားဝင်ပေးခဲ့သူလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရတဲ့ ဆာဆာကာဝါ ရဲ့ အခုခရီးစဥ်က စစ်တပ်က ‌‌လေ‌ကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖိအား‌ ‌ပေးခံနေရတဲ့ ‌အာရက္ခတပ်တော်နဲ့ ကြားမှာ ညှိနှိုင်း‌‌ရေးလားလို့ သုံးသပ်ချက်တွေလည်းရှိပါတယ်။

    ဒါ‌‌ပေမဲ့ တရုတ် ကမကထလုပ်တဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေကလွဲလို့ တခြားဒေသတွင်းနိုင်ငံတချို့ ပါဝင်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ညှိနှိုင်းရေးလမ်းကြောင်းတွေက ခက်ခဲနေဦးမယ်လို့နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။

  6. မြန်မာစစ်တပ်က အရှိန်မြှင့်ဗုံးကြဲပြီးမှ ရွေးကောက်ပွဲလုပ်ခဲ့ - IIMM နှစ်ပတ်လည်အစီရင်ခံစာ

    ရခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း ( ပုံဟောင်း)

    မြန်မာစစ်တပ်ဟာ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေ ပိုတိုးမြှင့်လုပ်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂက ဖွဲ့ပေးထားတဲ့မြန်မာ့အရေးလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား - IIMM ရဲ့ နှစ်ပတ်လည်အစီရင်ခံစာက ထုတ်ပြန်ပါတယ်။

    အစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားကို စုံစမ်း ထားတာလို့ ဆိုပါတယ်။

    ဒါ့အပြင် မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ခိုက်နေကြတဲ့ ဘက်အသီးသီးဟာ စစ်ရာဇဝတ်မှုတွေနဲ့ အတူ၊ နှိပ်စက်ညှဥ်းပန်းမှု၊ လိင်ပိုင်း အကြမ်းဖက်မှုတွေလိုမျိုး ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေခဲ့ကြတဲ့ အချက်ကိုလည်း ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအပေါ် စုံစမ်းမှုတွေအရ တွေ့ရှိရတယ်လို့ IIMM က ဆိုထားပါတယ်။

    မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့ အသီးသီးက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ ပြင်းထန် ဆိုးရွားမှုတွေဟာ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ဆက်ပြီး မြင့်တက်နေခဲ့တာကို တွေ့ရှိရတယ်လို့ IIMM ရဲ့ အစီရင်ခံစာထဲ ရေးသားထားပါတယ်။

    အရပ်ဘက် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာထိုင်ခင်းတွေ၊ ဘာသာရေး ဆိုင်ရာအဆောက်အအုံတွေနဲ့ စစ်ဘေးရှောင် စခန်းတွေကို ပစ်မှတ်ထားပြီး မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်လေ့ ရှိတဲ့ အကြောင်း သက်သေ အထောက်အထားတွေနဲ့ တကွ IIMM အဖွဲ့ စိစစ် မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

    အစီရင်ခံစာပါ ယန္တရားရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်များအပါ အဝင် ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်က ရရှိတဲ့အချက်အလက်တွေအပြင် တခြားအထောက်အထားများစွာကိုအခြေခံထားတယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်ဟာ ကုန်ကျစားရိတ် သက်သာတဲ့ စက်တပ်လေထီး ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဒရုန်းတွေကို အသုံးပြုပြီး၊ အတော်လေး ခပ်နိမ့်နိမ့်ကနေ ပျံသန်းလို့ ပဲ့ထိန်းစနစ် မပါတဲ့ ဗုံးတွေကို ကြဲချခဲ့တာလို့ IIMM က ရေးသား ထားပါတယ်။

    စစ်ကိုင်းတိုင်းထဲက ဖြစ်ရပ်တချို့မှာ ဆိုရင်၊ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေ ကြိုတင် အကာအကွယ် မယူနိုင်အောင်၊ ပစ်မှတ်နေရာတွေကို မရောက်ခင် ရည်ရွယ်ချက်နဲ့ စက်တပ်လေထီးတွေ ကို တမင်သက်သက် ပိတ်ပြီး တိတ်တဆိတ် လေဟုန်စီး ဝင်လာကြတာမျိုးဖြစ်တယ်ဆိုတဲ့ သတင်းပေးပို့မှုတွေ အပေါ်မှာလည်း IIMM အဖွဲ့က စုံစမ်းနေတယ်လို့ ဆိုပါတယ်။

  7. ရေဘေးသင့်နေတဲ့ခင်ဦးမှာ လေကြောင်းဗုံးကြဲခံရ

    ခင်ဦးနယ်ထဲက ရေကြီးနေတဲ့ ရွာတစ်ရွာမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, ခင်ဦးနယ်ထဲက ရေကြီးနေတဲ့ ရွာတစ်ရွာမြင်ကွင်း

    ရေဘေးအဆိုးရွားဆုံးကြုံနေရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ကို စစ်တပ်က ဒီနေ့ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တတချို့က ပြောပါတယ်။

    ခင်ဦးမြို့နယ်ထဲက ကွမ်းတိုင်းကျေးရွာကို တိုက်လေယာဉ်နဲ့ ၃ ကြိမ်တိုက်ခိုက်ခံရပြီး ဈေးဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်အိမ်ကို ထိမှန်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    လက်ရှိမှာ ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။

    ဗုံးကြဲခံရတဲ့ရွာဟာ ခင်ဦးမြို့အရှေ့ဘက် ၂ မိုင်အကွာမှာရှိတဲ့ရွာဖြစ်ပါတယ်။ ခင်ဦးမြို့ပေါ်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ခင်ဦးမြို့နယ်ဟာ ရေဘေးကြုံနေရတဲ့ စစ်ကိုင်းတိုင်း ၁၀ မြို့နယ်မှာ အဆိုးရွားထိခိုက်တဲ့ မြို့ ၃ မြို့ထဲက တစ်မြို့ ဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်က ထုတ်ပြန်ထားပါတယ်။

    ‌နောက်ထပ် ၂ မြို့နယ်ကတော့ ကောလင်းနဲ့ ဒီပဲယင်းမြို့နယ်တို့ဖြစ်ပါတယ်။

    လက်ရှိ ခင်ဦးနယ် ရေဘေးသင့်နေတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ‌ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ် (လကရ)ကနေ အသေခံဒရုန်းတွေနဲ့ ခင်ဦးအရှေ့ခြမ်း ကျေးရွာတွေကို တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ခင်ဦးသတင်းတွေကိုဖော်ပြနေတဲ့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကနေ သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိ ခင်ဦးအနောက်ဘက်ခြမ်းက ရွာတွေထဲက မူးမြစ်ဘေး အနီးဆုံးရှိတဲ့ ရွာ ၅ ရွာကတော့ ရေလုံးဝ မကျသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ရွာပေါင်း ၁၉ ရွာမှာ ၁၄ ရွာမှာတော့ ရေအနည်းငယ် ပြန်ကျတယ်လို့ သူက ဆက်ပြောပါတယ်။

  8. စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းရခက်ခဲလို့ အညာရေဘေး ကူညီရေးအဖွဲ့စုံမကူနိုင်

    ဩဂုတ် ၈ ရက်က ရွှေဘိုမြို့နယ်ထဲ ရေကြီးနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေဘိုမြို့နယ် ပကဖ

    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၈ ရက်က ရွှေဘိုမြို့နယ်ထဲ ရေကြီးနေတဲ့မြင်ကွင်း

    စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေဘိုနဲ့ တန့်ဆည်လို မြို့ ‌ပေါ်တွေက အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေဘေးသင့်ကျေးရွာတွေကို သွားဖို့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ကာကင်းစခန်းတွေကို ဖြတ်သန်းနိုင်ရေး အခက်အခဲတွေရှိနေတယ်လို့ ပြောကြပါတယ်။

    ပုံမှန်အခြေအနေမှာတောင် စစ်တပ်ဂိတ်တွေမှာ လူနဲ့အတူ သယ်ယူမယ့် ပစ္စည်းတွေအပေါ် စိစစ်တင်းကျပ်နေတာကြောင့် အခုလို ပစ္စည်းတွေနဲ့သွားချိန်မှာ ပိုပြီးစစ်ဆေးခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတယ်လို့ ရွှေဘိုနဲ့ မုံရွာဒေသခံတချို့က သဘောထားတူစွာ ပြောကြပါတယ်။

    တန့်ဆည်မြို့နယ်က ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကလည်း မုံရွာနဲ့ စစ်ကိုင်းမြို့ပေါ်က ကူညီရေးအဖွဲ့တွေကို ရေဘေးကူညီဖို့ ချိတ်ဆက်မှုတွေရှိနေပေမယ့် တစ်ပတ်နီးပါးကြာတဲ့အထိ အကူအညီတွေရောက်မလာသေးဘူးလို့ ဆိုပါတယ်။

    ရွှေဘိုမြို့က ပရဟိတအဖွဲ့တစ်ခုကတော့ မြို့‌လေးဘက်လေးတန်က စစ်တပ် ဂိတ်တွေကပစ္စည်းတွေကို စိစစ်မေးမြန်းပြီး သတိပေးတာ၊ ဖမ်းဆီးတာတွေလုပ်နေတာကြောင့် မြို့ထဲကနေ ရေဘေးသင့်ရွာတွေကို သွားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။

    “အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဆိုရင် ခပ်များများသယ်ခွင့်မရှိဘူး။ ဆန်ဆိုရင်လည်း ဆန်ဆိုင်တို့ ဆန်လုပ်ငန်းရှင်တို့မဟုတ်ရင် တစ်အိတ်ထက်ပိုသယ်လို့မရဘူး။ကျွန်တော်တို့ သူတို့ဆီကနေ ဖြတ်ဖို့ခက်တယ်”လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။

    ရေကြီးနေတဲ့ စစ်ကိုင်း၊ မူးမြစ်ရိုးတစ်လျှောက်က ရွာတွေဟာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေမကြာခဏဖြစ်နေတာဖြစ်ပြီး စစ်တပ်ကလည်း လေကြောင်းတိုက်တာနဲ့ စစ်ကြောင်းထိုးတာလုပ်နေတဲ့ နေရာတွေဖြစ်နေပါတယ်။

    ဒါ့အပြင် ဒီဒေသတွေကို စစ်တပ်က ဖြတ်လေးဖြတ်စနစ်နဲ့ စနစ်တကျ ဖြတ်‌တောက်မှုတွေ လုပ်ထားတာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    တစ်ဖက်မှာလည်း ရေဘေးသင့်ရွာတွေမှာ ကယ်ဆယ်ရေးလှေ မလုံလောက်တာကြောင့် ယာယီရေဘေးရှောင်နေကြတဲ့ ဒေသအလိုက်က နေရာတွေကိုရောက်ဖို့အတွက် သွားရေးအခက်အခဲဖြစ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတချို့က ပြောပါတယ်။

    လက်ရှိ အညာက ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူဒေသအပါအဝင် နေရာတချို့မှာ မိုးတိတ်လို့ မြစ်ရေဆက်တက်လာတာ မရှိပေမယ့် ရွာအများစုမှာတော့ ရေနစ်မြုပ်နေတုန်းပဲလို့ အဲဒီနေရာက ဒေသခံတွေက ပြောပါတယ်။

    အလားတူ ဧရာ၀တီ၊ ဒုဋ္ဌဝတီ မြစ်ရေကလည်းတိုးနေလို့ အောက်ရေကထောက်နေတာကြောင့် သဖန်းဆိပ်ဆည်ကလွှတ်တဲ့ မူးမြစ်ရေပြန်ကျဖို့ကြာနိုင်တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ စစ်ကိုင်းတိုင်း မြို့နယ် ၁၀ ခုက လူပေါင်း ၂ သိန်း ၂ သောင်းကျော်ရှိတယ်လို့ မနေ့ ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

    စစ်ကိုင်းရေဘေးအတွက် NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ မနေ့ကတည်းက ကြေညာထားပါတယ်။

  9. ရွှေဈေး တစ်ပတ်အတွင်း ကျပ် ၄ သိန်းပြန်တက်ပြီး သိန်း ၁၀၀ ကျော်လာ

    ရန်ကုန်မြို့လယ်ခေါင်က ရွှေဆိုင်တစ်ဆိုင်မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်ခေါင်က ရွှေဆိုင်တစ်ဆိုင်မြင်ကွင်း (ပုံဟောင်း)

    ဒီနေ့ ဩဂုတ်လ ၁၁ ရက်မှာ မြန်မာ့ရွှေဈေးက ၁၆ ပဲရည် တစ်ကျပ်သားကို ပြင်ပပေါက်ဈေး ကျပ် သိန်း ၁၀၀ ‌ကျော်မှာရှိနေပြီး ဈေးပြန်တက်လာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ် ဩဂုတ် ၄ ရက်တုန်းကတော့ ၁၆ ပဲရည် တစ်ကျပ်သားကို ပြင်ပပေါက်ဈေး ကျပ် ၉၆ သိန်းကျော်ရှိရာကနေ ၄ သိန်းကျော် ဈေးထပ်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကတော့ ဒီနေ့ ဩဂုတ် ၁၁ ရက်အတွက် ၁၆ ပဲရည်တစ်ကျပ်သားကို တရားဝင်ဈေး ကျပ်သိန်း ၇၀ ရှိတယ်လို့ ကြေညာထားပါတယ်။

    ကမ္ဘာ့ ရွှေစျေးမြင့်တက်မှုကြောင့် မြန်မာ့ ရွှေဈေးပါ ပြန်တက်လာတာလို့ ရန်ကုန်မြို့ ရွှေဘုံသာလမ်း ရွှေစျေးကွက်က‌ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

    ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၄၀၀ ကျော်အထိရောက်ရှိခဲ့ပြီး ဒါဟာ သီတင်းပတ်၂ ပတ်အတွင်း အမြင့်ဆုံးတက်ခဲ့တဲ့ဈေးလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

    ကမ္ဘာ့ရွှေဈေးပြန်တက်နေချိန် ဈေးကွက်က ငွေကြေးဖောင်းပွမှုကို စောင့်ကြည့်နေပြီး ဖောင်းပွမှုပိုမြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေက အရှိန်အဟုန်နဲ့ ဝယ်ယူရာကနေ ဈေးပြန်တက်လာဖြစ်ပါတယ်။

  10. မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုက ထိုင်းကုမ္ပဏီတွေအတွက် သွယ်ဝိုက်ဘဏ္ဍာရေးဒဏ်ခတ်ခံရမှုဖြစ်နိုင်- ထိုင်းအမတ်အနုဆွန်တမချိုင်

    ထိုင်းလွှတ်တော်အမတ် အနုဆွန်တမာဟိုင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Anusorn Tamajai

    ဓာတ်ပုံ ပုံစာ, ထိုင်းလွှတ်တော်အမတ် အနုဆွန်တမာဟိုင် (ပုံဟောင်း)

    အမေရိကန်နဲ့ အနောက်နိုင်ငံအများအပြားရဲ့ မြန်မာမှာ စီးပွားရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ‌ကြောင့် မြန်မာမှာ ထိုင်းကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုလုပ်တာက ဥပဒေကြောင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ မသေချာတဲ့စွန့်စားရမှုတွေ ဖြစ်လာစေမယ်လို့ ထိုင်းပြည်သူ့ပါတီရဲ့ လွှတ်တော်အမတ် ထိုင်းအမတ်အနုဆွန်တမချိုင် က ပြောကြားလိုက်ပါတယ်။

    မြန်မာကစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွှယ်တယ်လို့ ယူဆခံရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကို အမေရိကန်နဲ့ အနောက်နိုင်ငံ‌တွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ထားတာဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံစီးပွားရေးဖိုရမ် ကနေ ထိုင်းက မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော် ရည်မှန်းထားတယ်လို့ ထုတ်ပြန်ခဲ့ပြီးချိန်မှာပဲ ထိုင်းအမတ်က အခုလို‌ပြောလာတာဖြစ်ပါတယ်။

    ထိုင်းသတင်းဌာန Transborder News နဲ့မေးမြန်းချိန် ထိုင်းအမတ်က အခုလိုဖြေကြားခဲ့တာဖြစ်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုကို အကျိုးအမြတ်တစ်ခုတည်းကြည့်ဖို့ မသင့်ကြောင်းကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

    မြန်မာမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ တိုက်တွန်းအားပေးတာတွေ လုပ်သင့်တယ်ဆိုတာကိုလည်း ထိုင်းအမတ်က ထည့်သွင်းပြောကြားပါတယ်။

    မြန်မာမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်ရေးကို ဦးမတည်နိုင်သရွေ့ မြန်မာမှာရင်းနှီးမြုပ်နှံတာနဲ့ စီးပွားရေးလုပ်ကိုင်ခြင်းတွေမှာ စွန့်စားမှုတွေ ဆက်ကြုံနေရမယ်လို့ သူက ဆက်ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း မြန်မာမှာ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ထိုင်းစီးပွားရေးအုပ်စုတွေအတွက် ရှင်းလင်းတဲ့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေ ချပေးဖို့လိုအပ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

    ထိုင်းဘက်က ရင်းနှီးမြှုပ်နှံမှုတွေဟာ “အာဏာရှင်စစ်အစိုးရကို အားကောင်းမလာစေဖို့နဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့ ဒါမှမဟုတ် အကြမ်းဖက်မှုကို ပိုပြင်းပြင်းထန်ထန်လုပ်နိုင်အောင် အားပေးရာရောက်တဲ့ အရင်းအမြစ်တွေမပေးဖို့ သေချာမှုရှိဖို့လိုပါမယ်” လို့ ထိုင်းအမတ်က ပြောတဲ့အကြောင်း ထိုင်းသတင်းဌာနက ရေးပါတယ်။

    ထိုင်းလွှတ်တော်အမတ် အနုဆွန်တမာချိုင်ဟာ ကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ဘဝကနေ ပါလီမန် အမတ် ဖြစ်လာသူတစ်ဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ Fordham တက္ကသိုလ်က စီးပွားရေးပညာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိထားပြီး စီးပွားရေးပညာရှင်ဖြစ်သလို ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ရန်ဆစ်- Rangsit တက္ကသိုလ်ရဲ့ စီးပွားရေးပညာဌာနမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

    သူဟာ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်းပါလီမန်အဆောက်အအုံထဲ ရောက်လာခဲ့ချိန်မှာလည်း “ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူသားဝါဒ”ဆိုပြီး အော်ဟစ်ဆန္ဒဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။

  11. ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး အီရန်က ထရမ့်ကို တောင်းဆိုတဲ့ ၆ ချက်

    ဟော်မုဇ်ရေလက်ကြားသရုပ်ဖော်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty

    ‌ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ချင်တယ်ဆိုရင် အမေရိကန်ဘက်က သဘောတူရမယ့် တောင်းဆိုချက်အချို့ကို အီရန်ဘက်က လူသိရှင်ကြား ထုတ်ပြောလိုက်ပါတယ်။

    အီရန် တောင်းဆိုတဲ့ အချက်တွေက ဘာတွေလဲ။ အမေရိကန်ဘက်က အဲဒီအချက်တွေကို လိုက်လျောပေးနိုင်ပ့ါမလား။

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  12. သံတွဲမြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၄ ဦးရှိလာ - အာရက္ခတပ်တော်

    သံတွဲလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားသူတချို့ရဲ့ ရုပ်အလောင်းတွေ

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, သံတွဲလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားသူတချို့ရဲ့ ရုပ်အလောင်းတွေ

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုမှာ သေဆုံးသူ ၁၄ ဦးအထိရှိလာပြီလို့ အေအေက ဒီနေ့ ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီကနေ့ မနက်ပိုင်း ထုတ်တဲ့ သေဆုံးသူအတည်ပြုချက် ‌နောက်ဆုံးရစာရင်းအရ ဗုံးကျည်ထိမှန်ဒဏ်ရာရတဲ့သူက ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

    စစ်တပ်က မနေ့ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းမှာ သံတွဲမြို့နယ်ထဲက ကျောက်ကြီးကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အေအေက ပြောပါတယ်။

    ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံနေအိမ် ၂၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    သံတွဲမြို့ကို စစ်တပ်က ဇူလိုင်ဒုတိယအပတ်ကနေ ဩဂုတ် ဒုတိလအပတ်အတွင်း ၁ လဝန်းကျင်အတွင်း လေကြောင်းကနေ ၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

    သြဂုတ် ၃ ရက်ကလည်း ငပလီမြို့ ဂျိတ္တော အမှတ် ၉ ရပ်ကွက်ကို တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံး ၆၀ လောက် ကြဲချတိုက်ခိုက်ခဲ့ သေးတယ်လို့ အေအေ က သတင်းထုတ်ထားပါတယ်။

    ရခိုင်က သံတွဲအပါအဝင် အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ၂၀၂၆ ခုနှစ်ထဲမှာပဲ စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ ‌အေအေ ထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။

    သံတွဲမြို့ အနောက်မြောက်ဘက် မိုင် ၁၅၀ ကျော်အကွာက ကျောက်ဖြူဘက်မှာလည်း စစ်တပ်နဲ့ အေအေတပ်တို့ကြား စစ်ရေးပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    မြန်မာစစ်တပ်ရဲ့ ဓညဝတီရေတပ်ဌာနချုပ်ရဲ့ ကာကင်းစခန်းလို့ ပြောရမယ့် တောင်မော်ဦးရေတပ်စခန်းကို အေအေက ဇွန်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကာကင်းစခန်းအားလုံးနီးပါးကို အေအေက သိမ်းပိုက်ထားပါတယ်။

    တစ်ဖက်မှာလည်း အေအေက သူထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေကို စစ်တပ်ရဲ့ လေကြောင်းနဲ့ ‌ရေကြောင်းရန်ကို အရင်ကာလတွေကထက် ပိုဂရုစိုက်နေကြဖို့ တိုက်တွန်းထားပါတယ်။

    မြန်မာစစ်တပ်ကတော့ သံတွဲမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်လို့ ဒီနေ့ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  13. စစ်ကိုင်း - စစ်ဘေးအပြင် အဆိုးဆုံးရေဘေးထပ်ကြုံနေရ

    စစ်ကိုင်းရေဘေး

    ဓာတ်ပုံ ရင်းမြစ်, မဟူရာနဲ့ ရွှေဘိုသားအဖွဲ့

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းရေဘေး

    စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသမှာ ရေဘေးကြုံလာတာကြောင့် ကူညီကယ်ဆယ်ရေးတွေ မနိုင်မနင်းဖြစ်နေပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ပေးဖို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

    ဘာကြောင့် ဒီလောက်အထိ အဆိုးရွားဆုံး ဖြစ်ခဲ့လဲ။

    စစ်ကိုင်းရေဘေး အပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။

  14. ချင်း၊ ကန်ပက်လက်တိုက်ပွဲတွေ ဆက်ပြင်းထန်, စစ်တပ်လေကြောင်းကြဲလို့ တော်လှန်ရေးရဲဘော် ၅ ဦး ဒဏ်ရာရ

    ကန်ပက်လက်က ဆေးပေးခန်း ဗုံးကြဲခံရပြီးနောက် တွေ့ရတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကန်ပက်လက်က ဆေးပေးခန်း ဗုံးကြဲခံရပြီးနောက် တွေ့ရတဲ့မြင်ကွင်း

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား ဒီနေ့ ဩဂုတ် ၁၁ ရက်အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “ကန်ပက်လက်နဲ့ ဆောမြို့ကြား ၆ မိုင်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတာ” လို့ သူကဆိုပါတယ်။

    ကန်လက်တိုက်ပွဲမှာ အာရက္ခတပ်တော်(အေအေ)နဲ့ ချင်းညီနောင်အဖွဲ့(CB) တို့အပြင် NUG လက်အောက်ခံတပ်တချို့နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တချို့တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

    မကွေး၊ ဆောမြို့ဟာ ကန်ပက်လက်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိပြီး ၁၂ မိုင်ကျော်ဝေးပါတယ်။ ဆောမြို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ဩဂုတ် ၇ ရက်တုန်းကတော့ မြို့နယ်ထဲမှာရှိတဲ့ ဆေးပေးခန်းတစ်ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ တော်လှန်ရေးရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    ဆေးပေးခန်းကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင် ဒေသခံအရပ်သားတွေကိုပါ ကုသမှုပေးနေတဲ့ ဆေးခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    အာရက္ခတပ်တော်(အေအေ)ကတော့ ကန်ပက်လက်မြို့နယ်ထဲမှာ ချင်းတပ်တွေနဲ့ပေါင်းပြီး တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့လတွေကတည်းက သတင်းထုတ်ထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ကန်ပက်လက်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ဩဂုတ် ၁၁ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  15. သမ္မတ တာဝန်ယူတာ သုံးရက်ပဲရှိသေးတဲ့ သမ္မတသစ်အတွက် အကြီးမားဆုံး အကျပ်အတည်းဖြစ်လာ

    ကိုလံဘီယာငလျင်မှာ ပြိုကျခဲ့တဲ့အဆောက်အအုံတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကိုလံဘီယာငလျင်မှာ ပြိုကျခဲ့တဲ့အဆောက်အအုံတစ်ခု

    ဥရောပသမဂ္ဂ(EU) ရဲ့ အကြီးအကဲကလည်း ကိုလံဘီယာ ငလျင်နောက်ဆက်တွဲရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ အသင့်ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။

    ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာက ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေကို တုံ့ပြန်နိုင်ဖို့ နိုင်ငံအဆင့် ဘေးအန္တရာယ်အခြေအနေ ကြေညာလိုက်ပါတယ်။

    အဲဒီလို ကြေညာလိုက်တာကြောင့် အရေးပေါ်အခြေအနေအတွက် ဘတ်ဂျက်တွေကို လိုအပ်သလို ပြန်လည်ခွဲဝေသုံးစွဲနိုင်မယ့် အထူးအာဏာတွေလည်း အစိုးရက ရရှိမှာဖြစ်ပါတယ်။

    သမ္မတအဖြစ် တာဝန်စယူတာ သုံးရက်ပဲရှိသေးတဲ့ သမ္မတ ဒီ လာ အက်စ်ပရီယဲလာအတွက်တော့ ဒီငလျင်ဟာ သူ့ရဲ့ သမ္မတသက်တမ်းအစမှာ ချက်ချင်းရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ဖြစ်လာပြီး သူ့ရဲ့ အုပ်ချုပ်ရေးသမိုင်းကို သတ်မှတ်ပေးနိုင်လောက်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

  16. အားပြင်းကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်ရှိလာ၊ ဒါဇင်‌နဲ့ချီ ဒဏ်ရာရ

    ကိုလံဘီယာငလျင်လှုပ်ခတ်ပြီးနောက် အ‌ဆောက်အဦထဲပိတ်မိနေတဲ့ မြို့ခံတွေကို ကယ်ဆယ်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကိုလံဘီယာငလျင်လှုပ်ခတ်ပြီးနောက် အ‌ဆောက်အဦထဲပိတ်မိနေတဲ့ မြို့ခံတွေကို ကယ်ဆယ်နေတဲ့မြင်ကွင်း

    ကိုလံဘီယာအနောက်ပိုင်း ဆန်ဟိုဆေး ဒယ်လ်ပါးမားဒေသ ကာလီမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၄ ရှိတဲ့ အားပြင်းထန်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးအထိရှိလာပြီလို့ ကိုလံဘီယာ သမ္မတ က ကြေညာလိုက်ပါတယ်။

    ဒေသစံတော်ချိန် မနေ့ ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်မှာ လူပေါင်း ၉၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငလျင်တစ်ခုကြောင့် ကာလီမြို့တွင်းမှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    လက်ရှိ ကိုလံဘီယာမှာ ငလျင်ကြောင့် အ‌ရေးပေါ်အခြေအနေကြေညာပြီး ကယ်ဆယ်ရေးတွေ ဆက်တိုက် ဆက်လုပ်နေတယ်လို့ ကိုလံဘီယာ ဒုသမ္မတက ပြောပါတယ်။ ကိုလံဘီယာမှာ လူ ၁၃၀ ကျော် သေဆုံးထားတဲ့ ငလျင်ကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းလောက်ဟာ အရမ်းပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန USGS က ပြောပါတယ်။

    အဲဒီငလျင်ဟာ အင်အား ၇ ဒသမ ၄ မဂ္ဂနီကျုဒ်ရှိပြီး မြေအောက်အနက် ကီလိုမီတာ ၁၀၀ လောက်မှာ ဖြစ်ခဲ့တာပါ။ တောင်အမေရိကတိုက်အောက်ကို နစ်ဝင်နေတဲ့ ပင်လယ်ကြမ်းပြင်အလွှာထဲမှာ ငလျင်လှုပ်ခဲ့တာလို့ USGS က ဆိုပါတယ်။

    ဒီလို မြေအောက်အနက်မှာ ဖြစ်တဲ့ ငလျင်တွေဟာ မြေမျက်နှာပြင်နဲ့ ပိုနီးတဲ့နေရာမှာ ဖြစ်တဲ့ ငလျင်တွေလောက် အန္တရာယ်မများတတ်ပါဘူး။ ဒါပေမဲ့ ဒီငလျင်ဖြစ်ခဲ့တဲ့ ပြတ်ရွေ့ကြောရဲ့ သဘောသဘာဝကြောင့် ထွက်လာတဲ့ ငလျင်စွမ်းအင်ဟာ အဆောက်အအုံတွေကို ပျက်စီးစေနိုင်တဲ့ ကြိမ်နှုန်းနဲ့ ထွက်ပေါ်ခဲ့တာကြောင့် ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ USGS က ပြောပါတယ်။

    လက်ရှိ ငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသမှာ ၁၉၉၀ ပြည့်နှစ်လွန်တုန်းကလည်း အင်အားပြင်းငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် အဲဒီနောက်ပိုင်းကစလို့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံဆောက်လုပ်ရေးဆိုင်ရာ စည်းကမ်းတွေ တင်းကျပ်ထားတာမျိုးရှိတယ်လို့ ကိုလံဘီယာနိုင်ငံသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါပေမဲ့ ငလျင်လှုပ်ခတ်နေချိန်မှာပဲ လူနေအိမ်အဆောက်အအုံ ၃၂ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့တယ်လို့ ကာလီမြို့တော်ဝန်ကပြောပါတယ်။ ကာလီမြို့ရဲ့ မြို့လယ်ခေါင် ဗိုလီဘာရင်ပြင်နားမှာလည်း အဆောက်အဦတစ်ခုပြိုကျခဲ့ပါတယ်။

    ဒီငလျင်ပြီးတဲ့နောက် ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ယူကရိန်းစတဲ့ နိုင်ငံတွေကနေ ကိုလံဘီယာနဲ့အတူရပ်တည်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပေးပြီး အကူအညီတောင်းခံတာတွေ လုပ်နိုင်တယ်လို့ အသီးသီးထုတ်ပြောထားကြပါတယ်။

  17. မင်္ဂလာပါ။ ဩဂုတ် ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။