"တိရစ္ဆာန်တွေရဲ့ အော်သံက လေကြောင်းသတိပေး ဥသြသံထက် စိတ်ခြောက်ခြားစေတယ်"

တိရစ္ဆာန်တွေအရေး ရတက်မအေးရ

ဓာတ်ပုံ ရင်းမြစ်, Wild Animals Shelter

ရေးသားခဲ့သည်။

ယူကရိန်းမြို့ကြီးတွေကို ရုရှားက ဆက်တိုက်တိုက်ခိုက်မှုတွေ လုပ်နေတဲ့အချိန်မှာပဲ တိရစ္ဆာန်ရုံတွေ၊ ပန်းခြံတွေ၊ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွေမှာ ရှိနေကြတဲ့ ထောင်ချီတဲ့ တိရစ္ဆာန်တွေဟာ အအေးဒဏ်၊ ဆာလောင်မွတ်သိပ်မှုဒဏ်တွေကို ခံနေရပြီး စိတ်ဒဏ်ရာတွေလည်း ရနေကြပါတယ်။

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ဟားကိဗ်မြို့နားမှာ တောအုပ်ပန်းခြံတစ်ခုဖွင့်ထားတဲ့ ဗီတာလီ အီလ်ချင်ကိုက ပန်းခြံရဲ့ တစိတ်တပိုင်းကို ရုရှားတပ်တွေ ဝင်တပ်စွဲ နေရာယူထားပြီး တိရစ္ဆာန်တွေဆီ အစားအစာသွားပို့ဖို့ ကြိုးစားတဲ့ သူ့ဝန်ထမ်းသုံးယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီဒေသပတ်ဝန်းကျင်မှာ သူတို့ဟာသူတို့ အစာရှာဖွေစားသောက်ရင်း ရှင်သန်နိုင်ကြတဲ့ သမင်တချို့၊ ဒရယ်ကြီးတွေနဲ့ ဝံပုလွေနီတွေကို ငှက်တချို့နဲ့အတူ ခြံဖွင့်ပြီး လွှတ်ပေးလိုက်ရတယ်လို့ သူကပြောပြပါတယ်။

ဒါပေမဲ့ သူ့ ပန်းခြံထဲမှာရှိတဲ့ ခြင်္သေ့တွေ၊ ကျားတွေနဲ့ လာကြည့်သူတွေ ကြိုက်ကြတဲ့ ပန်းခြံရဲ့ စတား ဆင်းဘားလို့နာမည်ပေးထားတဲ့ ခြင်္သေ့လေးတို့ အစာငတ်ပြီး သေသွားနိုင်လို့ စိုးရိမ်ရတဲ့အကြောင်း အီလ်ချင်ကိုက ပြောပါတယ်။

ဟားကိဗ်တိရစ္ဆာန်ရုံထဲက လီမာမျောက်တွေ

ဓာတ်ပုံ ရင်းမြစ်, Karina Detiuk/Facebook

ဓာတ်ပုံ ပုံစာ, ဟားကိဗ်တိရစ္ဆာန်ရုံထဲက လီမာမျောက်တွေ

ဟားကိဗ်မြို့လယ်က နိုင်ငံပိုင် တိရစ္ဆာန်ရုံမှာလည်း ဝန်ထမ်းတွေက သတ္တဝါတွေကို အစာလုံလောက်အောင် မကျွေးနိုင်၊ နွေးထွေးအောင် မထားနိုင်ဖြစ်နေပါတယ်။

ကျွန်မတို့ဆီက မျောက်တွေစားဖို့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေလိုတယ်၊ အသားစား သတ္တဝါကြီးတွေအတွက် အသားတွေလိုနေတယ်လို့ တိရစ္ဆာန်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှုး ကရီနာ ဒေတီယွတ်က ဘီဘီစီကို ပြောပါတယ်။

"သူတို့အသက်ဆက်ရှင်နေရအောင် မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ပေးနေရတယ်။ ကျွန်မတို့ရဲ့ ဝံပုလွေတွေ အူသံက ကျွန်မတို့အတွက် လေကြောင်းရန်အချက်ပေး ဥသြသံထက်ကို ပိုဆိုးပါတယ်။ ရင်တွေ ကွဲမတတ်ပါပဲ။"

ဒဏ်ရာတွေ ရကုန်

မြို့တော် ကိယက်ဗ်ရဲ့ ပင်မလေဆိပ်ကြီးနားမှာ တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာဖွင့်ထားတဲ့ နာတာလီယာ ပိုပိုဗာက သူတို့မွေးထားတဲ့ တိရစ္ဆာန်တွေဟာ ရုရှား အမောက်သံတွေကြားရပြီး ကြောက်ရွံ့ စိတ်ဖိစီးကြလို့ လှောင်ချိုင့်တွေထဲမှာ ခုန်ပေါက်ပြေးလွှားရင်း ဒဏ်ရာတွေ ရကုန်ကြတယ်လို့ ပြောပြပါတယ်။

"ခြင်္သေ့မတစ်ကောင်ဆို သူ့လက်နာသွားနဲ့ ကောင်းကောင်း ရပ်လို့ မရတော့ဘူး။ ဒရယ်မလေး တစ်ကောင်လည်း နံရံကို ခုန်ခုန်တိုက်ပြီး လည်ပင်းကျိုးလို့ သေသွားပါတယ်။"

ဗီဒီယို ပုံစာ, ယူကရိန်း ရှေ့တန်းက ဘီဘီစီသတင်းထောက်ရဲ့ အထူးသတင်းပေးပို့မှု