ယူကရိန်းကို ရုရှား ကျူးကျော်မှု ဆဋ္ဌမနေ့ နောက်ဆုံးရ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားတပ်ဖွဲ့ဝင် ၅၇၁၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းက ပြော
ယူကရိန်းကို ရုရှားကနေ ကျူးကျော်တိုက်ခိုက်တဲ့ နိုင်ငံတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း ပထမငါးရက်တာကာလမှာ ရုရှားတပ်ဖွဲ့ဝင် ၅၇၁၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဖေ့ဘွတ်ခ်မှာတင်ထားတဲ့ ဗီဒီယိုမှာ ရုရှား စစ်သား ၂၀၀ ကျော်ကို ယူကရိန်း တပ်ဖွဲ့များက ဖမ်းဆီးထားကြောင်း ယူကရိန်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ရုရှားတင့်ကား ၁၉၈ စင်း၊ လေယာဉ် ၂၉ စင်း၊ သံချပ်ကာယာဉ် ၈၄၆ စင်းနဲ့ ရဟတ်ယာဉ် ၂၉ စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
ဘီဘီစီအနေနဲ့ ဒီသတင်းကို သီးခြားအတည်မပြုနိုင်ပေမယ့်လည်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်စဉ်အတွင်းမှာ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ယုံကြည်နေပါတယ်။
မော်စကိုက အရာရှိတွေက ရုရှားစစ်သားတွေ ထိခိုက်သေဆုံးမှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်အတန်ကြာမှာ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုများ ရှိခဲ့တယ်ဆိုတာကို မော်စကိုက တာဝန်ရှိသူတွေက ၀န်ခံပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခါကိဗ်မြို့ တိုက်ခိုက်တာဟာ ရုရှားက စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ယူကရိန်းသမ္မတ ပြော
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့လယ်ကို မစ်ဆိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ရုရှားအစိုးရက စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း အရပ်သား အတော်များများ သေဆုံးခဲ့ပါတယ်။
အဲဒီနေရာဟာ စစ်ဘက်ဆိုင်ရာ စခန်း အဆောက်အအုံ တစ်ခုမှမရှိဘဲ လူနေရပ်ကွက်တွေသာ ဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေက မစ်ဆိုင်းဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဗီဒီယို လင့်ခ်ကနေတဆင့် ဥရောပပါလီမန်မှာ မိန့်ခွန်းပြောခဲ့တဲ့ သမ္မတ ဇလန်းစကီးကို အစည်းအဝေးတက်ခဲ့သူတွေက မတ်တပ်ရပ် လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။
အစောပိုင်းတုန်းက သမ္မတ ဇလန်းစကီးက ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကို မစ်ဆိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ နိုင်ငံအစိုးရတစ်ရပ်ရဲ့ အကြမ်းဖက်မှု ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့မှုအတွက် ရုရှားအစိုးရကို ဘယ်သူကမှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ခါကိဗ်မြို့နဲ့ ကိယက်ဗ်မြို့တော်ဟာ ရုရှား သမ္မတပူတင်အတွက် အရေးပါဆုံး ပစ်မှတ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံတောင်ပိုင်းက ခါဆန်မြို့မှာလည်း ရုရှားတပ်ဖွဲ့တွေက မြို့ပတ်ပတ်လည်မှာ ကင်းစခန်းတွေ ဖွင့်ထားလိုက်တယ်လို့ ခါဆန်မြို့တော်ဝန်က ပြောပါတယ်။
ခါကိဗ်မြို့ အလယ်ပိုင်းကို နောက်ဆုံးပစ်ခတ်တိုက်ခိုက်ခဲ့မှု မတိုင်မီမှာ ယူကရိန်းသမ္မတ ဗလာမီဒီယာ ဇာလင်းစကီးက အရပ်သားတွေကို တမင်ပစ်မှတ်ထားခံပြီးပစ်ခတ်ခဲ့တာကို တွေ့ရှိတဲ့ မျက်မြင်သက်သေတွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ယုံကြည်ဖို့ ကျိုးကြောင်းဆီလျော်တဲ့ အခြေခံရှိတယ်လို့ ယုံကြည်ရကြောင်း နိုင်ငံတကာ ရာဇ၀တ်တရားရုံးရဲ့ တရားလိုရှေ့နေချုပ် ကမ်ရီးခန်းက ပြောကြားခဲ့အပြီးမှာ ရုရှားရဲ့ ကျူးကျော်မှုကို စုံစမ်းစစ်ဆေးမူတွေကို စတင်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကနေ ထွက်ပြေးသူ ငါးသိန်းကျော်လာပြီ
တနင်္လာနေ့တုန်းက စံချိန်တင်ရလောက်အောင် လူ တစ်သိန်းလောက် ယူကရိန်းနိုင်ငံကနေ ပိုလန်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတယ်လို့ ပိုလန်အစိုးရက ပြောပါတယ်။
ဒီကနေ့မှာလည်း လူ ၂ သောင်း ၄ ထောင်လောက် ပိုလန်နိုင်ငံထဲ နယ်စပ်ကနေ ဝင်လာကြပြီး ဖြစ်တယ်လို့ ပိုလန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ စကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ကြာသပတေးနေ့ကတည်းက စလို့ ယူကရိန်းနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးခိုလှုံလာကြသူပေါင်း ၅ သိန်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂက တနင်္လာနေ့က ပြောပါတယ်။
ယူကရိန်းနိုင်ငံတွင်းမှာလည်း နောက်ထပ်လူအများအပြား နေအိမ်စွန့်ခွာပြီး တခြားနေရာတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MAXAR
ယူကရိန်းမြို့တော်ကို ကီလိုမီတာ ၆၀ ကျော် ရုရှားစစ်ကားတန်းကြီးက ဦးတည်သွားနေ
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ဆီ ဦးတည် သွားနေတဲ့ ရုရှား စစ်ကားတန်းကြီးတစ်ခုဟာ ကီလိုမီတာ ၆၀ ကျော်လောက် ရှိတယ်လို့ Maxar Technologies အမေရိကန် နည်းပညာကုမ္ပဏီက အသစ်ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုပုံရိပ်တွေမှာ တွေ့ရပါတယ်။
အဲဒီစစ်ကားတန်းကြီးထဲမှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်မော်တော်ယာဉ်တွေ၊ တင့်ကားတွေနဲ့ အမြောက်တွေ ပါဝင်တယ်လို့ Maxar Technologies ကုမ္ပဏီက ပြောပါတယ်။
အဲဒီကားတန်းကြီးဟာ ကိယက်ဗ်မြို့နဲ့ ကီလိုမီတာ ၃၀ လောက် နီးနီးမှာ ရောက်နေပြီလို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံတွင်းက တခြားနေရာတွေမှာလည်း လူတွေ နေထိုင်နေတဲ့ နေရာတွေကို ရုရှားတပ်တွေက ဝိုင်းထားပြီး အလယ်ခေတ်တုန်းက သုံးခဲ့တဲ့ စစ်ရေးနည်းပရိယာယ်လိုမျိုး အစားအသောက်နဲ့ အခြေခံလိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဖြတ်တောက်ထားတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေရာမှာ ကိယက်ဗ်မြို့တော်ဆီ ရုရှားစစ်ကားတန်းကြီး အခုလိုတဖြည်းဖြည်းချင်း ချဉ်းကပ်လာနေတာအပေါ် စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ကိယက်ဗ်မြို့တော်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အိမ်နီးချင်း ဘီလားရုစ်မြို့ရဲ့ တောင်ဘက်ပိုင်း ယူကရိန်းနိုင်ငံ နယ်စပ်ကနေ ကီလိုမီတာ ၃၀ လောက်အကွာမှာ မြေပြင်တပ်ဖွဲ့တွေနဲ့ စစ်ရဟတ်ယာဉ်တွေကိုလည်း ဂြိုဟ်တုပုံရိပ်အသစ်တွေမှာ တွေ့ရတယ်လို့ Maxar Technologies ကုမ္ပဏီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဥရောပ စတော့ရှယ်ယာစျေးတွေကျ
ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ဆက်ပေါ်ထွက်နေစဉ်မှာပဲ ဥရောပ စတော့ရှယ်ယာ စျေးကွက်ဖွင့်ချိန်မှာ ရှယ်ယာစျေးတွေ အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။
ဖရန့်ခ်ဖွတ်နဲ့ ပဲရစ်မြို့ စျေးကွက်တွေမှာ စတော့ရှယ်ယာစျေးတွေ သုည ဒဿမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လန်ဒန် FTSE ညွှန်းကိန်းကတော့ အနည်းငယ် တက်ခဲ့ပါတယ်။
Shell ရေနံကုမ္ပဏီက အရေးပါတဲ့ သဘာဝဓာတ်ငွေ့စက်ရုံကြီး တစ်ခုအပါအဝင် ရုရှားမှာ လုပ်ငန်းဆောင်ရွက်နေတာတွေအားလုံး ရပ်ဆိုင်းတော့မယ်လို့ ပြောခဲ့အပြီးမှာ ရှယ်ယာစျေးတွေ ပြန်တက်လာခဲ့ပါတယ်။
ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစလို့ ရှယ်ယာစျေးကွက်တွေ မတည်မငြိမ် ဖြစ်နေတာတွေ လျော့ကျသွားခဲ့ရာမှာ အာရှ စတော့ရှယ်ယာစျေးကလည်း တစ်ရာခိုင်နှုန်း ပြန်တက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ခါကိဗ်မြို့တိုက်ခိုက်မှုမှာ အိန္ဒိယကျောင်းသားတစ်ဦး သေဆုံး
ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ကို ရုရှားတပ်ဖွဲ့တွေက အမြောက်နဲ့ တိုက်ခိုက်ခဲ့စဉ်အတွင်း အဲဒီမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက ကျောင်းသားတစ်ဦး သေဆုံးသွားတယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
ဒီကနေ့ အင်္ဂါနေ့ မနက်လင်းအားကြီးအချိန်က ခါကိဗ်မြို့က အဆောက်အအုံတစ်ခုကို ရုရှားတပ်ဖွဲ့တွေက အမြောက်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့စဉ်အတွင်း အဲဒီကျောင်းသား သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို နိုင်ငံထဲကနေ ရတဲ့နည်းနဲ့ အမြန်ဆုံးထွက်ခွာကြဖို့ ဒီကနေ့မှာပဲ အိန္ဒိယအစိုးရက တိုက်တွန်းလိုက်ပါတယ်။
ကိယက်ဗ်မြို့တော်မှာရှိတဲ့ အိန္ဒိယ သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ယူကရိန်းနိုင်ငံထဲမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသားအားလုံး ရတဲ့ ရထားကို စီးပြီး နိုင်ငံထဲကနေ အမြန်ဆုံး ထွက်ခွာကြဖို့ အကြံပေးထားပါတယ်။
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကြဖို့ သံရုံးက အကြံပေးထားပြီး အကြာကြီး တန်းစီ စောင့်ဆိုင်းရတာမျိုးနဲ့ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံသားတွေကို ကယ်ထုတ်မှုတွေ ပိုမြန်မြန်လုပ်နိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ပေးဖို့ အိန္ဒိယလေတပ်ကို ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ညွှန်ကြားထားပါတယ်။ အရှေ့ဥရောပနိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း ဝန်ကြီးချုပ် မိုဒီ စကားပြောဆိုထားပြီး သူတို့ဆီက အကူအညီ တောင်းခံထားပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ အိန္ဒိယနိုင်ငံသား တစ်သောင်း နှစ်ထောင်ကျော် ရှိနေဆဲ ဖြစ်ပြီး အများစုက ကျောင်းသားတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဗြိတိန် ဝန်ကြီးချုပ်က ယူကရိန်း အရပ်သားတွေကို ရုရှားက တိုက်ခိုက်နေတယ်လို့ စွပ်စွဲ
ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင် က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ယူကရိန်းကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲအတွင်း အပြစ်မဲ့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေနဲ့ တွေ့ရာမရှောင် တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။
ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ပိုလန် ဝန်ကြီးချုပ် မက်သရူးဇ် မိုရာဝီအက်ကီ နဲ့ ဆွေးနွေးပြောဆိုအပြီးမှာ မစ္စတာ ဘောရစ်စ် ဂျွန်ဆင်က ဥရောပတိုက်မှာ ဖြစ်နေတဲ့ ပဋိပက္ခ ပြဿနာဆိုးကြီးတစ်ခုကို ကမ္ဘာက မျက်ဝါးထင်ထင် တွေ့နေကြပြီလို့ ပြောသွားပါတယ်။
မစ္စတာ မိုရာဝီအက်ကီက အဓိက ဦးစားပေး လုပ်ဆောင်ရမှာတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးလုပ်ဖို့နဲ့ ယူကရိန်း၊ ရုရှားတို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဥရောပအရှေ့ဘက်ခြမ်းက နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ နေတိုးအဖွဲ့အနေနဲ့ အင်အားတိုးချဲ့ ချထားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
တခါ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန် စတိုလ်တန်ဘာ့ဂ် ကလည်း သမ္မတပူတင်ဟာ ဥရောပဒေသရဲ့ ငြိမ်းချမ်းရေးကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားအောင် လုပ်နေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကတော့ ယူကရိန်းအာဏာပိုင်တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားနွယ်ဖွား လူမျိုးတွေနေထိုင်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေကြတယ်လို့ အထောက်အထားတစုံတရာ မပြဘဲ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ယူကျူ့က ရုရှားအစိုးရ ရုပ်သံတွေကိုပိတ်
YouTube ယူကျူ့ကလည်း ရုရှားအစိုးရ သတင်းမီဒီယာတွေ ဖြစ်တဲ့ RT နဲ့ Sputnik သတင်းဌာနတွေနဲ့ ဆက်နွှယ်နေတဲ့ သတင်းချယ်နယ်လ်တွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။
ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ဥရောပဒေသတဝန်း ဒီပိတ်ပင်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပြီး ဒီပိတ်ပင်ချက်က အခုချက်ချင်း အတည်ဖြစ်မယ်လို့ YouTube ကုမ္ပဏီက ပြောပါတယ်။
RT နဲ့ Sputnik ရုရှားအစိုးရ သတင်းမီဒီယာတွေနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာ မှန်သမျှကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ ရှိတဲ့ မီဒီယာသတင်းဌာနတွေကနေ ဖြန့်ဖြူးဖော်ပြခွင့် ပိတ်ပင်တားမြစ်ဖို့ ဥရောပ ကော်မရှင်က အဆိုပြုနေချိန်မှာပဲ YouTube ကုမ္ပဏီရဲ့ ပိတ်ပင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။








