ယူကရိန်းကို ရုရှား ကျူးကျော်မှု - ရုရှားတပ်တွေ ကိယက်ဗ်ကို ရောက်နေပြီလို့ ယူကရိန်းပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောလဲ

မော်စကိုမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆာဂေး လက်ဗရော့ဗ်က အရင် ရုရှား သမ္မတ ပြောထားတဲ့ စကားကို ကိုးကားပြီး သူတို့ ယူကရိန်းကို စစ်ပြုတာဟာ အဲဒီက "စစ်တပ်အင်အားတွေကို ဖယ်ရှားဖို့"ဖြစ်တယ်၊ ယူကရိန်းကို သိမ်းပိုက်ဖို့ မဟုတ်ဘူး လို့ ဆိုပါတယ်။

ရုရှားက ဒီမိုကရေစီနိုင်ငံတခုကို ဖြုတ်ချလိုက်တာလား ဆိုတဲ့အမေးကို ယူကရိန်းဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလို့ သူက ပြန်ပြောပါတယ်။ ယူကရိန်အစိုးရက ရုရှားစကားပြော ယူကရိန်းပြည်သူတွေအပေါ် ဖိနှိပ်တာတွေကိုလည်း သူက ပြောသွားပါတယ်။

ဘီဘီစီ သတင်းထောက် စတိဗ် ရိုဇင်ဘတ်ဂ်က ယူကရိန်းကို ဒီလိုကျူးကျော်တာကို တရားမျှတမှန်ကန်ပါတယ်လို့ ဘယ်လိုဆိုနိုင်မလဲ ဆိုတဲ့ အမေးကိုတော့ သူက ပြန်မဖြေ ပါဘူး။

အနောက်နိုင်ငံတွေ အရင်တုန်းက ယူဂိုဆလားဗီးယား၊ အီရတ်၊ လစ်ဗျား စတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီရေးအတွက်ဆိုပြီး ဝင်ရောက်စွက်ဖက်ကြရာကနေ လူတွေအသေအပျောက် ထောင်ပေါင်းများစွာရှိခဲ့တယ်လို့ လက်ဗရော့ဗ်က ပြောပါတယ်။

အသက် ၆၀ ကျော် ပြည်သူတွေလည်း တိုက်ပွဲဝင်နိုင်ကြောင်း ယူကရိန်းစစ်တပ်က ခွင့်ပြု

ကိယက်ဗ်ထိ ရုရှားတပ်တွေ ရောက်လာချိန်မှာ ယူကရိန်း ကာကွယ်ရေးဌာနက အသက်အပိုင်းအခြားမရွေးဘဲ တိုက်ပွဲဝင်နိုင်တယ်လို့ တွိဒ်လုပ်ပြီး သူ့ပြည်သူတွေကို အကြောင်းကြားပြီး စစ်တိုက်ဖို့အတွက် လူစုဆောင်းပါတယ်။

ယူကရိန်းတပ်တွေရဲ့ တပ်မှူးချုပ်က အစောပိုင်းက ထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာ အသက် ကန့်သတ်ချက် မရှိဘူးလို့ ဆိုထားတဲ့အတွက် အရွယ်မရောက်သေးတဲ့ လူငယ်တွေလည်း လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ ခွင့်ပြုတဲ့ပုံ ရှိခဲ့ပါတယ်။

ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနက နောက်ထပ် အသစ် ထုတ်ပြန်ချက်အရ အသက် ကန့်သတ်ချက် လျှော့ချလိုက်တယ် ဆိုတာဟာ အသက် ၆၀ ကျော်အရွယ်တွေကို လည်း တိုက်ပွဲဝင်ခွင့်ပေးတာကို ဆိုလိုတာလို့ ပြောပါတယ်။ အဲဒီထဲမှာ အရွယ်မရောက်သေးသူတွေနဲ့ ပတ်သက်တာတော့ မပါဝင်ပါဘူး။

ကိယက်ဗ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် သိထားရပြီလဲ

ယူကရိန်း မြို့တော်ကို ဝင်လာတယ်ဆိုတဲ့ ရုရှားတပ်တွေဟာ မြို့တော်မြောက်ဘက်အရပ်က အိုဘိုလွန်ဘက်မှာ အခြေပြုထားပုံရပါတယ်။

အရပ်သားနေအိမ်တွေ အများအပြားရှိတဲ့ ဒီဧရိယာဟာ ကိယက်ဗ်က လွှတ်တော် အဆောက်အဦ၊ မြို့လည်ခေါင် စတဲ့နေရာတွေကနေ ၉ ကီလိုမီတာလောက်ပဲ ဝေးပါတယ်။

အဲဒီ အရပ်ဘက်မှာ ရန်သူရုရှားတပ်ဖွဲ့ဝင်တွေ ရောက်နေပြီလို့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမထိုးခင်လေးမှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက တွိဒ် လုပ်ပါတယ်။ သူတို့က ဒေသခံပြည်သူတွေအနေနဲ့ မိုလိုတော့ဗ် လက်လုပ် ဓာတ်ဆီဗုံးတွေ သုံးပြီး ပြန်တိုက်ခိုက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

အွန်လိုင်းပေါ်တက်လာတဲ့ တချို့ဗီဒီယိုတွေထဲ အိုဘိုလွန်က လူရှင်းနေတဲ့ လမ်းမတွေပေါ်မှာ တင့်ကားတွေ၊ သံချပ်ကာကားတွေ သွားလာလှုပ်ရှားနေတာတွေ့ရပါတယ်။

အရပ်သားတွေနဲ့ စစ်ယူနီဖောင်းဝတ်ထားတဲ့လူတွေကြား တိုက်ခိုက်နေကြတာကို ပြနေတဲ့ ဗီဒီယိုတွေကိုလည်း တွေ့ရပါတယ်။

ကိယက်ဗ်မြို့တော်ဟာ လေကြောင်းကနေလည်း တိုက်ခိုက်တာ ခံခဲ့ရပြီး ဒေသခံပြည်သူတချို့ မြေအောက်ရထားဘူတာရုံ ဥမင်လှိုဏ်ခေါင်းတွေမှာ စစ်ရှောင်ခိုလှုံနေကြရပါတယ်။

ကိယက်ဗ်မြို့အတွင်း ရုရှားတင့်ကားတွေ လှည့်နေတဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာ

ရုရှားစစ်တပ်က တင့်ကားတွေလို့ ယူဆရတဲ့ တင့်ကားတွေ ကိယက်ဗ်မြို့လယ်ရဲ့ မြောက်ဘက်မှာပဲရှိတဲ့ အိုဘိုလွန် အရပ်မှာ လှည့််လည်နေတာကို လူမှုမီဒီယာ ဗီဒီယိုတွေထဲမှာ ပြနေပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်းကြီးဌာနကလည်း ရုရှားတပ်တွေ ကိယက်ဗ်က လူနေ ရပ်ကွက်တွေထဲကို ထိုးဖောက်ဝင်လာပြီဆိုတာကို ပြီးခဲ့တဲ့ အချိန်ပိုင်းလေးအတွင်းမှာပဲ အတည်ပြုထားပါတယ်။

ဗီဒီယိုတွေက ကြည့်ရတာ ဒေသခံတွေက သူတို့အိမ်တွေကနေ ရိုက်ထားပုံရပါတယ်။

ဒီအောက်က ဗီဒီယိုဟာ အိုဘိုလွန်က ဗီဒီယို ဆိုတာကို ဘီဘီစီက အတည်ပြုထားနိုင် ပါတယ်။

၂၄ နာရီအတွင်း အရပ်သားနေရာ ၃၃ နေရာကို ရုရှားတပ်က ဗုံးကြဲခဲ့

ရုရှားစစ်တပ်တွေက အရပ်သားတွေရှိနေတဲ့နေရာ ၃၀ ကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဌာနက အရာရှိတယောက်က ပြောပါတယ်။

"ရုရှားတွေက သူတို့အရပ်သားတွေကို မတိုက်ခိုက်ပါဘူးလို့ ပြောထားပေမယ့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အရပ်သားတွေရဲ့နေရာ ၃၃ ခုကို တိုက်ခိုက်ခဲ့တယ်" လို့ မစ္စတာ ဗက်ဒင် ဒန်နစ်ဆန်ကို က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ကြာသပတေးနေ့မှာ ကျူးကျော်စစ် စတင်ကတည်းက ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက်စတဲ့ နယ်စပ်နေရာစုံ ကနေ ထိုးစစ်ကို အမြန်ဆင်လာခဲ့ပြီး မြို့တော် ကိယက်ဗ်နားကို ရောက်လာခဲ့ပါပြီ။

လျှို့ဝှက်လှုပ်ရှားတဲ့ ရုရှား တပ်ဖွဲ့ဝင်တွေ ကိယက်ဗ်မြို့ထဲရောက်နေပြီလို့ ယူကရိန်း အရာရှိတွေက ပြောပြီး သူတို့ကို မိုလိုတော့ဗ် ဓာတ်ဆီ လက်လုပ်ဗုံးတွေနဲ့ ပြန်တိုက်ခိုက်ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ရုရှားမှာ ချန်ပီယံလိဂ် ဖိုင်နယ် ကျင်းပခွင့်ရတော့

၂၀၂၂ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဥ်ကို ပြင်သစ်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်မှုအတွက် ပွဲကျင်းပခွင့် မပြုတော့တာ ဖြစ်ပါတယ်။ မူလက စိန့်ပီတာဘာ့ဂ်မြို့မှာ ကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။