ယူကရိန်းကို ရုရှားကျူးကျော်မှု -နေတိုးနယ်နိမိတ်ကို အမေရိကန်က ကာကွယ်မယ်၊ ယူကရိန်းကိုတော့ တပ်တွေမလွှတ်ဘူးပြော

ရေးသားခဲ့သည်။

နေတိုးနယ်နိမိတ်ကို တလက်မတောင် အထိမခံ အမေရိကန်က ကာကွယ်မယ်၊ ယူကရိန်းကိုတော့ တပ်တွေမလွှတ်ဘူးပြော

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် တပ်ဖွဲ့တွေ ယူကရိန်းစစ်မြေပြင်ကို စေလွှတ်မှာ မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

သူတို့ တပ်ဖွဲ့တွေကို ယူကရိန်းမှာ တိုက်ဖို့ အတွက်တော့ ဥရောပတိုက်ဆီ စေလွှတ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် နေတိုး မဟာမိတ်တွေနဲ့ အရှေ့ဥရောပဆီက မဟာမိတ်တွေကို ကာကွယ်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ နေတိုးနယ်နိမိတ်ကို တလက်မက အစ အထိမခံဘူး၊ အမေရိကန်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချပြီး ကာကွယ်ပြမယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး နေတိုး အဖွဲ့ဟာ အရင်ကထက် ပိုပြီး ညီညွတ်သွားပြီ၊ အမေရိကန်နဲ့ နေတိုး အဖွဲ့ဝင်တွေဟာ စာချုပ်ပါ ကတိကဝတ်တွေအတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူးလို့ ဆိုပါတယ်။

နေတိုး အဖွဲ့ဝင် နိုင်ငံတွေထဲက ရုရှားရဲ့ ခြိမ်းခြောက် ခံနေရတယ်ဆိုတဲ့ အရှေ့ဥရောပကအဖွဲ့ဝင် နိုင်ငံတွေမှာ အမေရိကန်ကြည်းတပ်နဲ့ တခြား တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကြက် ချထားပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ ဘောလ်တစ် နိုင်ငံတွေ ဖြစ်ကြတဲ့ လဗ်ဗီးယား၊ အက်စတိုးနီးယားနဲ့ လစ်သူရေးနီးယားတို့ အပြင် ပိုလန်နဲ့ ရိုမေးနီးယားတို့ ပါဝင်ပါတယ်။

ပူတင်က သွေးသွင်းဖို့ပါ သွေးပိုတွေ ပို့ထားတာ၊ သူ့ရည်ရွယ်ချက်ကို သိတယ်လို့ ဘိုင်ဒန်ပြော

အမေရိကန် သမ္မတ ပူတင်က ရုရှာ သမ္မတ ပူတင်ဟာ ယူကရိန်း နယ်စပ်ကို တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ နဲ့ စစ်လက်နက် ပစ္စည်းတွေ ပို့ပေးထားသလို သွေးလိုရင် သွင်းနိုင်ဖို့ သွေးပိုတွေပို့ စစ်မြေပြင် ဆေးရုံတွေပါ တည် ပေးထားတာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ပူတင်ဟာ စစ်ကြောင့် ကြုံရမယ့် အနိဋ္ဌာရုံတွေကို ရှောင်ရှားနိုင်ဖို့ အတွက် အနောက်အုပ်စုက ဆွေးနွေးဖို့ ကမ်းလှမ်းသမျှ ငြင်းပယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုလ် တိုက်ခိုက်ခံနေရ

ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုလ်ကို လက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်ခတ်နေပြီး ပေါက်ကွဲသံတွေ ရာနဲ့ချီပြီးကို ကြားနေရတယ်လို့ သံတမန် သတင်းရပ်ကွက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မာရီယူပိုလ်ဟာ ယူကရိန်းနဲ့ ရုရှား ထောက်ပံ့ထားတဲ့ ဒွန်းညက်စ်ခ် ဒေသက ခွဲထွက်သူပုန်အဖွဲ့တွေနဲ့ ရှေ့တန်းအနီး အက်ဇော့ဗ် ပင်လယ်ကမ်းစပ်က အကြီးဆုံး ဆိပ်ကမ်းမြို့ကြီး တမြို့ ဖြစ်ပါတယ်။ အဲဒီက ဒေသထဲက ခွဲထွက် သူပုန်တွေက နိုင်ငံထူထောင်ထားတာကို ဗလာဒီမီယာ ပူတင်က အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ မာရီယူပိုလ်ကို သိမ်းနိုင်ရင် ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက ယူကရိန်းဆီကနေ သူတို့ ခွဲထုတ် ဖဲ့ယူသွားခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ထဲကို ကုန်းလမ်းနဲ့ပါ ဆက်သွယ်လို့ ရသွားမှာ ဖြစ်ပါတယ်။

ရုရှားက စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုဖမ်း

ရုရှားတနံတလျားမှာ ရုရှား ကျူးကျော်စစ်ကို ဆန့်ကျင် ဆန္ဒပြကြ သူတွေထဲက လူ ၇၃၅ ယောက်ထက် မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မြို့ပေါင်း ၄၀ မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ OVD-Info အဖွဲ့က ပြောပါတယ်။ မော်စကို တမြို့တည်းမှာတင် လူပေါင်း ၃၃၀ ကျော်ဖမ်းဆီး ခံခဲ့ရပါတယ်။

မော်စကို မြို့လယ်က ပူရှ်ကင် စကာယာ ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆန့်ကျင် ဆန္ဒပြသူတွေကို ရုရှားရဲတွေက ဖမ်းဆီးနေတဲ့ ပုံတွေလည်း ထွက်လာနေပါတယ်။

အေအဖ်ပီ သတင်းဌာနက ဓာတ်ပုံ သတင်းထောက်က ရိုက်ယူခဲ့တဲ့ ပုံတပုံမှာဆို ယူကရိန်းစစ်ပွဲကို လက်မခံဘူး ပူတင် နုတ်ထွက်လို့ ရေးထားတဲ့ ကတ်ပြား ကိုင်ဆောင်ထားသူကို ရဲတွေက ဖမ်းဆီးနေတာကို တွေ့ရပါတယ်။

ချာနိုဘိုင်းလ်မှာ တိုက်ပွဲပြင်းထန်နေ

ချာနိုဘိုင်းလ် အရင်က နျူကလီးယား ဓာတ်ပေါင်းဖို ရှိခဲ့တဲ့ နေရာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အဲဒီနေရာက လုံခြုံစိတ်ချရမှု ရှိရဲ့လားဆိုတာ မပြောနိုင်ကြောင်း ယူကရန်း သမ္မတ အကြံပေး မီခါယလို ပိုလ်ဒိုလ်ယတ်ခ်က ပြောပါတယ်။

တိုက်ပွဲတွေအပြီး ချာနိုဘိုင်းလ် ဓာတ်ပေါင်းဖိုဟောင်းကို မထိန်းချုပ် နိုင်တော့ဘူးလို့ ပြောပါတယ်။

ရုရှား တင့်ကားတွေ ချာနိုဘိုင်းလ် စက်ရုံဟောင်း အပြင်ဘက်မှာ တပ်ချထားတဲ့ ဗီဒီယိုတခုကိုလည်း ဘီဘီစီက တွေ့ရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

ချာနိုဘိုင်းလ်မှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က အဲဒီက ဓာတ်ပေါင်းဖို ၄ လုံးထဲက ၁ လုံးပေါက်ကွဲပြီး သမိုင်းတလျှောက် အဆိုးဆုံး နျူကလီးယား မတော်တဆမှု ဖြစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲရိုဖလုတ် လေကြောင်း ယူကေမှာ ဆင်းသက်ခွင့် ပိတ်

ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က ယူကေက ဘဏ်တွေမှာ ရုရှားတွေ ငွေ အပ်နှံနိုင်တဲ့ ပမာဏကို ကန့်သတ်မယ်လို့ ပြောလိုက်သလို လူနဲ့ အဖွဲ့အစည်း ၁၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းမယ်လို့ ပြောလိုက်ပါတယ်။

ရုရှား လေကြောင်းလိုင်း အဲရိုဖလုတ်ကိုလည်း ယူကေကို မပျံသန်းရလို့ ပိတ်ပင်လိုက်ပြီး နည်းပညာပိုင်းနဲ့ပတ်သက်လို့ တင်ပို့ ရောင်းချနေတာတွေကိုလည်း တင်းကြပ်မယ်လို့ ပြောပါတယ်။

ဘယ်လာရုစ်ကိုလည်း အလားတူ ပိတ်ဆို့ အရေးယူမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

လန်ဒန်မှာနေတဲ့ ရုရှားသူကြွယ်ကြီးတွေ အတွက်လည်း ပုန်းရှောင်စရာ မြေရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ

ရုရှား လေထီးတပ်သားတွေဟာ ကိယဗ် မြို့ကနေ ၁၅ - ၂၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ အန်တိုတော့ဗ် လေတပ်စခန်းကို ဒီနေ့ အစောပိုင်းကတည်းက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

ယူကရိန်းအရန်တပ်ဖွဲ့တွေက အဲဒီကို တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်၊ အနောက် အုပ်စု ထောက်လှမ်းရေးတွေ မှန်းဆထားတဲ့အတိုင်း လျင်လျင်မြန်မြန် ထိုးစစ်ဆင် ခဲ့တာ ဖြစ်ပြီး တချို့နေရာတွေမှာ မှန်းဆထားတာထက်တောင် ပိုပြီး မြန်နေတာ တွေ့ရပါတယ်။

ရုရှား သံချပ်ကာကားတွေကလည်း ဘယ်လာရုစ် တောင်ပိုင်းနယ်စပ်ကနေ ခရိုင်းမီးယား ကျွန်းဆွယ် မြောက်ပိုင်းအထိ တနံတလျားမှာ တော်တော်ကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ရုရှားတပ်တွေ ရဲ့ နောက်တဆင့် ထိုးစစ်က ဘယ်လို ဖြစ်လာနိုင်သလဲ။

အခြေစိုက် စခန်းတခု တည်လိုက်နိုင်ပြီ ဖြစ်တာကြောင့် လေထီးတပ်တွေက ရှေ့ကို တိုးလာတဲ့ ရုရှား သံချပ်ကာ တပ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ အထိ စောင့်ကြဦးမလား ဒါမှမဟုတ် အဲဒီ စခန်းကနေပဲ မြို့တော် ကိယဗ်ကို ထိုးစစ်ဆင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ မကြာခင် အတော်အတွင်းမှာ သူတို့ရဲ့ နောက်ခြေလှမ်းကို တွေ့လာရမယ့် သဘောရှိပါတယ်။

ကိယဗ်နားမှာ ရုရှား ရဟတ်ယာဥ် ပစ်ချခံရ

ရုရှား စစ်ရဟတ်ယာဥ်တစင်း ကိယဗ်မြို့တော်အနီးက ဟော့စတိုမဲလ် လေဆိပ်အနီးမှ ပျက်ကျနေတဲ့ ဗီဒီယို တခုထွက်လာပြီး ဟုတ်မှန်ကြောင်း ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။ သတင်းရင်းမြစ် ဘယ်က ဆိုတာကတော့ မသိရပါဘူး။

ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်ရှနီ က ကိယဗ် ဒေသထဲက လေဆိပ်တွေကို ထိန်းချုပ်ထားနိုင်ဖို့အတွက် ရုရှားတပ်တွေနဲ့ တိုက်ခိုက်နေရတယ်လို့ အတည်ပြုကြောင်း ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

ဟော့စတိုမဲလ် လေဆိပ်ဟာ ယူကရိန်းမှာ အရေးအပါဆုံး နိုင်ငံတကာ ကုန်တင်ကုန်ချ လေဆိပ်တခု ဖြစ်သလို လေတပ်စခန်းတခုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဥ်ဖြစ်တဲ့ မာရီယာ ရပ်နားရာ လေဆိပ်လည်း ဖြစ်ပါတယ်။

အနောက်အုပ်စုက နိုင်ငံတကာ ဥပဒေတွေကို မလေးစားဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေလက်ဗရော့ဗ်က ရုရှားတပ်ဖွဲ့တွေက ယူကရိန်းကို အကြီးအကျယ် ကျူးကျော်စစ်ဆင်နေပေမယ့် ဆွေးနွေးမှုတွေ လုပ်ဖို့လည်း အမြဲအသင့်ပါပဲလို့ ပြောလိုက်ပါတယ်။

နိုင်ငံပိုင်သတင်းဌာန RIA Novosti နဲ့ တွေ့ဆုံ ခဲ့ရာမှာ လက်ဗရော့ဗ်က စိတ်မကောင်းစရာက အနောက်နိုင်ငံတွေက နိုင်ငံတကာ ဥပဒေတွေကို မလေးစားကြဘူး၊ ဖျက်လိုဖျက်ဆီးလုပ်ပြီး သူတို့ အလိုကျ ပြင်ဆင်သတ်မှတ်ချင် နေကြတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ နေတိုး အဖွဲ့ဝင်တွေနဲ့ နက်နက်နဲနဲ အသေးစိတ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။ နိုင်ငံတကာ ဥပဒေနဲ့ ကျင့်ဝတ်တွေကိုပြန်လည် ကျင့်သုံးကြဖို့ အခွင့်အရေး ရှိနေသေးတယ်လို့ သူတို့ဘက်က မျှော်လင့်ကြောင်း ပြောပါတယ်။

လက်ဗရော့ဗ်က တရားမျှတမှု နဲ့ ကုလသမဂ္ဂ ပဋိညာဥ်နဲ့ အညီ ဖြစ်ဖို့ တွေ့ဆုံဆွေးနွေးသွားဖို့ ရုရှားဘက်က အမြဲအသင့်ပါပဲလို့ ဆိုပါတယ်။

ရုရှားရန်လိုသမျှနဲ့ ထပ်တူ ပိတ်ဆို့ အရေးယူသွားမယ်လို့ ပြင်သစ်သမ္မတပြော

ပြင်သစ် သမ္မတ အီမန်နျူယဲလ် မက်ခရွန်းက ရုရှားကို သူတို့ပြစ်မှုအတွက် သူတို့ ရန်လိုသမျှ အတိုင်းအဆ အတိုင်း ထပ်တူထပ်မျှ ပိတ်ဆို့အရေးယူ မယ်လို့ ပြောလိုက်ပါတယ်။

သူက ရုရှားအနေနဲ့ သူတို့ရဲ့ စစ်ဘက်၊ စီးပွားရေးနဲ့ စွမ်းအင် ကဏ္ဍတွေအပေါ်မှာ သက်ရောက်မှု ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ကို မျှော်လင့်ထားပေတော့လို့ ဆိုလိုက်ပါတယ်။

ယူကရိန်းကို တွန့်ဆုတ်မှုမရှိဘဲ ကူညီထောက်ပံ့ပေးသွားမယ်၊ ဥရောပမဟာမိတ် နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ လုံခြုံရေးအတွက် တာဝန်ယူကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။

မနေ့ညက အဖြစ်အပျက်တွေဟာ ဥရောပသမိုင်းမှာ အလှည့်အပြောင်း တခုဖြစ်ပါတယ်လို့ ပြင်သစ်၊ ဥရောပသမဂ္ဂနဲ့ ယူကရိန်း အလံတွေရှေ့မှာ ရပ်ရင်း ပြင်သစ်လူထုကို ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။ သူက ဒီကျူးကျော်စစ်အပေါ် တည်တည်ငြိမ်ငြိမ်၊ ညီညီညွတ်ညွတ်နဲ့ ပြတ်ပြတ်သားသား အားနည်းချက် မရှိဘဲ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ရုရှားက ဘာတွေ ပြောနေသလဲ

ရုရှားစစ်တပ်က သူတို့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ထုတ်ပြန်ချက် မျိုးစုံထုတ်နေပြီး တရားတဲ့ စစ်လို ဖြစ်အောင် ပုံဖော်နေပါတယ်။

သူတို့ ယူကရိန်းကို ကျူးကျော်တာက ရုရှားကို လိုလားတဲ့ ဒွန်ဘတ်စ် ဒေသထဲက ခွဲထွက်ရေး သမားတွေကို ကာကွယ်ဖို့ အတွက်ပါလို့ အကြိမ်ကြိမ် ပြောနေပါတယ်၊ အဲဒီ သူပုန်တွေကို ယူကရိန်း စစ်တပ်က တိုက်ခိုက်လာလို့ပါ ဆို အကြောင်းပြပါတယ်။

ကျွမ်းကျင်သူတွေက ဒါက မဟုတ်မမှန် လိမ်ညာတဲ့ အကြောင်းပြချက်သာဖြစ်တယ်၊ အနောက်နိုင်ငံတွေက အရင် သီတင်းပတ်တွေ အတွင်းထဲက ရုရှားဟာ သူတို့ ကျူးကျော်စစ်ကို တရားသယောင် ပုံဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သတိပေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားက သူတို့က တိကျမှု မြင့်မားတဲ့ လက်နက်တွေနဲ့ ယူကရိန်း စစ်တပ်ရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း အရပ်သား ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဆိုကြပါတယ်၊ သေဆုံးသူတွေထဲက ၁၈ ဦးထက်မနည်းဟာ အိုဒက်ဆာ ဆိပ်ကမ်းမြို့ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခံရစဥ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်း တပ်ဖွဲ့ဝင်တွေ အများအပြား လက်နက်တွေ စွန့်ပြီး သူတို့ စခန်းတွေကနေ ဆုတ်ခွာပြေးနေကြပြီ ဖြစ်တယ်လို့လည်း ရုရှားစစ်တပ်က ဆိုပါတယ်။

ယူကရိန်းကတော့ ရုရှား စစ်သား ၅၀ လောက်ကျဆုံး အောင် သူတို့ ဘက်က တုံ့ပြန်တိုက်ခိုက်ခဲ့သလို ရုရှား တိုက်လေယာဥ်တွေကိုလည်း ပစ်ချ နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အတည်ပြုလို့တော့ မရပါဘူး။ ယူကရိန်း အစိုးရကလည်း ပြန်တိုက်ချင်တဲ့သူ မည်သူမဆို လက်နက် ထုတ်ပေးမယ်လို့ ပြောထားပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေ

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ အပေါ်မှာ အနီးတဝိုက်က အိမ်နီးချင်းနိုင်ငံတွေကလည်း တုံ့ပြန်မှုတွေ ပြုလာကြပါတယ်။

ရုရှားနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေတိုး မဟာမိတ် နိုင်ငံတနိုင်ငံ ဖြစ်တဲ့ အက်စတိုးနီးယား နိုင်ငံက နေတိုးရဲ့ စာချုပ် အပိုဒ် ၄ အရ ဆွေးနွေးမှုတွေလုပ်သွားဖို့ သဘောတူလိုက်ပါတယ်။

မော်လ်ဒိုဗာကလည်း နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာပြီး ယူကရိန်းကနေ ဝင်ရောက်လာနိုင်တဲ့ စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာကို အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

လစ်သူရေးနီးယား သမ္မတ ဂိုက်တာနာ့စ် နိုဆဲဒါကလည်း ပါလီမန်က အတည်ပြုပေးပြီးတာနဲ့ အရေးပေါ် အခြေအနေ ကြေညာနိုင်ဖို့ လက်မှတ်ထိုးပြီး ဖြစ်ကြောင်း ပြောပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ်က အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားရဲ့ ရန်လိုမှုတွေကနေ ကာကွယ်ပေးဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်၊ အီးယူ၊ ယူကေနဲ့ ဂျပန်တို့ကလည်း ဒီကျူးကျော်မှုကို ထောက်ခံအားပေးတဲ့ ရုရှား ခေါင်းဆောင်တွေ၊ ရုရှား ဘဏ်လုပ်ငန်းတွေ နဲ့ ပါလီမန် အမတ်တချို့အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်ကလည်း ရုပ်မြင်သံကြားပေါ်က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒီကျူးကျော်စစ်ဟာ ဗလာဒီမီယာ ပူတင်ရဲ့ အကျဉ်းတန်ပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်၊ ရှုံးနိမ့်မှုန့ အဆုံးသတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်း ထောက်လှမ်းရေး ဌာနချုပ်ဆီကနေ မီးခိုးလုံးတွေ တက်လာ

ယူကရိန်းမြို့တော် ကိယဗ်မြို့လယ်မှာ ရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေး ဌာနချုပ် ရုံးရှိရာဆီကနေ မီးခိုးလုံးတွေ တက်လာနေတာကို တွေ့ရတဲ့ အကြောင်း မျက်မြင်သက်သေတချို့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားက ကျူးကျော်တိုက်ခိုက်မှုတွေ စပြီးနောက်မှာ ယူကရိန်းနဲ့ စစ်ဌာနချုပ် စခန်းတချို့ ရုရှား ဘက်က ဒုံးကျည်တွေ ဒီမနက် ထိမှန်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်လို့ နောက်ထပ်သိရသမျှကို ထပ်မံ ဖော်ပြပါမယ်။

လိုအပ်ရင် ဘယ်လာရုစ်လည်း ဝင်တိုက်ပေးမယ်လို့ လူကာရှန်ကို ပြော

ဘယ်လာရုစ် ခေါင်းဆောင် အလက်ဇန်းဒါး လူကာ ရှန်ကို အခု ရုရှားက ယူကရိန်းကို ကျူးကျော်နေတဲ့ စစ်ပွဲအတွင်း ဘယ်လာရုစ် တပ်တွေ မပါကြောင်း၊ လိုအပ်ရင်တော့ ဝင်တိုက်ပေးနိုင်ကြောင်း ပြောလိုက်ပါတယ်။

ဘယ်လာရုစ် ထဲမှာ စစ်ရေး လေ့ကျင့်ဖို့ဆို အကြောင်းပြပြီး မော်စကိုက တပ်ဖွဲ့အများအပြား ချထားခဲ့တာ သီတင်းပတ် အနည်းငယ် ရှိနေပြီ ဖြစ်ပြီး ဒီနေ့ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့နောက်မှာလည်း အဲဒီဘက်ကနေ ရုရှား စစ်ယာဥ်တန်းတွေ ယူကရိန်းထဲကို ဝင်ရောက်ခဲ့ကြပါတယ်။

လူကာရှန်ကိုက သူတို့ တပ်တွေမပါဝင်တဲ့အကြောင်း ထပ်ပြောခဲ့ပြီး တကယ်လို့ လိုအပ်လာရင်၊ ဘယ်လာရုစ်အတွက်ရော ရုရှား အတွက်ပါ လိုအပ်လာခဲ့ရင်တော့ ဝင်တိုက်မှ ဖြစ်ကြောင်း သူတို့နိုင်ငံပိုင် သတင်းဌာန Belta မှာ ဖော်ပြထားပါတယ်။

ဘယ်လာရုစ်ဟာ ရုရှားရဲ့ ကာလရှည် မဟာမိတ်ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ ရုရှား သြဇာခံ နိုင်ငံငယ် တခုအဖြစ် သတ်မှတ်ကြပါတယ်။

စိတ်ပျက်သလို သိပ်ရှက်တယ်လို့ ရုရှားနိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်ပြော

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ရုရှား သတင်းစာ ဆရာ ဒီမီထရီ မူရာတော့ဗ်က သူနဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေအတွက် ဝမ်းနည်းမိကြောင်း ပြောလိုက်ပါတယ်။

နိုဗာယာ သတင်းစာရဲ့ စာတည်းမှူးက စိတ်ပျက်ဝမ်းနည်းမိသလို ရှက်လည် ရှက်တယ်လို့ ပြောပါတယ်။ သူက ပူတင်ဟာ နျူကလီးယား ခလုတ်ကို တန်ဘိုးကြီး ကားတစင်းရဲ့ သော့ရထားသလို သဘောထားနေတယ်၊ နောက်ဆို နျူကလီးယားနဲ့များ တိုက်ခိုက်လာတော့မလားလို့ ပြောလိုက်ပါတယ်။ ဗလာဒီမီယာ ပူတင်ရဲ့ ဒဏ်ခတ်ခြင်း လက်နက်ဆိုတဲ့ စကားကို အဓိပ္ပါယ် ဖော်ဖို့ စကားလုံး ရှာမရကြောင်း ပြောပါတယ်။

အစိုးရိမ်ဆုံးတွေ ဖြစ်လာနေပြီလို့ ဗြိတိသျှဝန်ကြီးချုပ်ပြော

ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က ဒီနေ့ မနက် ဂရင်းနစ် စံတော်ချိန် ၄ နာရီ ယူကရိန်း သမ္မတ ဗလာဒီမီယာ ဇယ်လင်းစကီးကို ဆက်သွယ်ပြီး ယူကရိန်းကို ထောက်ခံအားပေးသွားမယ့် အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သူက အစိုးရိမ်ဆုံးကိစ္စတွေ ဖြစ်လာနေပြီ ရုရှားက ကျူးကျော်မယ်ဆိုတဲ့ သတိပေးချက်တွေ အားလုံးဟာ စိတ်မကောင်းစရာ အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ ပြောပါတယ်။ ရုရှား သမ္မတ ပူတင်ဟာ ရန်စမရှိ၊ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ရန်မလိုတဲ့ နိုင်ငံတနိုင်ငံကို ကျူးကျော်တိုက်ခိုက်တာ ဖြစ်တယ်၊ ဥရောပတိုက်မှာ စစ်မျက်နှာ ဖွင့်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပြစ်မရှိတဲ့ အရပ်သား ပြည်သူတွေအပေါ် ဗုံးမိုးရွာနေတယ်၊ ကုန်း၊ ရေ၊ လေ လမ်းကြောင်းစုံ သုံးပြီး ကျူးကျော်စစ်ဆင်နေတယ် လို့ ပြောပါတယ်။

ဒါ့အပြင် ယူကေဟာ ယူကရိန်းကာကွယ်ရေးအတွက် အစောဆုံး ကူညီခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့လည်း ဗြိတိသျှ ဝန်ကြီးချုပ်က ပြောပါတယ်။

တခြားမဟာမိတ်နိုင်ငံတွေကလည်း ယူကေအတိုင်း လိုက်ပြီးကူညီခဲ့ကြကြောင်း၊ နောက်လာမယ့် ရက်ပိုင်းတွေ အတွင်းမှာလည်း လိုအပ်သမျှကို ပိုမိုကူညီပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီနေ့ပဲ မဟာမိတ်နိုင်ငံတွေနဲ့ ရုရှားစီးပွားရေးကို ယိုင်နဲ့သွားစေမယ့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ သဘောတူညီမှု ရယူမှာ ဖြစ်တယ်၊ ပူတင်အနေနဲ့ ဥရောပကို ချုပ်ကိုင်မှု ယူနိုင်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကို ရုရှားဆီက အားထားနေရတာကို အဆုံးသတ်ဖို့ အားလုံး ညီညီညွတ်ညွတ် လုပ်ရမယ်လို့ ပြောပါတယ်။

ပူတင်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆောင်ကျင်းလာသူ ဖြစ်တယ်လို့ ယူကေ ဝန်ကြီးချုပ်ဆို

ယူကေ ဝန်ကြီးချုပ်က ရုရှားရဲ့ ကျူးကျော်စစ်ဟာ ပူတင်ရဲ့ အကျဉ်းတန်ပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်၊ ရှုံးနိမ့်မှုနဲ့ အဆုံးသတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ပူတင်ဟာ ယူကရိန်းကို ရက်စက်ကြမ်းကြုတ်မှု ဒီရေလှိုင်းနဲ့ တိုက်ချပစ်လိုက်တာလို့ ဆိုပါတယ်။

ဆက်လက်ပြီး ရုရှား လူမျိုးတွေကိုလည်း တိုက်ရိုက်ရည်ညွှန်းပြီး ဒီလုပ်ရပ်ဟာ ရုရှားနိုင်ငံသားတွေအတွက် လုပ်တာလို့ သူမယူဆသလို ဘယ် ရုရှားလူမျိုးမှလည်း သူတို့နိုင်ငံ အပစ်ပယ်ခံရတာကို မြင်ချင်ကြမှာ မဟုတ်ကြောင်း ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေကိုတော့ သူတို့နဲ့ အတူရှိနေမယ်၊ ဆုမွန်ကောင်းတွေလည်း တောင်းပေးနေတယ်လို့ ပြောပါတယ်။

တချိန်မှာ ယူကရိန်းရဲ့ လွတ်လပ်မှု မီးရှူးတန်ဆောင်ဟာ ပြန်လည် တောက်ပ ထိန်ငြီးလာမှာ ဖြစ်တယ်၊ ယူကရိန်း နိုင်ငံသားတွေရဲ့ ရင်တွင်း ဆန္ဒ အမျိုးသားစိတ်တွေကို ရုရှား အာဏာရှင်က ချိုးနှိမ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရုရှားက ယူကရိန်းကို မတရား ကျူးကျော်တိုက်ခိုက်တာလို့ နေတိုး ပြစ်တင် ရှုတ်ချ

နေတိုးအဖွဲ့က ရုရှားရဲ့ ယူကရိန်းအပေါ် ထိတ်လန့်ဖွယ်ကျူးကျော်မှုဟာ ရန်စမခံရဘဲ မတရားကျူးကျော်တိုက်ခိုက်တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ ရှုတ်ချခဲ့ပါတယ်။

အမေရိကန်၊ ယူကေနဲ့ ဥရောပနိုင်ငံအများအပြား ပါဝင်တဲ့ ကာကွယ်ရေး မဟာမိတ် အဖွဲ့က ဘယ်လာရုစ်ကိုလည်း ဒီ ကျူးကျော်မှု အတွက် ကြံရာပါအဖြစ် ရှုတ်ချခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ တရားဥပဒေတွေနဲ့ ကုလသမဂ္ဂ ပဋိညာဥ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်သလို လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံကို ရန်လိုကျူးကျော်တဲ့ အပြုအမူဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ လုပ်ရပ်ဟာ ဥရောပနဲ့ အတ္တလန်တိတ် လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်လာတာ ဖြစ်တယ်၊ ပထဝီ-မဟာဗျူဟာအပိုင်းမှာ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ နောက်ပြီး နေတိုး အဖွဲ့အနေနဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေး အတွက် လိုအပ်သမျှ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ယူကရိန်း လေပိုင်နက်ကို လေကြောင်းလိုင်းတွေ တိမ်းရှောင် ပျံသန်း

ဥရောပ လေကြောင်း အာဏာပိုင်တွေ ထုတ်ပြန်လာတဲ့ ပုံအရ ရုရှားက ကျူးကျော်စစ် ဆင်နွှဲလာပြီး နောက်မှာ လေကြောင်းလိုင်းတွေဟာ ယူကရိန်း လေပိုင်နက်ကို ကွင်းရှောင်ပျံသန်းနေကြတာကို တွေ့ရပါတယ်။

ယူကရိန်းကလည်း ရုရှားက စတင် တိုက်ခိုက်လာချိန်နောက်ပိုင်း သူတို့ လေပိုင်နက်ကို အရပ်ဘက် လေကြောင်းလိုင်းတွေ မပျံသန်းဖို့ အစောပိုင်းကတည်းက ပိတ်ပင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဥရောပမှာ ရုတ်တရက် ကပ်ဆိုက်တာလို့ ယူကေဝန်ကြီးချုပ်ပြော

ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်လာတာဟာ ဥရောပတိုက်မှာ ရုတ်တရက် ကပ်ဆိုက်လာသလိုပဲ ဖြစ်ကြောင်း ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က တွစ်တာပေါ်မှာ ပြောလိုက်ပါတယ်။

သူက ဒီနေ့မနက်ပိုင်းမှာ တိုင်းပြည်ကို ကြေညာချက်တခု ပြောသွားမှာ ဖြစ်ကြောင်းနဲ့ စက်မှု အင်အားကြီး ၇ နိုင်ငံ G7 ရဲ့ ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးဖို့ ရှိကြောင်း ပြောထားပါတယ်။

ယူကေ နိုင်ငံခြားရေး ဝန်ကြီးက ရုရှားသံအမတ်ကို ဆင့်ခေါ်

ယူကေနိုင်ငံခြားရေး ဝန်ကြီးက လဇ် ထရပ်စ်က ယူကေဆိုင်ရာ ရုရှားသံအမတ်ကြီးကို ရုရှားရဲ့ ယူကရိန်းအပေါ် တရားမဝင် ကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရှင်းပြချက် ပေးဖို့ ဆင့်ခေါ် တောင်းဆို ခဲ့ပါတယ်။

သူ့ရဲ့ တွစ်တာပေါ်မှာလည်း ရုရှားကို ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ဖို့နဲ့ တခြား နိုင်ငံတွေကိုလည်း ယူကရိန်း ထောက်ပံ့ကူညီဖို့ လှုံ့ဆော်ပေးသွားမယ်လို့ ပြောထားပါတယ်။

ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်ကလည်း ဒီနေ့ အနှောင်းပိုင်းမှာ ရုရှားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကြေညာဖို့ ရှိပြီး ရုပ်မြင်သံကြားပေါ်ကနေလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

မော်စကိုမြို့ခံတွေ အံ့သြ စိတ်ရှုပ်ထွေးကုန်ကြ

ဒီနေ့မနက်ပိုင်း မော်စကို မြို့ခံတွေရဲ့ စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုရင် အံ့သြမှု၊ စိုးရိမ်မှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေသာ ရှိတယ်လို့ ဆိုရမှာ ဖြစ်တယ်လို့ မော်စကိုက ဘီဘီစီသတင်းထောက် ဆာဂေ ဂေါ်ယရှ်ကို က ပြောပါတယ်။

ယူကရိန်းကို စကျူးကျော်ပြီ ဆိုတဲ့သတင်း ထွက်လာတာနဲ့ မော်စကို မြို့ခံတွေ အကြား မက်ဆေ့ချ်တွေ ပို့ကြ၊ အစားအသောက်တွေ စုကြမလား၊ အမေရိကန် ဒေါ်လာတွေစုကြမလား ဘာလုပ်ကြမလဲ မေးကြနဲ့ ဖြစ်ကုန်ပါတယ်။

နောက်တခုက မော်စကို စတော့ခ် ရှယ်ယာ စျေးကွက် ရပ်ဆိုင်းသွားပြီးနောက် ရူဘဲလ်ငွေ ဘာဖြစ်လာမလဲ ဆိုတာ သိချင်နေကြပါတယ်။ ဘဏ် တွေနဲ့ ငွေလဲ ငွေထုတ်တဲ့ နေရာတွေမှာ လူတန်းရှည်ကြီးတွေ ဖြစ်လာပြီး ရဲတွေတောင် ပိုတိုးချထားရပါတယ်။

ယူကရိန်းကို တိုက်မှာကို ဆန့်ကျင်ကြသူတွေကလည်း ဒီနေ့ ညနေပိုင်း မော်စကိုမှာ ချီတက်ဆန္ဒပြကြဖို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။

မကျူးကျော်ခင်က ကောက်ယူထားတဲ့ ဆန္ဒသဘောထား စစ်တမ်းတွေမှာတော့ ထက်ဝက်လောက်က ယူကရိန်းနဲ့ စစ်ဖြစ်လာမယ်လို့ မထင်ခဲ့ကြတာကို တွေ့ရပါတယ်။

အများစုကတော့ အခုလို တင်းမာမှုတွေ မြင့်တက်လာနေရတာကို အနောက်အုပ်စုနဲ့ နေတိုး အဖွဲ့ကိုသာ အပြစ်ဆိုကြတာကို တွေ့ရပါတယ်။

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ထဲ ရုရှားတင့်ကားတွေရောက်နေပြီလို့ဆို

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး မြို့ကြီးဖြစ်တဲ့ နိုင်ငံအရှေ့ဖျားက ခါကိဗ် မြို့ထဲကို ရုရှားတင့်ကားတွေ ဝင်ရောက်လာပြီလို့ ယူကရိန်း အရာရှိကြီး တဦးက ပြောကြောင်း သတင်းတွေမှာ ဆိုပါတယ်။

ဒီအခြေနေတွေဟာ မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့တာလို့ ကီးယက်ဗ်က ဘီဘီစီသတင်းထောက်က သတင်းပေးပို့ပါတယ်။

ဘယ်သူ့ကိုမဆို လက်နက်ထုတ်ပေးမယ်လို့ ယူကရိန်းသမ္မတပြော

ရုရှားရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့အတွက် ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇလင်းစကီးက လက်နက်လိုချင်တဲ့သူ ဘယ်သူမဆို သူလက်နက်ထုတ်ပေးသွားမယ်လို့ ပြောကြား နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ခြင်းရဲ့ အခြေခံ အကြောင်းရင်းတချို့

ယူကရိန်းကို ရုရှားက စတင် ကျူးကျော်တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို တိုက်ခိုက်လာသလဲ နောက်ကွယ်မှာ ဘယ်လို အကြောင်းရင်းတွေများ ရှိနေနိုင်သလဲ။

ယူကရိန်း ဟာ အရှေ့ဥရောပမှာ တည်ရှိပြီး ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဥရောပမှာ ဒုတိယ အကျယ်ဆုံး တိုင်းပြည်တခု ဖြစ်ပြီး အခု ကျူးကျော်လာတဲ့ ရုရှားကတော့ ကမ္ဘာပေါ်မှာ နယ်ပယ်အကျယ်ဆုံး တိုင်းပြည် ဖြစ်ပါတယ်။

ယူကရိန်း လူဦးရေက ၄၄ သန်း ဝန်းကျင် ရှိကာ ရုရှားကတော့ သန်း ၁၀၀ လောက်ပိုများပြီး ၁၄၄ သန်း ရှိပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းကို လက်နက်ဖြုတ်သိမ်းပစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇယ်လင်းစကီးကတော့ သူ့တိုင်းပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ဖို့ ရည်ရွယ်ထားတယ်၊ သူတို့ နိုင်ငံဟာ အင်အား တောင့်တင်းပါတယ်။ ဘာလာလာ ရင်ဆိုင်ဖို့ အသင့်ပါလို့ ပြောထားပါတယ်။

တချိန်က ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတခု ဖြစ်ခဲ့တဲ့ ယူကရိန်းဟာ ရုရှားနဲ့ လူမှုရေးအရရော ယဥ်ကျေးမှု အရပါ ဆက်နွှယ်မှုတွေ အများကြီး ရှိသလို ရုရှား ဘာသာ စကားကိုပဲ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို သုံးစွဲနေကြတာ ဖြစ်ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ၂၀၁၄ အစောပိုင်းမှာ သူတို့ လိုလားတဲ့ ယူကရိန်း သမ္မတ ဖြုတ်ချခံရပြီး နောက်ပိုင်း ယူကရိန်း နယ်မြေတချို့ကို ဖဲ့ထုတ်သွားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ယူကရိန်းကလည်း ဥရောပ သမဂ္ဂ အီးယူနဲ့ မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ နေတိုး တို့ဘက်ကို ပိုပြီး ယိမ်းလာခဲ့ပါတယ်။ ရုရှား သမ္မတ ပူတင်က ယူကရိန်းက ဒီထက်ပိုပြီး အနောက်အုပ်စုနဲ့ နီးစပ်သွားမှာကို မလိုလားပါဘဲ တားမြစ်ချင်နေတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှု ရုရှားပြည်သူတွေ စိုးရိမ်နေကြ

ရုရှားနိုင်ငံက ယူကရိန်းကို စစ်ပွဲ ဆင်နွှဲဖို့ ရှိနေတာနဲ့ ပတ်သက်လို့ မော်စကိုမြို့တော်က သာမာန် ရုရှားပြည်သူတွေအကြားမှာတော့ မယုံနိုင် ဖြစ်နေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် နောက်ဆက်တွဲ စီးပွားရေး ဆိုးကျိုးတွေ ထိခိုက်လာမှာကို စိုးရိမ်ပြီး ရုရှားပြည်သူတွေက သူတို့ စုဆောင်းငွေတွေကို အပြေးအလွှား ထုတ်နေကြရာမှာ မော်စကိုမြို့က ဘဏ်တွေ၊ ငွေထုတ်စက်တွေမှာ လူတွေ တန်းစီစောင့်ဆိုင်းနေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်း

ယူကရိန်းထဲကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်နေကြပြီ ဖြစ်ပြီး နိုင်ငံအတွင်းက မြို့ကြီးပြကြီးတွေအနီး ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက် ခံရတာတွေရှိပြီး ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။

ဘယ်နေရာတွေမှာ တိုက်ခိုက်ခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း အများအပြားတက်လာနေပါတယ်။

ယူကရိန်းက ရုရှားနဲ့ သံအဆက်အသွယ်ဖြတ်လိုက်ပြီ

ယူကရိန်းမြေထဲကို ရုရှားကျူးကျော်မှုလုပ်လာတဲ့အတွက် ယူကရိန်းက ရုရှားနဲ့ သံတမန်ဆက်သွယ်ရေး တရားဖြတ်တောက်လိုက်ပြီလို့ သမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားစတော့ခ် ရှယ်ယာစျေးတွေ ထိုးကျ

ယူကရိန်းနိုင်ငံကို ရုရှားက တိုက်ခိုက်ခဲ့အပြီးမှာ ရုရှားစတော့ခ် ရှယ်ယာစျေးတွေ ထိုးကျသွားခဲ့ပြီး မော်စကိုရှယ်ယာ စျေးကွက်ကို ယာယီ ပိတ်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ မော်စကို စတော့ခ်ရှယ်ယာ စျေးကွက် ပြန်ဖွင့်လိုက်ပါပြီ။

ရုရှားနိုင်ငံသုံး ရူဘဲလ်ငွေဟာလည်း ဒေါ်လာစျေးနဲ့ယှဉ်ရင် စံချိန်တင် ထိုးကျသွားခဲ့ပါတယ်။

အာရှနဲ့ ဥရောပမှာလည်း စတော့ခ်ရှယ်ယာ စျေးတွေ ကျဆင်းသွားပါတယ်။ ဂျပန် နစ်ကေးညွှန်းကိန်းဟာ စျေးပိတ်ချိန်မှာ ၂ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့ပါတယ်။

လန်ဒန် စတော့ခ်ရှယ်ယာစျေးကွက် ဖွင့်ခါစမှာ FTSE ၁၀၀ ညွှန်းကိန်းဟာလည်း ၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

ရေနံစျေးတွေဟာလည်း ၇နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်ကို ဒေါ်လာ တစ်ရာကျော် အထိ တက်သွားခဲ့ပါတယ်။

ရုရှားက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်လိုက်ပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့သွားချိန်မှာပဲ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ပိုင်ဆိုင်မှု အရင်းအနှီး ငွေကြေးတွေကို စိတ်ချရတဲ့ နေရာတွေမှာ ပြောင်းရွှေ့ ထားခဲ့ကြတဲ့အတွက် ရွှေစျေးတွေ ထိုးတက်သွားခဲ့ပါတယ်။

အမေရိကန် ဒေါ်လာနဲ့ ဂျပန်ယန်းငွေတွေကတော့ ပိုခိုင်မာလာခဲ့ပါတယ်။

ယူကရိန်းထဲမှာ အရပ်ဘက် လေယာဥ်ခရီးစဥ်တွေအားလုံး ရပ်ဆိုင်း

ယူကရိန်း ပြည်တွင်းလေကြောင်း အာဏာပိုင်တွေက ရုရှားရဲ့ တိုက်ခိုက်လာမှုကြောင့် ယူကရိန်း ဝေဟင်ကို အသုံးမပြုဖို့ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ကိယက်ဗ် စံတော်ချိန် မနက် ၀၂ : ၄၅ နာရီ ဂရင်းနစ် စံတော်ချိန် ၀၀: ၄၅ နာရီ နောက်ပိုင်းကစပြီး ပြည်တွင်းက အရပ်ဘက် လေကြောင်းခရီးသွားလာမှုတွေမှာ အန္တရာယ် ကြီးကြီးမားမား ရှိနိုင်လို့ဆိုပြီး ပိတ်ထားတာ ဖြစ်ပါတယ်။

နောက်ပြီး တခြား အရပ်ဘက် လေကြောင်းတွေကိုလည်း ယူကရိန်းဝေဟင်ကို အသုံးမပြုဖို့ လေကြောင်း ခရီးဆိုင်ရာ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားကြောင်း ကြေညာထားပါတယ်။

ဥရောပ အတွင်း နေရာအတော်များများကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေထဲက တခုဖြစ်တဲ့ Ryanair လေကြောင်းလိုင်းကလည်း ယူကရိန်း ခရီးစဥ်တွေကို အနည်းဆုံး ၁၄ ရက် ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာထားပါတယ်။

ရုရှားလေကြောင်းတိုက်ခိုက်မှုကို ပြန်တွန်းလှန်နေပြီလို့ ယူကရိန်းစစ်တပ်ပြော

ယူကရိန်းနိုင်ငံအရှေ့ပိုင်း စစ်ဘက်ဆိုင်ရာနေရာတွေကို ရုရှားစစ်တပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ပြန်လည်တွန်းလှန်နေတယ်ဆိုပြီး ယူကရိန်းစစ်တပ်က သတင်းထုတ်ပြန်လာပါတယ်။

ဒါ့ပြင် ရုရှားလေယာဉ် ၅ စင်းနဲ့ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချခဲ့ပြီးပြီလို့ ပြောသလို ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေကို ယုံကြည်ပြီး တည်တည်ငြိမ်ငြိမ် နေထိုင်ကြဖို့လည်း ပြောထားပါတယ်။

ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်အနီးက Boryspil လေဆိပ်နဲ့ တခြားလေဆိပ်တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုလုပ်ထားတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရုရှားက နိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့ Odesa မှာ လေထီးတပ်သားတွေ ချထားတယ်ဆိုတဲ့သတင်းတွေကိုတော့ ယူကရိန်းစစ်တပ်က ငြင်းဆိုပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားဟာ ယူကရိန်းအပေါ် အပြည့်အဝကျူးကျော်မှု စတင်နေပြီဖြစ်လို့ ယူကရိန်းဟာ ခုခံသွားမှာဖြစ်တယ်လို့ အစောပိုင်းကပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ရုရှားဘက်က ပြောဆိုမှု

ယူကရိန်းနိုင်ငံထဲက စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေ၊ လေကြောင်းကာကွယ်ရေးနဲ့ လေတပ်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးကလည်း ပြောထားပါတယ်။

ပစ်မှတ်ကို အတိအကျပစ်ခတ်နိုင်တဲ့လက်နက်တွေနဲ့ တိုက်ခိုက်တာလို့ ဝန်ကြီးကပြောတယ်လို့လည်း ရုရှားနိုင်ငံပိုင် RIA သတင်းအေဂျင်စီက သတင်းဖော်ပြပါတယ်။

ယူကရိန်းမြို့တွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာကိုတော့ ရုရှားဘက်က ငြင်းဆိုထားပါတယ်။

ရုရှားယိမ်း ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေအနီးက Kramatorsk လို နိုင်ငံအရှေ့ပိုင်းက မြို့တွေမှာလည်း ပေါက်ကွဲမှုဖြစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေဟာ အချိန်အတိုင်းအတာတစ်ခုအတွင်း ရှောင်လွှဲမရဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောခဲ့ပြီး မကြာခင်မှာပဲ ရုရှားဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြို့တော်ကိယက်ဗ်က အခြေအနေ

တစ်ချိန်တည်းမှာပဲ ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ကြာသပတေးနေ့ မနက်အစောပိုင်းမှာတော့ ကိယက်ဗ်မြို့ကနေ မြို့ခံတွေ ထွက်ခွါဖို့ ပြင်ဆင်နေလို့ လမ်းပေါ်မှာ ကားတွေနဲ့ပြည့်ကျပ်နေပါတယ်။

ဒေသခံတွေကတော့ ပေါက်ကွဲမှုတွေကြောင့် ဗုံးခိုကျင်းတွေထဲနဲ့ မြေအောက်ခန်းတွေထဲကို ပြေးဝင်နေခဲ့ကြရတယ်လို့ပြောရင်း ကြောက်ရွံထိတ်လန့်မှုတွေကြီးထွားလာနေတဲ့အကြောင်း လူမှုကွန်ယက်ပေါ် ရေးသားပြောဆိုနေကြပါတယ်။

မြို့ထဲက လမ်းပေါ်မှာ လူသွားလူလာနည်းနေပြီး ငွေထုတ်စက်တွေရှေ့ တန်းစီနေကြသူတွေလည်း ရှိနေပြီလို့ ကိယက်ဗ်မှာရှိတဲ့ ဂါးဒီးယန်းသတင်းဌာနသတင်းထောက်က လူမှုကွန်ယက်ပေါ် ရေးတင်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားရဲ့အခုလို တိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုတုံ့ပြန်ဖို့ လိုအပ်တယ်ဆိုတာကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ထုတ်ပြောလာပါတယ်။

ဥရောပတိုက်နဲ့ ကမ္ဘာ့အနာဂတ်အတွက် ကမ္ဘာ့အသိုင်းအဝိုင်းဟာ မြန်မြန်အရေးတယူလုပ်ဆောင်ဖို့ လိုအပ်ပြီလို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ စကားပြောဆိုပြီးဖြစ်သလို စက်မှုထိပ်သီးနိုင်ငံ ၇ နိုင်ငံ(G7)ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆိုပြီး အမေရိကန်နဲ့ မဟာမိတ်တွေဟာ ရုရှားအပေါ် ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှမယ်လို့ ပြောထားပါတယ်။

ဒါ့ပြင် ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းကို အကူအညီအထောက်အပံ့တွေ ဆက်ပြီးပေးမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ဆိုပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းက ဒန်ဘတ်စ် ဒေသမှာရှိတဲ့ Kramatorsk ကနေ သတင်းပေးဖို့နေတဲ့ ဘီဘီစီသတင်းထောက်ကတော့ ဒေသခံတွေဟာ ဘာဖြစ်လာနိုင်တယ်ဆိုတာကို တွေးပြီး ထိတ်လန့်ကြောက်ရွံ့နေကြသလို အဲဒီဒေသက အခြေအနေဟာလည်း ကွဲကွဲပြားပြားမသိရှိနိုင်တဲ့အခြေဆိုက်နေတယ်လို့ ပြောပါတယ်။

''မနေ့ညတုန်းကတော့ မြို့ထဲက လူတွေအားလုံးက လမ်းပေါ်တက်ပြီး ယူကရိန်းအလံကို လွှင့်နေကြတယ်။ ဒီမြေဟာ သူတို့မြေလို့လည်း ကြွေးကြော်နေကြတယ်။ သူတို့ ဘယ်မှ မသွားကြသေးဘူး။ အခုလက်ရှိအခြေအနေဟာ ဒီကဒေသခံတွေ မျှော်လင့် စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်ပေမဲ့ ဒီလိုတကယ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မယုံကြည်နိုင်ဖြစ်နေကြတယ်'' လို့ ဘီဘီစီသတင်းထောက်က ပြောထားပါတယ်။