ဥရောပတလွှားမှာ အိုမီခရွန်ပျံ့နှံ့မှုကြောင့် ကန့်သတ်စည်းမျဉ်းတွေ ပြန်ချမှတ်နေရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဥရောပနိုင်ငံတွေမှာ အိုမီခရွန်မျိုးကွဲ ကိုဗစ်ဗိုင်းရပ်စ် ပျံ့နှံ့တာတွေ ဆက်ဖြစ်နေတာကြောင့် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကိုဗစ်ကန့်သတ်စည်းမျဉ်းတွေကို ပြန်ချမှတ်နေရပါတယ်။
ဒီလိုချမှတ်နေတဲ့နိုင်ငံတွေထဲ ဂျာမနီနဲ့ ပေါ်တူဂီနိုင်ငံတို့လည်း ပါဝင်လာပြီး ခရစ်စမတ် ချိန်ခါ နောက်ပိုင်းကစပြီး လိုက်နာရမယ့် ကန့်သတ်ချက်တွေ၊ လူချင်းခပ်ခွာခွာနေရမယ့် စည်းမျဉ်းတွေကို ကြေညာနေပါတယ်။ .
ဥရောပနိုင်ငံတွေမှာ ကိုဗစ်လူနာသစ်တွေထဲ အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်တဲ့ လူနာတွေက လွှမ်းမိုးနေပြီး ကူးစက်မှုနှုန်း မြန်နေတာကြောင့် "ကျန်းမာရေး စနစ်ပြိုလဲသွားမှာကို စိုးရိမ် ရတယ်"လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိပ်တန်းအရာရှိတွေကလည်း ဥရောပကို သတိပေးနေတာပါ။
ဂျာမနီက ဒီဇင်ဘာ ၂၈ ရက်က စပြီး လူ ၁၀ ယောက်ထက် ပိုပြီး မစုဆုံရတဲ့ စည်းမျဉ်းကို ပြန်ချမှတ်ပါပြီ။ အဲဒီရက်က စပြီး နိုက်ကလပ်တွေကို ပိတ်တော့မှာဖြစ်သလို ဘောလုံးပွဲတွေ ကိုလည်း ပရိသတ်မပါဘဲ ကျင်းပပါလိမ့်မယ်။
ဂျာမနီဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်က"ကိုရိုနာဗိုင်းရပ်စ်က ခရစ်စမတ်မှာ အားလပ်ရက် မယူဘူး"လို့ အင်္ဂါနေ့တုန်းက ပြောပါတယ်။
"ကျန်ုပ်တို့အနေနဲ့ နောက်တကြိမ်လှိုင်းလာနေတာကို မျက်စိပိတ်ထားလို့ မရဘူး"လို့လည်း သူက ပြောပါတယ်။
ပေါ်တူဂီမှာလည်း ဒီဇင်ဘာ ၂၆ ကစပြီး ဘားတွေ၊ နိုက်ကလပ်တွေကို ပိတ်ဖို့အမိန့်ထုတ် ထားပြီး ဖြစ်သလို၊ အဲဒီရက်ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ အလုပ်တွေကို အိမ်ကနေပဲ အလုပ် လုပ်ကြဖို့ ညွှန်ကြား ထားပါတယ်။ ပြင်ပစုဝေးမှုတွေမှာလည်း လူ ၁၀ ယောက်ထက် မကျော် ရတဲ့ စည်းမျဉ်းကို ချမှတ်လိုက်ပါတယ်။
ဖင်လန်က ဘားတွေ၊ စားသောက်ဆိုင်တွေကတော့ ခရစ်စမတ်နေ့မတိုင်မီ ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီကစလို့ ပိတ်ရမှာပါ။ ဒီဇင်ဘာ ၂၈ နောက်ပိုင်း သီတင်းပတ် ၃ ပတ် ကာလမှာတော့ စားသောက်ဆိုင်တွေအနေနဲ့ ဧည့်သည်တွေထိုင်တဲ့နေရာတွေကို ချဲထားကာ လူဦးရေ အကန့် အသတ်လုပ်ရမှာဖြစ်သလို ညနေ ၆ နာရီဆိုရင် ပိတ်ဖို့ ညွှန်ကြားထားပါတယ်။ နိုင်ငံတွင်းကို လာမယ့် ဧည့်သည်တွေအနေနဲ့လည်း ကိုဗစ်မရှိကြောင်း ဆေးစစ်ချက်ကို ပြသဖို့လိုပါတယ်။
ဗြိတိန်မှာတော့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ခရစ်စမတ် မတိုင်ခင်တော့ အင်္ဂလန် အတွင်း ကိုဗစ် စည်းမျဉ်းအသစ်တွေ မချမှတ်ဘူးလို့ ပြောထားပေမယ့် စကော့တလန်၊ ဝေလနဲ့ မြောက်ပိုင်းအိုင်ယာလန် တွေမှာတော့ လူတွေစုဆုံတဲ့နေရာမှာ လိုက်နာရမယ့် အရေအတွက် ကန့်သတ်ချက်နဲ့ စည်းမျဉ်းတွေကို အသီးသီး ချမှတ်ထားပါပြီ။
ဆွီဒင်မှာ ဘားတွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေဆိုင်ရာ စည်းမျဉ်းတွေ ချမှတ် ထားသလို နယ်သာလန်မှာတော့ ပိုတင်းကျပ်ထားကာ လော့ခ်ဒေါင်းချမှတ်တာကို တနင်းလာ နေ့ကတည်းက စတင်လုပ်ထားပါတယ်။
ဥရောပမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၈၉ သန်းကျော်ရှိခဲ့ပြီး လူပေါင်း ၁ သန်းခွဲလောက် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ဥရောပသမဂ္ဂက နောက်ဆုံးစာရင်းဇယားတွေအရ သိရပါတယ်။

အိုမီခရွန်မျိုးကွဲကို အာဖရိကတောင်ပိုင်းမှာ ပြီးခဲ့တဲ့လအတွင်းက စတင်တွေ့ရှိခဲ့ရပေမယ့် အခုအချိန်မှာတော့ ကမ္ဘာတလွှားကို ပျံ့နှံ့နေတာတွေ့ရပါတယ်။ ကမ္ဘာအနှံ့က ရရှိထားတဲ့ အချက်အလက်တွေအရ သူဟာ ကူးစက်ပျံ့နှံ့မှုပိုမြန်တယ်လို့ သိထားရပေမယ့် ရောဂါပို ပြင်းထန်တယ်ဆိုတဲ့အထောက်အထားတော့ မတွေ့ရသေးပါဘူး။
ရုရှားနဲ့ တူရကီကိုပါထည့်သွင်းထားတဲ့ ဥရောပဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဥရောပတိုက်ထဲမှာ နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အိုမီခရွန်မျိုးကွဲတွေ့ရှိထားတဲ့ နိုင်ငံပေါင်း ၃၈ နိုင်ငံရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ တက်ဒရို့စ် ဆန်ဒါနွန် ဂက်ဘရီရီးဆပ်စ် ကလည်း "ပွဲတွေကို ဖျက်ပစ်တာက အသက်တွေကို ဖျက်ပစ်တာထက်စာရင် ပိုကောင်း ပါတယ်"လို့ အိုမီ ခရွန်နဲ့ ပတ်သက်ပြီး ကမ္ဘာတလွှားကို သတိပြုစရာအဖြစ် အကြံပေးထားပါတယ်။








