အမေရိကန်မှာ အလုပ်အကိုင်တွေ တိုးလာပြီး လုပ်အားခတွေလည်း မြင့်လာ

နယူးယောက်က စားသောက်ဆိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

အမေရိကန် စီးပွားရေး နာလန်ထမှုအားကောင်းလာတာကြောင့် အောက်တိုဘာလအတွင်းမှာ စီးပွားရေး လုပ်ငန်းတွေက အရင်က မှန်းထားတာထက် ပိုပြီး ဝန်ထမ်းတွေ ခေါ်ယူခန့်ထားနိုင်ခဲ့ပါတယ်။

တရားဝင် ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကုမ္ပဏီတွေက ခေါ်ယူခန့်ထားခဲ့သူပေါင်း ၅၃၁,၀၀၀ ရှိတာကြောင့် အလုပ်လက်မဲ့နှုန်းကလည်း ၄.၆ ရာခိုင်နှုန်းအထိ သိသိသာသာ ကျသွားခဲ့ပါတယ်။

စက်တင်ဘာလအတွင်းကလည်း အလုပ်အကိုင် ရရှိမှုဦးရေမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။

ပျမ်းမျှ ဝင်ငွေလည်း ၅ ရာခိုင်နှုန်းနီးပါး တက်လာပြီး ဒါဟာ နှစ်စဥ်ငွေကြေး ဖောင်းပွမှုနှုန်း ၄.၅ ရာခိုင်နှုန်း နီးပါးကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအတွင်းက ဒဲလ်တာ ဗီဇကွဲပိုးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေတာအပြင် တချို့ လုပ်ငန်းခွင်တွေမှာ လုပ်သားတွေက လုပ်ငန်းခွင်ပြန်ဝင်ဖို့ တုံ့နှေးနေမှုတွေလည်း ရှိခဲ့တာကြောင့် အလုပ်အကိုင် ခေါ်ယူမှုတွေ ကျဆင်းခဲ့ရပါတယ်။

စက်တင်ဘာလအတွင်းက အချက်အလက်တွေကို ပြန်လှန်သုံးသပ်ရာမှာလည်း အလုပ်အကိုင်သစ် များစွာကို ဖော်ဆောင်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကနဦးက အလုပ်အကိုင်သစ် ၁၉၇,၀၀၀ ပဲ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တန်းမှာ ၃၁၂,၀၀၀ ရှိတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ အလုပ်အကိုင်သစ် ဖော်ဆောင်နိုင်မှုအပိုင်းမှာ ၂ လဆက်တိုက် အတက်ပြခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်ရဲ့ ပထမ ၆ လပိုင်းနဲ့ စာရင်တော့ အလုပ်အကိုင် ရရှိမှု နှုန်းထားတွေနဲ့ နှိုင်းယှဥ်ရင်တော့ နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကပ်ရောဂါ ကူးစက်မှုတွေ မဖြစ်ခင် ကာလကနဲ့နှိုင်းစာရင် အလုပ်အကိုင် လက်ဝယ်ရှိသူ ဦးရေ ၅ သန်းနည်းနေဆဲဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ် ကာကွယ်ဆေး ခရီးသွား