ရေငုပ်သင်္ဘောတိုက်မိခဲ့တဲ့ အရာရှိတချို့ကို အမေရိကန် ရေတပ် ထုတ်ပယ်လိုက်

USS Connecticut ၂၀၁၆ ခုနှစ် ဆိပ်ကမ်းမှာ ထွက်ခွာစဥ်တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, USS Connecticut ၂၀၁၆ ခုနှစ် ဆိပ်ကမ်းမှာ ထွက်ခွာစဥ်တွေ့ရပုံ
ရေးသားခဲ့သည်။

အမေရိကန်ရေတပ်က ရေအောက်တောင် တခုနဲ့တိုက်မိခဲ့တဲ့ နျူကလီးယား ရေငုပ်သင်္ဘောက အမှုထမ်း ၃ ယောက်ကို ထုတ်ပယ်လိုက်ပါတယ်။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့အပြီးမှာ ရေယာဥ်မှူး Cameron Aljilani နဲ့ ကျန် ၂ ဦးကို အနားပေးလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက အမေရိကန်ရေတပ်ရဲ့ ရေငုပ်သင်္ဘော USS Connecticut ဟာ ရေအောက်တောင်နဲ့ တိုက်မိခဲ့တာ ဖြစ်ပြီး ရေမျက်နှာပြင်ပေါ် သီတင်းတပတ်ကြာ တက်လာခဲ့ရပါတယ်။ အဲဒီနောက်မှာ အမေရိကန် ပိုင်နက် ဂူအမ်ကျွန်းကို မှောင်းနှင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို မတိုက်မိစေဖို့ ရေယာဥ်အမှုထမ်းတွေအနေနဲ့ ရှောင်မယ်ဆို ဖြစ်နိုင်ခဲ့ပါတယ်လို့ ရေတပ်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန် ရေတပ်က သူတို့ရဲ့ ရေငုပ်သင်္ဘောတစင်းဟာ ကင်းလှည့်ရင်း ရေအောက် အမှတ်အသားထဲမှာ မပါတဲ့ တောင် တလုံးကို ဝင်တိုက်မိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတောင်မျိုးကို "seamount" လို့ခေါ်ပြီး ပင်လယ်ကြမ်းပြင်ကနေ တက်လာတဲ့ တောင်မျိုးဖြစ်ပါတယ်။

အဲဒီလို တိုက်မိတာကြောင့် ရေတပ်သား ၁၅ ယောက် ဒဏ်ရာ မပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ရေငုပ်သင်္ဘောကိုတော့ လတ်တလော ပစိဖိတ် သမုဒ္ဒရာထဲက ဂူအမ်ကျွမ်းမှာ အပျက်အစီးတွေ စစ်ဆေးနေပါတယ်။ အဲဒီနောက် ပြင်ဆင်ဖို့အတွက် ဝါရှင်တန်အထိ ဆက်မောင်းသွားမှာ ဖြစ်ပါတယ်။

အဲဒီ ဒေသ အတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အခုလို အဖြစ်အပျက်နဲ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။

USS Connecticut ဟာ ကမ္ဘာပေါ်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းအပွားဆုံး ဒေသတွေထဲက တခုမှာ တာဝန်ချထား ခံရတာ ဖြစ်ပါတယ်။ တရုတ် တောင်တရုတ်ပင်လယ် ရေပြင်ရဲ့ နယ်ပယ်အများစုကို ပိုင်ဆိုင်တယ်လို့ ပြောနေပေမယ့် ဒါကို အနီးက အိမ်နီးချင်း နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုက လက်မခံကြပါဘူး။

တရုတ်ရဲ့ သြဇာကြီးမားလာနေမှုကို တုံ့ပြန်ဖို့အတွက်လို့ ဆိုကြတဲ့ အမေရိကန်၊ ယူကေနဲ့ သြစတေးလျတို့ရဲ့ သမိုင်းဝင် အာရှ-ပစိဖိတ် ရေငုပ်သင်္ဘောနည်းပညာ ဖလှယ်ရေး လုံခြုံရေးစာချုပ် ချုပ်ဆိုအပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အခုလို တိုက်မိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဘေးကျင်းမြို့တော်က အာဏာပိုင်တွေက မကျေမနပ် ဖြစ်ခဲ့ကြပြီး ဒီရေငုပ်သင်္ဘောက ဘာလာလုပ်နေတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

နောက်ပြီး အဲဒီအဖြစ်အပျက်ကြောင့်ပဲ နျူကလီးယား ယိုစိမ့်မှုတွေ ဖြစ်လာနိုင်မှာကို စိုးရိမ်ကြောင်းလည်း ပြောကြပါတယ်။

သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ဘက်က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံ ရှင်းပြဖို့ လိုကြောင်းနဲ့ ရန်လာစနေတာတွေကို ရပ်ဖို့ပါ ပြောခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

အမေရိကန် ရေတပ်ဘက်ကတော့ USS Connecticut ဟာ ဘယ်လိုဘယ်ပုံ ပင်လယ်ရေအောက် တောင်တလုံးနဲ့ တိုက်မိခဲ့တယ်ဆိုတာကို ပြောကြားခြင်းမရှိသေးပါဘူး။

ဗြိတိသျှ တော်ဝင်ရေတပ်မှာ ရေငုပ်သင်္ဘော ကက်ပတိန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရိုင်ယန် ရမ်ဆီက ဒီလို ဖြစ်ရပ်မျိုးက ရှားတော့ သူလည်း အံ့သြမိတယ်လို့ ဆိုပါတယ်။

သူက USS Connecticut ဟာ ခေတ်မီ ရေငုပ်သင်္ဘောတစင်း ဖြစ်ပြီး ဒီလို ဝင်တိုက်မိတာ အံ့သြစရာပါပဲလို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် တချက်ကလေး ပေါ့သွားမိတာနဲ့ ဒီလို အဖြစ်မျိုးတွေကို ကြုံရတတ်ပါတယ်လို့ သူက ဆိုပါတယ်။